Thursday, December 29, 2016

ကိုကို့နှမ မြနန္ဒာ (မောင် ကိုကို နှင့် မြနန္ဒာ ၃)




ကိုကို့ နှမကတော့ည ချစ်စရာလည်း ကောင်းပါရဲ့၊ သနားစရာလည်း ကောင်းရဲ့၊ စိတ်ပျက်စရာလည်း ကောင်းရဲ့ ဟု မြနန္ဒာရဲ့ အကိုလင် သာဦးဂျော်က တွေးလေ့ရှိ၏။
မြနန္ဒာဟာ နေ့ညမခွဲ အိပ်မက် မက်တတ်သူ၊ အိပ်မက်ကို တကယ်မှတ်သူ၊ အိပ်မက်ကိုစုံမက်သူ၊ ခေါင်းမာသူလို့
ထင်သည်။ သည်လိုပြောလျှင် မြနန္ဒာက နီမြန်းလာသောမျက်နှာကို ၀ှက်လိုဟန် ခေါင်းတဘက်ငဲ့၍
နွဲ့၍  “အို….သည်လိုမြနန္ဒာမွေးလာတာ။ ဘယ်သူ့အပြစ်လဲ”
ဟု ဆိုပြန်ချေဦးမည်။


ပါပါ့ အပြစ်လား။ ပါပါကဖြင့် လူတို့ကြည်နူးစရာ အလှတရပ်အဖြစ်
မွေးလာသော သမီး မြနန္ဒာကို ဘယ်လောက်မြတ်နိုးခဲ့သလဲ။ ဘယ်လောက် ပြုစုပျိုးထောင်ခဲ့သလဲ။ ဘယ်လောက် အဖိုးတန်ကလေး ဖြစ်စေခဲ့သလဲ။ ဘယ်လောက် အထက်တန်းကျစေခဲ့သလဲ။ မင်းမျိုးမင်းနွယ်တမျှပါဘဲကွယ်။
သမီးမြနန္ဒာကို မမွေးခင်ကတည်းက အစီအစဉ်ကြီးသူ ပါပါက အားလုံးစီစဉ်ခဲ့သည်ပင်။
ထိုအစီအစဉ်ထဲတွင် သာဦးဂျော်သည် နေရာကောင်းက ပါခဲ့သည်။ နှမတစ်ဝမ်းကွဲကမွေးတာ၊ တဦးတည်းသော
သားဖြစ်တာ၊ မြနန္ဒာထက် ၆ နှစ်ခန့်ကြီးတာ၊ ရုပ်ရည်ချောမောသန့်စင်တာ၊ ပညာဉာဏ်တော်တာတွေသည်
ပါပါ့ မျက်စိကျစရာ အရည်အချင်းများ ဖြစ်လေ၏။ သမီးမိန်းကလေးမွေးသည်ဆိုသည်နှင့် ပါပါသည်
သာဦးဂျော်ကို သူ့အဖေ အမေဆီက တောင်းခဲ့သည်။


ပါပါ့ အစီအစဉ်အရ မြနန္ဒာမွေးသောနှစ်မှာပင် သာဦးဂျော် မေမြို့ကျောင်း
ပြောင်းရသည်။ ငယ်ရွယ်သေးလျက်ဖြင့် ဘောင်းဘီရှည်ဝတ်စုံ ဝတ်ရ၏။ အနောက်တိုင်းထုံးစံ ယဉ်ကျေးမှုသာ
သင်ကြားရ၏။ ရခိုင် မြန်မာစကား မပြောရတော့။ လန်ဒန်မက်ထရစ်ဖြေပြီး အင်္ဂလန်ပို့ရန် ရည်ရွယ်သေး၏။
မြနန္ဒာနှင့်အတူ ပို့မည်ထင်ရဲ့။ စစ်ဖြစ်သွားသည်နှင့် မြန်မာပြည်မှာ ဆရာဝန်ဘွဲ့ ရလိုက်၏။
ဆေးရုံကြီးမှာ နှစ်နှစ် အလုပ်လုပ်ပြီး အမေရိကန်သို့ သွားရသည်။


မြနန္ဒာ မက်ထရစ်အောင်သည့်နှစ်မှာ သူသည် ဆေးရုံကြီးတွင် နှစ်နှစ်
အလုပ်လုပ်ပြီး၊ အသက်နှစ်ဆယ်ငါးနှစ် ပြည့်ပြီး ဖြစ်သည်။ မြနန္ဒာနှင့် ယူမည့်သူမို့ အချစ်စစ်ကို
ဘယ်မှာမှ မရှာဘဲ၊ အချစ်များစွာကိုသာ ရှာခဲ့သည်။ လိပ်ပြာပမာ မွေးကြိုင်လှပသော ပန်းတွေ့ရာ၌
နားချင်သော ဝါသနာရှိတာလည်း အမှန်ပဲ။ အဖိုးတန်သမီးနှင့် လိုက်လျောရန် ကောင်းစွာ သုံးဖြုန်းနိုင်အောင်
ပါပါက ငွေပို့ထားသည်တစ်ကြောင်း၊ သူသည် ရုပ်ချောသော၊ ပညာတော်သော၊ အထက်တန်းကျကျ ဝတ်နိုင်သော
ဆရာဝန်ပေါက်စ ဖြစ်လေရာ၊ လွယ်ကူးရာ ကျောင်းသူ နာ့စ်မတို့၏ အချစ်များစွာကို ခံယူရသည်။
ကျေနပ်စရာကောင်းသော ဘဝလို့လည်း ထင်သည်။


ထိုနှစ်မှာ မြနန္ဒာနှင့် လက်ထပ်ရမလို ဖြစ်လိုက်သေး၏။ သို့သော် မြနန္ဒာက ကောလိပ်သွားချင်သေးသည်မို့ စေ့စပ်ကြောင်းလမ်းရုံပဲ ပြုရ၏။ တော်တော်ကြီးကြီးကျယ်ကျယ် လုပ်လိုက်၏။ ပါပါတို့ ပိုက်ဆံပေါလှချည်လား ထင်လိုက်၏။ မြနန္ဒာ အရွယ်ရောက်မှ လေးငါးခါသာ မြင်ဖူးခဲ့ရာ စေ့စပ်သောနေ့မှာ အလှတရပ်ကို ကောင်းစွာ သုံးသပ်ခွင့်ရလိုက်၏။
လှလိုက်တဲ့ မြနန္ဒာ။ ကိုကို့ မယားဖြစ်မယ့် မြနန္ဒာဟာ ကျေနပ်စရာပါလားကွယ်လို့
ထင်လိုက်၏။ ကြည့်စမ်း။ ပန်းနုသွေးကလေး တကိုယ်လုံးဆင်ပြီး ပုလဲ၊ နီလာ ရတနာများပြင်လို့။
ပွဲဝင်မယ့် မယားမျိုးပေါ့။ ညိုမောင်းတဲ့ ဆံပင်ကြားက ပွင့်မယ်ကြံရွယ်ဆဲ နှင်းဆီဖျော့နှင့်
မြနန္ဒာ ဘယ်သူ ပိုလှသလဲလို့တောင် စိတ်ကူးမယဉ်စဖူး ယဉ်လိုက်ချင်၏။ မြနန္ဒာကတော့ သိပ်ရှက်နေသလို
မျက်နှာ နီညိုညိုဖြင့်။ မျက်လုံးလှန်ကြည့်ဖော်မရ။ စကားပြောဖော်မရ။ ပြာလဲ့သော မျက်ခွံမို့နှင့်
မျက်တောင်ကော့များသာ မြင်ရ၏။ ထိုတညနေလုံး ဧည့်သည်များ ညစာထမင်းစားပွဲများဖြင့် အချိန်ကုန်ရ၏။
မြနန္ဒာနှင့် ပြန်ခါနီးမှ လသာဆောင်မှာ နှစ်ယောက်တည်း တွေ့ခွင့်ရလိုက်၏။ တီးမှုတ်သံ၊ စကားသံ၊
ရယ်သံတွေကြားမှာ သူပြောသမျှကို ခေါင်းငုံ့နားထောင်နေပြီး ‘ဟုတ်ကဲ့’ နှစ်လုံး သုံးလုံးသာ
မြနန္ဒာထံက ရလိုက်သည်။


စေ့စပ်ပြီး မြနန္ဒာတို့အိမ်သို့ ဝင်ထွက်ခွင့်ရှိသော်လည်း
သာဦးဂျော်၏ အချစ်များစွာတို့သည် စေ့စပ်ခြင်းသတင်းကြောင့် ဂယက်ထသည်ကို ပြေပြစ်အောင်
ပြုနေရသည်မို့ စိတ်ကူးထားသလို မကြာခဏ မဝင်ထွက်ခဲ့ရချေ။


            ပါပါ ခင်ဗျား
အမေရိကသို့ သွားရမည်ဆိုသည့်အတိုင်း
ပညာထပ်သင်ရန် ယခုက ကြိုတင်ပြင်ဆင်ရပါသည်။ နိုင်ငံခြားရောက် လျှင် မျက်နှာမငယ်အောင်
စာကျက်ရုံမက လက်တွေ့ခွဲစိတ်ရာ၌ ကျွမ်းကျင်ဖို့လည်း ဆေးရုံမှာသာ အချိန်ကုန်ရပါမည်။
စသည်ဖြင့် စာရေး၍ သူ ခွင့်တောင်းလိုက်ပြီး မြနန္ဒာတို့အိမ်မှာ ဧည်ခံကျွေးမွေးပွဲများကိုသာ သူ သုံး လေး ခါ ရောက်ရ၏။ နောက်အမေရိကသို့ ထွက်ခွာလာခဲ့သည်။ မြနန္ဒာ လိုက်ပို့သေးတာပေါ့။ သွားခါနီး ‘နန္ဒာ ဘာမှာချင်လဲ၊ ရောက်ရောက်ချင်း ဘာပို့လိုက်ရမှာလဲ’ လို့ မေးတော့ နန္ဒာနှမက ခေါင်းငုံ့ပြီး ကော့ဖြူးသော မျက်တောင်များဖြင့် မျက်လုံးကို ဖုံးအုပ်ပစ်ကာ ‘ဟင့်အင်း’ တစ်လုံးသာ တိုးတိုး ဆိုလိုက်လေသည်။

xxx


အမေရိက၌ လေးနှစ်မျှ သူ စာသင်အလုပ် လုပ်ခဲ့သည်မှာ အိမ်ထောင်ပြု၍ အနည်ထိုင်ဖို့ ပြင်ဆင်ခြင်းမျှသာ ဖြစ်သည်လို့ သူ ထင်လေသည်။ ရောက်စနှစ်၌ ပင်ပန်းလှ၏။ အမေရိကန်ဆေးရုံ၌ လုပ်ခွင့်ရရန် စာကျက်ရ၏။ စာမေးပွဲဖြေရ၏။ နေ့ နှင့် ည ခွဲခြားလို့မရအောင် လုပ်ရ၏။ စက်လို အလုပ်လုပ်ပြီး ဆေးရုံးကပေးသည့် သန့်ရှင်းစင်ကြယ်လှသော အခန်းကျဉ်းကလေး၌ အနားရသည်။ မနက်များမှာ အသေလို အိပ်မောကျရ၏။ နိုးလာပြီး တစ်ညမျှ အားသောညမှာ သူသည် ရေမိုးချိုး အဝတ်အစားလဲ၍ လမ်းထွက်သည်။ လမ်းပေါ်မှာလည်းကောင်း၊ စားသောက်ဆိုင်မှာလည်းကောင်း၊ ရုပ်ရှင်ရုံမှာလည်းကောင်း၊ ကပွဲမှာလည်းကောင်း စုံမက်ဘွယ် မိန်းမတယောက်ကို ကောက်ယူရရှိမြဲ။ အကြင်မိန်းမအားဖြင့် ပင်ပန်းသောဆေးရုံအလုပ် စာတစ်လုံး မလစ်ရ။ ကျက်မှတ်ရသည့် စာအုပ်၊ ခွဲစိတ်ခန်း၏ညှင်းပန်းခြင်းတို့မှ အနားယူမြဲ။ မိန်းမတယောက်ကို တစ်မျိုး သူ ချစ်လို့ရသည်။ စုံမက်လို့ ရသည်။ စိတ်ပင်ပန်းစရာ မရှိပါ။ မိန်းမတို့သည် တံတားအောက်၌ ဖြတ်စီးသွားသော ရေပမာပင်။ ပြီးတော့ လောကရေးရာနုံချာလှသည့် ကိုကို့ နှမ မြနန္ဒာသာ အရွယ်ရောက်သော ယောကျင်္ား တစ်ယောက်သည် လူ့ဘဝတွင် အလုပ်နှင့် စာအုပ်ဖြင့်သာ မွေ့လျော်သည်လို့ ထင်စားဝံ့မည်။ သိတတ် နားလည်သူအပေါင်းကမူ သာဦးဂျော်ကို သဘာဝအတိုင်း နေထိုင်တတ်သော သာမန်ယောကျင်္ားတစ်ယောက်ပါပဲ ဆိုတာထက် ပို၍ အပြစ်မြင်လိမ့်မည်မဟုတ်။


မရင်းနှီးရသေးသော်လည်း သူ ချစ်ချင်နေပြီဖြစ်သည့် မြနန္ဒာ၏ ငွေဘောင်ကွပ်သည့် ဓာတ်ပုံကိုတော့ မှန်တင်ခုံပေါ်တွင် တယုတယ ထောင်မြဲ။ မြနန္ဒာဖို့ လက်ပွေ့အိတ်နှင့်ဖိနပ်ဆင်တူ လှလှတွေ့ရင် ဝယ်ပို့မြဲ။ တခါ ပုလဲတုနှင့် ကျောက်ပြာခြယ်သသည့် ဇာထဘီစ ဝယ်လိုက်မိ၍ နေ့လည်စာ နှစ်ပတ်မျှ အငတ်ခံနေလိုက်ရသေး၏။ သို့သော် မြနန္ဒာက ဓာတ်ပြားများသာ မှာသည်။ ဓာတ်ပြားဘိုး ပိုက်ဆံပို့သည်။ ရှေးသီချင်းကြီးများကို သူ နားမလည်သည်မို့ အရောင်းစာရေးမလေး အကူအညီ ယူရ၏။ ထို အရောင်းစာရေးမလေးနှင့် သိကျွမ်းသွားပြီး ကလေးမအခန်းသို့ပင် တညအိပ် သွားလည်ဖူးသေး၏။ နောက်တော့ ဓာတ်ပြားဆိုင် ပြောင်းဝယ်သည်။ မြနန္ဒာနှင့် လက်ထပ်ရမည့် သာဦးဂျော်သည် တွယ်ငြိခွင့်မရှိ။ မတွယ်ငြိနိုင်ပါ။
ပါပါ ထံသို့ လစဉ် စာရေးရ၏။ မြနန္ဒာထံသို့ သုံးလေးလ တစ်ကြိမ် စာရေးသည်။ တစ်ခါတစ်ရံ နန္ဒာ ကိုကို့ ကို ချစ်ရဲ့လား ဆိုတာမျိုး ပါသွားတတ်လျှင် အဖြေပြန်မလာချေ။ သူကလည်း မပူပင်ပါ။ အချိန်များစွာ ရှိပါသေးသည်။ မြန်မာပြည်သို့ပြန်လျှင် တွေ့ဆုံ ယှဉ်တွဲ သွားလာရဦးမည်။ အရင် ခင်မင်ရဦးမည်။ သမီးရည်းစား ဖြစ်ရဦးမည်။ တက္ကသိုလ်တွင် မြနန္ဒာ၏အလှ ကျော်ကြားပုံတွေ ကြားသိရ၏။ ကျေနပ်ရ၏။ မြနန္ဒာဖို့ ပြင်သစ်၊ ဂျာမန် ၀တ္တုစာအုပ်များ ပို့ရပြန်တော့ မာနတက်၏။ ပီယာနို၌ တီးဖို့ ဂီတသင်္ကေတ စာအုပ်များ ပို့ရပြန်တော့ သူငယ်ချင်းဆရာဝန်များကိုသာမက ရင်းနှီးသော ကိုယ့်ဆရာကြီးများကိုတောင် ထယ်ဝါတောက်ပသော နှမ မယားလောင်း အကြောင်း ပြောပြမိ၏။ မြနန္ဒာ၏ သတင်းမျှဖြင့်ပင် နိုင်ငံခြားသားတို့က သူ့ကို အထင်ကြီးလာပြန်သည်။


သို့သော် မြနန္ဒာ ဘီအေနောက်ဆုံးနှစ်၌ ကဗျာဆရာ လင်းထင်နာမည်ကို ကြားလာရ၏။ ပါပါ က မြနန္ဒာ မိုက်မဲပြီလို့ပင် ယူဆလိုက်၏။ ကိုကို စာသင်နှစ် ကုန်ဆုံးသည့်လမှာ ချက်ချင်း ပြန်လာဖို့ အမိန့်ပေး၏။ ဘီအေဖြေပြီး ကျောင်းပိတ်ရက်အတွင်းမှာ ကိုကို့ နှမကို ပိုင်ဆိုင်ရတော့မည်ပင်။
‘လက်ထပ်ပြီးတော့ အင်္ဂလန်နဲ့ ဥရောပကို လည်ကြဦးပေါ့၊ သမီးနန္ဒာ ပြည်အပြင်မှ မထွက်ရသေးတာ၊ ကိုကိုလည်း ရောက်ရာမှာ ပညာထပ်ဆည်းပူးဖို့ပဲ’ ဟု ပါပါက စီစဉ်ပြန်လေသည်။

xxx


ကိုယ့်အကြောင်းသာတွေးတတ်သည့်၊ ကိုယ့်ဘက်ကသာ တွေးတတ်သည့် ကိုကို့နှမကတော့ လက်ထပ်သည့်နေ့မှာတောင် မျက်လုံးဖြင့် လှန်ကြည့်ဖော်ရသည်မဟုတ်။ ညစာ ထမင်းပွဲမှာ စားစရာ တခန်းပြီး တခန်း ချလာဆဲ။ ဝိုင်နီကိုလည်း ကုန်အောင်သောက်၏။ ဝိုင်ဖြူကိုလည်း ကုန်အောင်သောက်၏။ ထမင်းပွဲမှာ အထူးသီးသန့်ရွှေးဖိတ်သည့် ဆွေမျိုး မိတ်ဆွေများက မြနန္ဒာကို အကြီးအကျယ် အကဲခတ်ကြ၏။ ကိုကိုက ခါတိုင်းထက် ရွှင်လန်းပြီးနေသည်။ စကားများစွာ ပြောရသည်။ မြနန္ဒာ ကြိုက်တတ်တယ်ရယ်လို့ အသိအမှတ်ပြုဟန်ဖြင့် စားပွဲထိုးကို မျက်ရိပ်ပြလို့ မြနန္ဒာ ဖန်ခွက်၌ ဖြည့်စေရပြန်၏။ ထမင်းပွဲပြီး၍ မီးလုံး နီ ပြာ စိမ်း ဝါ ထွန်းသော ပန်းခြံတွင်းမှာ လက်က ဖန်ခွက်ဖြင့် မတ်တပ်ရပ်၍ စကားပြောနေကြသည့် ဧည့်သည်များနှင့်  စကားလှည့်လည်ပြောရပြန်တော့၊ မြနန္ဒာ ခြေမယိုင်အောင်တစ်ကြောင်း လက်မောင်းကို ပေးအပ်၍ တွဲမ စေရပြန်သည်။


ကိုကိုက သူများမကြားအောင် အသာကလေး ပြောရသည်။ မြနန္ဒာ မနာကျင်ရအောင် နူးညံ့စွာ ပြောရသည်။

‘ဒါလင် မူးနေတော့မယ်’

‘ဟဲ …… ဟဲ…. မူးနေပြီ ကိုကိုရဲ့’ တဲ့။ ခုမှ သူ့ကို ရဲရဲမော့ပြီး ကြည့်လိုက်သော မြနန္ဒာသည် ရယ်ပြီးရင်း ရယ်နေသော်လည်း မျက်လုံးထဲမှာ မျက်ရည်များပြည့်လျက်ရှိသည်ကို မြင်လိုက်ရလေ၏။
အားလုံး က ကြပြန်တော့ ကိုယ့်အကြောင်းသာ တွေးတတ်သည့် ကိုယ့်ဘက်ကသာ တွေးတတ်သည့် ကိုကို့နှမကတော့ ကိုကို ဘယ်လိုဖြစ်သလဲဆိုတာ စဉ်းစားမိပုံမရ။ သတိရပုံမပေါ်။ ကိုကိုနှင့် ခြေအကွက်ကျအောင်သာ လမ်းလျှောက်၍ လိုက်နေသည်။ ဧည့်သည်တစ်ချို့ က ပြုံးကြသည်။ တစ်ချို့က ကိုကို့ ကို ကြည့်ကြသည်။ ပါပါ မျက်မှောင် အနည်းငယ်တွန့်နေသည်။ မာမာက စကားများစွာ ပြောနေသည်။ ကိုကိုက လသာဆောင်ဘက် ထိန်းခေါ်လာပြီး ခပ်သွက်သွက် ထွက်ခဲ့ရ၏။  ‘ဒါလင်ကို ညာခေါ်လာတာ’ လို့ ပြောရသေး၏။ ရယ်ပြီးရင်း ရယ်နေသော မြနန္ဒာသည် တောင်ထန်းပင်များကြားမှာ စကားပြော၏။ ငိုရှိုက်သံဖြင့် ပြော၏။ တစ်ခါတုန်းကလည်း ဒီလိုဘဲ။ ဘယ်သူ့ကိုပါလိမ့်။ နန္ဒာ ညာခေါ်လာတာတဲ့။ သူကလည်း ကိုကို့ လို မဟုတ်ပါဘူးတဲ့။ သိပ် ဝမ်းနည်းစရာကောင်းတာပဲ ကိုကိုရဲ့ တဲ့။ ဘာပဲဖြစ်ဖြစ် ချစ်ချင်နေသော ကိုကိုကတော့ မခံချင်တစ်ဝက်၊ မကျေနပ်တစ်ချက်၊ ပိုင်ချင်တာတစ်ဘက်နှင့် ခပ်ကြမ်းကြမ်း ပွေ့ ယူပြီနမ်း တော့ သူကလေးက ငိုပြန်သည်။ အဲဒီတုန်းကတော့ ဘယ်သူက ဘယ်သူ့ကိုမှ မနမ်းပါဘူးတဲ့။ စကားတွေဘဲပြောနေတာပဲတဲ့။ နမ်းစရာလည်း အကြောင်းမရှိတာတဲ့။ သည်လို ဆိုပြန်တော့လည်း ကိုကိုသည် ကျွဲခိုးပေါ်သော နှမအငယ်ကို သနားကြင်နာစွာနှင့် အသာကလေး တစ်ဖန် နမ်းရပြန်၏။


ပြီးတော့ မျက်တောင်များစင်းလာသည့် သတို့သမီးကို ကြည့်ပြီး ရယ်မောမိပြန်သည်။ ပြီးတော့ မြနန္ဒာ မမြင်အောင် သက်ပြင်းခိုးချပြီး ‘ဧည့်သည်တွေမပြန်သေးဘူး နန္ဒာရဲ့။ မအိပ်ချင်ပါနဲ့ဦး’ ဆိုတော့ ခေါင်းသာ အသာညိတ်ပြသေးသည်။

အင်္ဂလန်သို့မသွားချင် ရန်ကုန်မှာ လေးလလောက် နေကြဆဲ။ မြနန္ဒာကတော့ ညစဉ် ခပ်မူးမူးဖြစ်နေသည်။ ညစဉ် ရှန်ပိန်ပုလင်း အိပ်ခန်းထဲသယ်လာသည်။ ကိုကိုက လန်ဒန်သွားဖို့အရေး ဆေးရုံသို့ပြေးရ၊ ရုံးပေါင်းစုံပြေားရနှင့်မို့ ညနေစာအမီ မနည်းပြန်ရ၏။ နှစ်ယောက်အတူ ညစာ စားလျှင် ကိုကိုကသာ ဒိုင်ခံစကားပြောရ၏။ ပြီးတော့ နန္ဒာက ရှန်ပိန်ပုလင်းကိုဖက်၊ ကိုကိုက နန္ဒာကိုဖက်ပြီး အိမ်ပေါ်တက်လာမြဲ။ သူကလေးက အိပ်ယာပေါ်မတက်ခင် ပီယာနို၌ ထိုင်မိလျှင် သီချင်းဖြစ်အောင် မတီး။ လေလွင်သော လက်များနှင့် ကြေကွဲဝမ်းနည်းသော အသံများကို တို့ လို့ နေတတ်လေသည်။


မောမောနှင့် အိပ်ရာထဲလှဲလျှင် တွေ့ရသည်မှာ မြနန္ဒာ ပြင်ဆင်ထားသော နှင်းဆီပန်းစိုက်အိုးများက မင်္ဂလာအိပ်ခန်း တစ်ခန်းလုံး မွေးကြိုင်နေစေ၏။ မြနန္ဒာ ဧည့်ခန်းမှ အိပ်ခန်းတွင်းသို့ ရွေ့ပြောင်းလာခဲ့သော ရေဒီယိုဂရမ်မှ တီးလုံးဓာတ်ပြားမှ သာယာငြိမ့်ငြောင်းသော အသံများလည်း လှိုင်နေ၏။ သတို့သမီးကသာ သူ့ကို သတိရဟန်မတူဘဲ အနောက်တိုင်းသူ ထုံးစံအတိုင်း မှန်သားလို မမြင်ရ မကြည်လင်သေည်လည်း ပါးပါးလဲ့လဲ့ ရှိသော နိုင်လွန်ဇာနက် ညဝတ်အကျီရှည်ဖြင ့် တဖန်ခွက်ပြီး တဖန်ခွက် ရှန်ပိန်ငှဲ ့သောက်နေသည်။ ကြည့်လို့တော့ ကောင်းသားပဲဟု တွေးမိတတ်၏။ ရုပ်ရှင်ထဲမှာလိုဘဲ။


တစ်ညတလေတော့လည်း သူသည် သည်းမခံချင်တော့ပဲ မြနန္ဒာရဲ့ ရှေးသီချင်းကြီးများကို ရပ်ပစ်လိုက်ပြီး တီးလုံးကို ဖွင့်၏။ နန္ဒာ့ ဖန်ခွက်တိုင်း ကို ခေါင်းချင်းတေ့၍ ပါးချင်းကပ ်ကာ လုသောက်၏။ ရှန်ပိန်များ ဖိတ်စင်ကုန်တတ်လေ၏။ မြနန္ဒာ ရယ်မောလာပြီး သူတို့သည် နှစ်ဦးသဘောတူ ရယ်ကြပြန်၏။ ကိုကု ိပါလာလျှင် ကော့တေး ကြမ်းကြမ်း သောက်မိတတ်ပြီး   နှစ်ယောက်လုံး သိပ်မူးပစ်တတ်သည်။ နောက်ဆုံး နှစ်ယောက်သား ယိမ်းထိုးပြီးနေလျက်က က ကြသေး၏။ နောက်ဆုံး နှစ်ယောက်သား ရယ်ပြီးလျှင် ရယ်ရင်းနှင့် အိပ်ရာထဲ ပစ်လှဲမိလျှင် နှမ မြနန္ဒာသည် အမူးပြေသွားသလို မျက်လုံးများ ပြူးကျယ်လာပြီး ကိုကို့ ကို စိုက်ကြည့်ပြီး မျက်ရည်လျှံတတ်ပြန်သည်။


ပြီးတော့ မြန်မာကဗျာ ဖတ်ပြီး ငိုသည် တဲ့။

‘သွားစို့ကွယ်’ လို့
ငယ်ချစ်အလှ၊ ပြုံးှရှက်မြနဲ့
နှုတ်ရွ ပန်းလျ၊ သက်ပြင်းချနဲ့
သူ စခေါ်မှ၊ သတိရတတ်
နှမနှင့်ဝေး၊ ပြန်ပြောင်းတွေးမိ
နုထွေးပွင့်ငုံ၊ နှုတ်ခမ်းစုံကို
ကြုံလျက်မနမ်း မွေးမိသည်။

‘သွားတော့မယ်’ လို့
ပြုံးလှယ်မြဲကို၊ မျက်ရည်စိုစွတ်
ရင်ဖိုလှိုက်မော၊ နှုတ်ခမ်းကိုက်ပြတ်
မိုက်မဲလွမ်းခက်၊ ဟန်မပျက်ပင်
နုတ်ဆက်ထွက်သွား၊ မောင့်ကိုထားခဲ့
မေ့မှား မတားမြစ်မိသည်။

‘သွားတော့ပြီလား’
ဘယ်ဆီမှာလဲ၊ မဝေခွဲတတ်
သဲသွန်ရေပေါက်၊ ရှာဆဲပျောက်
မူးနောက်ရမ္မက်၊ ပူပြင်းခက်လို့
နှင်းရွက်ညံ့သိ၊ အလှကြည့်ဆဲ
မြေညှိနံ့သက်၊ သဇင်ခက်နွမ်း
သူ့လက်ကြွေလွင့်၊ မဆုံးသင့်ဘဲ
ကြာလင့်တွေးဆ၊ မောင်နောက်ကျခဲ့
နှမ အလျင်လိုတော့သည်။

ပြီးတော့ အိပ်မက် မက်ပြီး ငိုသည်တဲ့။


ရှိုက်ကြီးတငင် ငိုသံကြားလို့ တရေးနိုးရသည်။ မြနန္ဒာ အိပ်ပျော်လျက်က မျက်ရည်တွေ စီးကျလျှံဝေလို့ ငိုပြန်တော့ အလန့်တကြား လှုပ်နိုးရပြီး ‘နန္ဒာဒါလင် နန္ဒာဒါလင်’ လို့ ခေါ်မိရသည်။ ကိုကို့ နှမက နိုးလာသော်လည်း မချုပ်တည်းဘဲ ငိုပြန်သည်။ ပွေ့ဖက်ထားတဲ့ ကိုကို့ရင်ခွင်ထဲမှာ မပျော့ခွေဘဲ တောင့်တင်းပြီး ချော့မရအောင် ငိုပြန်သည်။


‘ဘာဖြစ်လို့လဲ ဒါလင် ရယ်။ ဘာများ ဝမ်းနည်းစရာ ရှိလို့လဲ’ လို့ စိတ်ညစ်ညစ်နှင့် မေးတော့………..
‘နှင်းဆီပွင့်ပါတဲ့ အိပ်မက် မက်လို့ပါ’ တဲ့။ ဒီအိပ်မက် ခဏ ခဏ မက်တတ်တယ်တဲ့။
နန္ဒာ ဘာ အိပ်မက် မက်သလဲ။ ကိုကို မမေးတော့ပါဘူး။
မေးဘို့လည်း မလိုပါဘူး။ နန္ဒာသာ ညစဉ် အိပ်မက် မက်သူ ဖြစ်သည်။ အိပ်မက်များမှာ ခမ်းနားကြီကျယ်လှသည်။ အရောင်စုံသည်။ အသေးစိတ် နုနယ်သည်။ ဂီတသီချင်းများ အစ အဆုံး ကြားရတတ်သည် တဲ့။ ၀တ္တုတပုဒ် အစအဆုံး ဖတ်နေတတ်သည် တဲ့။ မမြင်ဖူးသောသူများ၊ မရောက်ဖူးသော ဒေသများ ပါလာသည်  တဲ့။ မြနန္ဒာရဲ ့ အိပ်မက်ထဲမှာ ကိုကို မပါတတ်တာ၊ အမြဲတမ်း မြနန္ဒာ တစ်ယောက်တည်း အားငယ်နေရတတ်တာတွေလည်း မမေးဘဲ ပြောပြတတ်သေးတော့ ကိုကို့နှမဟာ ကိုယ့် ကိုသာ စိတ်ဝင်စားပြီး ကိုယ့်ဘက်ကသာ တွေးတတ်တယ်လို့ ထင်ရင်မှားသည်လားကွယ်။


အိပ်မက် ဒီလောက် မက်နေတာ စိတ္တဇ ဝေဒနာဖြစ်နေသလားမှ မသိတာ လို့ တစ်ခါ စတော့ မြနန္ဒာက စိတ်ဆိုးလှသည်တဲ့။
သို့ပေမည့် ဘယ် သတို့သမီးမှ ညားစမှာ သည်လောက် ကိုယ့်စိတ်နှင့် ကိုယ် ဗျာများမယ် မဟုတ်ပါဘူး။ မြနန္ဒာဟာ ကိုယ် ကို ချစ်လာနိုင်မယ့်သူမှ ဟုတ်ပါမလားဒ။ တစ်သက်လုံး စိတ်ကူးယဉ် မိုက်မှားခဲ့သူကလေးများလား။ ကိုကိုနဲ့ ယှဉ်တွဲရတဲ့ အိမ်ထောင်သည်ဘဝမှာ တာဝန် သိပါ့မလား။ ပီယာနိုတီး ဓာတ်ပြားဖွင့်၊ စာဖတ်ပြီး အိပ်မက်များနဲ့ နပမ်းလုံးနေမှာလား။ ကိုကို့ဘဝ၊ ကိုကို့အလုပ် ဆိုတာကိုရော သတိရတတ်ရဲ့လား။


ထိုသံသယများသည် အခွဲအစိတ်၌ ကျွမ်းကျင်လိမ္မာသော ဆရာဝန် လင်သည်ကိုကိုရဲ ့ စိတ်မှာ အိမ်ထောင်ဦးလေးလ အတွင်းမှာပဲ ပီပီသသ ပေါ်ခဲ့သည်။ ညိုမောင်းသော ဆံပင် သရဖူနှင့်၊ အေးဆေးကြည်လဲ့သော မြနန္ဒာရဲ့ မျက်လုံးများနှင့် ရင်ဆိုင်ရပြန်တော့ ‘အို…. သည်ကလေးသဖွယ် လောကီကိစ္စ မလည်မဝယ်လှတဲ့ နှမကလေးဟာ ကြီးရင့်လာမှာပဲ။ သိတတ်လာမှာပဲ။ စိတ်ကူးတို့၊ အိပ်မက်တို့ဆိုတာ လူ့လက်တွေ့ဘဝကို စိုးမိုးဖို့ မဟုတ်ဘူးဆိုတာ သိလာမှာဘဲ’ ဟု ခွင့်လွတ်ခြင်းနှင့် မျှော်တွေးရပြန်သည်။


ပြီးတော့ အိမ်ထောင်ဦး လေးလမှာ သူတို့ရဲ့ ဘဝကို တကယ် စတင်ရသည်မဟုတ်သေး။ ကိုကိုက ဆေးရုံကြီးမှာ သွားပြီး အလုပ် လုပ်နေလိုက်သေး၏။ အင်္ဂလန်သွားဖို့ ကိစ္စများမြောင် နောက်ကို လိုက်ရသေး၏။ စာတစ်ဘက် ဖတ်ရသေး၏။ လန်ဒန်ဆေးရုံ နှင့် သံကြိုး အပြန်အလှန် ရိုက်ရသေး၏။ စာ အပြန်အလှန် ရိုက်ရသေး၏။ ညနေစောင်းမှာ လက်နှိပ်စက်တစ်လုံးနှင့် အလုပ်များလှဆဲ။ မြနန္ဒာက အိပ်ခန်းထဲမှာ ပြင်သစ် အချစ်ဝတ္တုများ ဖတ်နေသည်။ ပါပါနှင့် ဆွေးနွေးဆဲ။ နန္ဒာက သူ့ကိစ္စ မပါသလိုနေမည်။ သူ့ မာမာနှင့် စကားများ စိတ်ကောက်နေမည်။ ထမင်းစားဖိတ်သော အိမ်များကို နှစ်ယောက်တည်း သွားရောက် လည်ပတ်ရလျှင်တော့ သူတို့ လင်မယား တော်တော် ခင်မင်လာသည်။ မြနန္ဒာသည် ယဉ်ကျေးဖွယ်ရာ ဆက်ဆံတတ်သည်။ လူရှေ့မှာ ကိုကို့လက်မောင်းကို ခိုတွယ်လို့ နေတတ်သည်။


ရုပ်ရှင်မင်းသားနှင့် အိမ်ထောင်ကျသည့် တပည့်ဟောင်း ဆရာဝန်မတယောက်၏အိမ်မှာ ညစာ စားရတာကို သတိရ၏။ အိမ်ရှင်မက မြနန္ဒာ၏အလှကို တအံ့တသြ ချီးမွမ်းဆဲ။ သူ့ယောကျင်္ား ရုပ်ရှင်မင်းသားက ဂီတအကြောင်း၊ ကဗျာအကြောင်း ပြော၏။ ရုပ်ရှင်မင်းသားရဲ့ မိတ်ဆွေတစ်ယောက်က လင်းထင်အကြောင်း ပြော၏။


အို…. နန္ဒာနဲ့ ခင်တာပေါ့။သူ့ကဗျာဆို အားလုံး ရတာပဲ။ သူ နောက်ဆုံးစပ်တဲ့ ကဗျာကတော့ လို့ ကိုကို့ နှမက သိမ်မွေ့စွာ ပြောပြီး ကဗျာတပုဒ် ရွတ်ဆိုလိုက်၏။

စိတ်နွမ်းပါး၍
စကား ဟဟ ဆုိမရဘူး
ဂီတကဗျာ နားမသာဘူး
ပေစာဖတ်မွေ့  မပျော်မေ့ဘူး
တွေ့ချင်နေဆဲ  မျှော်လင့်ရဲဘူး
ခွဲခွာလွင့်ပါး  ထွက်ခွာသွားရက်
ဆောင်းပါးစာခွေ  ပို့လေမလား
စကားဖြောင့်စင်း  သနားခြင်းနဲ့
ပြင်းပြအနာ စိတ်ဒဏ်ရာကို
ကြာနှုတ်မွေးထုံ  နှုတ်ခမ်းငုံနှင့်
လမ်းကြုံလာလှည့် ဖြေပါဘိကွယ် (လမ်းကြုံတလှည့် နမ်းဖြေတကွယ်
သတိလွတ်ထွေ လျော့ခွေညှိုးပန်း
အိပ်ခန်းကိုယ်တည်း တ သ ညည်းသံ
သန်းယံအိပ်မက်  မမက်ဘူးလား


မဖြားယောင်းရက် လွမ်းရခက်ခဲ့
ရော်ပျက်နွမ်းခွေ လေသက်မြေခ
ကြွေရွက်အတူ လူးတော့သည်။
ပြီးတော့ မြနန္ဒာသည် ပီယာနို၌ ထိုင်ကာ လေပွေမွှေ့သံ မိုးပေါက်ပြေးသံများပါသော မိုးဇတ်ရဲ့ နွေဦးတီးလုံးကို တီး၏။ ‘ကိုကို ကရအောင်’ လို့ စတင်ဖိတ်ကြား၏။ ထိုည ကကြသော ဧည့်သည်တို့အလယ်မှာ မြနန္ဒာရဲ့ မျက်နှာကလေးဟာ အလှဆုံးသာမက အရွှင်လန်းဆုံးလည်း ဖြစ်သည်ကို တွေ့ရပြန်၏။ သည်တော့ ကိုကို့ နှမကို ကိုကို နားမလည်သေးပါဘူးလို့ အိမ်အပြန် လမ်းတလျှောက်လုံး စိတ်ကူးဆဲ။


အိမ်ကျတော့ ခါတိုင်း ကိုကိုက မေးနေကျ စကား မြနန္ဒာက မေးလေသည်။
‘ကိုကို့ ကို နန္ဒာ မချစ်ဘူးလား’ တဲ့။
‘ကိုကို နားမလည်ပါဘူး’ လို့ မျက်မှောင်ကြုတ်မိလျှင် နန္ဒာက တစ်ချက်ရယ်ကာ ‘ကိုကို့ ကို နန္ဒာ မချစ်ဘူးလားလို့  …. ကဲ’ လို့ ထပ်ပြောပြန်၏။ နောက်အပတ် လန်ဒန်ရောက်ရင် ကိုကိုနဲ့ နန္ဒာ ပျော်မှာပါ။ နှစ်ယောက်တည်းရှိမှာပါ။ အိမ်အသစ်ဆောက်ရမှာ အသစ်မွေးရမှာလို့ ပြောသည်။


ဟုတ်သည်။ ကိုကိုနှင့် နန္ဒာ နှစ်ယောက်တည်း စတင်ကြဖို့ ကိုကို မျှော်လင့်ခဲ့သည်။ နန္ဒာနှင့် လက်မထပ်ရခင်က တွေ့ခဲ့ရသည့် အချစ်များစွာတို့ကို သတိမရတော့တာ နှုတ်မဆက်ချင်တော့တာ အမှန်ပင်။


လန်ဒန်၌ လေးနှစ်မျှ နေကြသောအချိန်မှာ လင်မယားနှစ်ယောက် အပျော်ရွှင်ဆုံး အချိန်လို့ ဆိုရမည်ပင်။ နန္ဒနှင့် ကိုကိုတို့ လက်ထဲမှာ ပါပါပို့သောငွေနှင့် အပူအပင်မရှိ လည်ပတ်ကြရ၏။  ရန်ကုန်မှာလို ခိုင်းစရာလူ တွေအလယ်မှာ မြနန္ဒာ ငေးမောနေလို့မရ။ ဘတ်စ်ကားပေါ်၊ မြေအောက်ရထားပေါ် တိုးဝှေ့ခုန်တက်သွားလာ စျေးဝယ်ထွက်ကြရ၏။ ကို့ကို့ဆေးရုံနှင်းနီးသော ရပ်ကွက်မှာ အိမ်ခန်းငှားပြီး နေကြ၏။ နံနက်ခုနှစ်နာရီ အမီ အလုပ်သွားရသော ကိုကိုစားမီအောင် မြနန္ဒာစောစော ထတတ်လာသည်။ ခါတိုင်းဆိုလျှင် သန်းခေါင်သန်းလွဲ စာဖတ်နေတတ်ပြီး နေမြင့်မှ အိပ်ရာထမြဲ။ ခုတော့ နွားနို့ထကြိုရ၏။ ကြက်ဥ၊ ဝက်ပေါင်ခြောက်၊ ကြော်ရ၏။ ပေါင်မုန့်ကင်ကာ ထောပတ်သုတ်ရ၏။ ကိုကို နွားနို့နှင့် ပြောင်းဖူးခြောက်စားဆဲ။ နန္ဒာသည် လင်၏မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ အံ့သြစရာတွေ တွေ့တတ်လေသည်။


ကိုကို အလောတကြီး စားသောက်လျှင် စိတ်ဆိုးတတ်၏။
အို သူကလဲ ဆေးရုံ ဘယ်ပြေးမှာလဲ။ ၀အောင်စားစမ်းပါဦး ဟု ဆိုတတ်၏။
ဒီနေ့ကိုကို ခွဲစိတ်ရမယ့်နေ့ နန္ဒာရဲ့။ ၆ နာရီခွဲလောက် ဦးအောင်ရောက်နေမှကောင်းတာ။ နန္ဒာကတော့ တစ်နေ့လုံးပျင်းနေမှာပဲနော်၊ စောစောပြန်လို့ရရင် ပြန်ခဲ့မယ်။
နေ့လယ် ဖုံးဆက်ဦးမလား လို့ နန္ဒာက ရှက်သလိုနှင့် မေးသေး၏။
အားရင်၊ သတိရရင် ဆက်မှာပေါ့ ဒါလင်ရဲ့။ ဆေးရုံမှာ ဘယ်လောက် ပြေးလွှားလုပ်နေရတယ်ဆိုတာ ဒီကလေးမ မသိပါဘူး။
မဆက်ချင်နေပေ့ါ ဆိုပေမည့် ပြုံးချိုနေသည်။
ကိုကို စာကျက်ရပြန်လျှင် နန္ဒာ စားပွဲနားရစ်ဝဲနေတတ်သည်။ ပြီးတော့ သက်ပြင်းချ၍ စာတစ်အုပ်နှင့် အိပ်ရာပေါ် သွားနေပြန်သည်။ ကိုကို့ကို လှမ်းပြီး ငေးမောကြည့်ကာ စကား စ, လိုက်၊ သူ့ဘာသာ ချုပ်တည်းလိုက်နှင့် နေပြန်သည်။ မြနန္ဒာ တွယ်ငြိလေပြီ - အချစ်ဆိုတာ ဒါပဲ။ အိမ်ထောင်အဖြစ် အဖို, အမ တွဲဖက်နေထိုင်သောဘဝ။ သားသမီး ပွားစီးသောဘဝ။ သည်မှာသာ အချစ်ရှိသည်။


ပြီးတော့ မကြာခင်ပင် နန္ဒာရဲ့သား၊ ကိုကို့ရဲ့သားကို မွေးဖွားရတော့မည်။ ကိုကို အားသော ညများမှာ မြနန္ဒာကို ခေါ်လို့မရတော့။ သိပ်မလည်ချင်တော့။ ပြဇာတ်နှင့် ဂီတပွဲရုံများကို ဆောင်းဦးပေါက်ရာသီမှာသာ သွားချင်တော့သည်။ ပီယာနို ခပ်လတ်လတ် တစ်လုံးကို စျေးချိုချိုနှင့် ဝယ်လိုက်ပြီး ထိုင်တီးနေသည်သည်သာ များ၏။ နန္ဒာသည် သူမွေးရမည့်ကလေး၌ စိတ်ဝင်စားကာ ပြင်ဆင်နေသည်မို့ ကိုကို့ကို သိပ်မနှောင့်ယှက်တော့ချေ။ ကိုကိုလည်း ဆေးရုံ ညတာဝန်များ မလစ်ဟင်းလှတော့ချေ။ တစ်ခါတစ်လေ ညတာဝန်မရှိပဲ ဆေးရုံမှာ စာကျက်နေလိုက်သည်။ သူငယ်ချင်း လူပျိုဆရာဝန်များနှင့် ထွက်လည်မိသေးသည်။


ပြီးတော့ အနောက်နိုင်ငံဓလေ့ကို နှစ်သက်သည်မှာ အမှန်မို့ သူသည် အနောက်နိုင်ငံဓလေ့အတိုင်း(ယခင်က နေဖူးသောဘဝအတိုင်း) စိတ်လိုသောညများမှာ အပြင်ထွက်နေပြန်သည်။ မယား မြနန္ဒာ ကတော့ မေးမြန်းစုံစမ်းတတ်သည်မဟုတ်။ သံသယ ဖြစ်တတ်သည်မဟုတ်။ ညပြန်မလာလျှင် ဆေးရုံတာဝန် ရှိလို့သာပဲ မှတ်လိုက်သည်။ ကိုကိုသည် ဘာမျှ အလေးအနက် မထားတာမှန်သည်မို့ မြနန္ဒာအပြင် ဘယ်သူမှ မချစ်လျှင် ပြီးသည်ထင်သည်မို့ ညစာကျွေးလို့ရသော နာ့စ်မလေးများ၊ လက်နှိပ်စက် စာရေးမလေးများနှင့် ဆက်မိပြန်၏။ သူတို့အခန်းသို့ ညအိပ်ရောက်ပြန်၏။ ပြီးတော့ နန္ဒာကလည်း မွေးဖွားလုပြီပင်။


လူပျိုဆရာဝန်များနှင့် ပါရီသို့ ကူးလူးတတ်ပြန်သည်။ ပါရီဆိုသည်မှာ နုံအ, တယ်ဆိုရမည့် မြနန္ဒာ အဖို့ အနုပညာဆိုတာ သတိရသော မြို့ပင်။ လုဗ် ပန်းချီပြတိုက်ကိုသာ သွားချင်၏။ ရှောန်ဆဲလီဆီး ကို လျှောက်ချင်၏။ ကလေးမွေးပြီးမှ ကိုကိုနှင့် လိုက်လည်မည်။ တစ်ခါတလေ ကလေးမမွေးခင်ပဲ လိုက်လည်တော့မည်ဟု ပူဆာလျှင် ကိုကိုက အတင်းထားခဲ့တတ်သည်။  သူငယ်ချင်းတွေပါမှာ ဒါလင်ရဲ့။ ဘယ်ကောင်းမလဲ။ ကိုကိုနဲ့ နှစ်ယောက်တည်း သွားလို့ရမှ ခေါ်မှာ ကိုကိုသည် သာမန်ယေကျ်ားပီပီပင် မိန်းကလေးများစွာကို တစ်သက်လုံးညာခဲ့သည်ဖြစ်၍ နှမ မြနန္ဒာကိုလည်း အလွယ်တကူညာလျက် ရှိသည်။ ဒါကို နောက်မှသိရသည့် နန္ဒက ခွင့်မလွှတ်နိုင်ခဲ့။
သို့ပေမည့် နန္ဒာနားလည်ဖို့ ကောင်းတာက နန္ဒာ က ကိုကိုလက်ထပ်ယူထားတဲ့ မယားပဲ ဆိုတာပင်တည်း။ ယောကျ်ားတစ်ယောက်၏ဘဝ၌ ကြောင်းခြင်းတ များစွာရှိမြဲဆိုတာ နန္ဒာမသိတာ၊ မယုံကြည်တာ၊ လက်မခံတာဟာ အဓိပ္ပါယ်မရှိ မသိသား ဆိုးရွား လှသည်လို့ ထင်၏။ လူ့လောကသည် ယောကျ်ားတို့၏ လောကဖြစ်တာကို ဘယ်သူမှ မငြင်းနိုင်။ ယောကျ်ားတစ်ယောက်သည် အတိုင်းမသိ လွတ်လပ်ခွင့် ရရှိလေသည်။ ကိုကိုသည် လောင်းကစားတတ်သူလည်းမဟုတ်။ ဖဲတောင် အိပ်ပျက်ခံ ရိုက်သူမဟုတ်။ သူ့မှာ အချိန် လည်းမရှိ။ ဝါသနာလည်း မရှိလို့ ဆိုကြပါစို့ ဆက်ဆံရသမျှ မိန်းကလေးတို့ကို ဝီစကီခွက်လဲနှင့် သောက်ရသလိုသာ အောက်မေ့သည်။ သောက်တုန်း မူးတုန်း ခဏပဲ မနက်ကျတော့လည်း ပြေသွားတာပဲ။ အရက်ကမှ လွန်လျှင် နောက်တစ်နေ့ ခေါင်းကိုက်နာ၊ အာရုံကြောနာ ကျန်ရစ်သေးသည်။ သူ ဘယ်အခန်းမှာ အိပ်အိပ် ၇နာရီ ဆေးရုံအမီ ထပြေးမြဲ။ ခွဲစိတ်ရာ၌ စိတ်အားထက်သန်ခြင်းဖြင့် မျက်လုံးများ ပြောင်လက်မြဲ။ အားလုံးကို မေ့မြဲ။ ပြန်လည် သတိရလျှင် ကိုကို့ မြနန္ဒာကိုသာ ဖြစ်၏။


သားဦးကို မွေးတော့ သူ ပါရီမှာ ရောက်နေခဲ့သည်၊ ဆယ်ရက်စောမွေးတော့ ကိုကို အိမ်မှာ မရှိသည်နှင့် ကြုံနေတာပေါ့။ အဲဒီတုန်းက အီတာလျှံမလေးနှင့် သူပျော်ပွဲစားထွက်ပြီး ပြန်အရောက်မှာ စေးကရက်ဟတ်ဆေးရုံမှ ဖုံးဆက်၍ သံကြိုးစာဖတ်ပြသည်။ အယ်လီနာကို ကမန်းကတန်း တောင်းပန်ထားပစ်ကာ လန်ဒန်သို့ ပြန်ခဲ့ရ၏။ နှမအလိမ္မာလေးက


 ‘ကိုကို အလုပ်များနေရင် ဖြည်းဖြည်းမှ ပြန်ခဲ့ပေါ့၊ ရပါတယ်’ လို့ ဆိုသေး၏။ ကိုကို့အဖို့ နန္ဒာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မသိသလိုပဲ။ ပြီးတော့ နန္ဒာ့အပေါ် ကိုကို သစ္စာရှိနည်းကိုလည်း မသိသလိုပဲ။ ဒီတဒင်္ဂမှာ ကိုကိုဟာ မြနန္ဒာထံကို လူသတ်ရသတ်ရ မရအရ ပြန်ခဲ့မည်ဆိုတာကို မသိသလိုဘဲ။


နောက်နေ့မနက်မှာ ကမ္ဘာကျော် ပလတ်စတစ်  ဆာဂျင်ကြီး ခွဲစိတ်မည်ကို ကူညီခွင့်ရတာလည်း သူလက်လွှတ်လိုက်တာ မြနန္ဒာက တန်ဖိုးထားသည်မဟုတ်။


သစ်ခွပန်းအရောင်မျိုးစုံကို တပွေ့ကြီးဝယ်သွားပြီး နန္ဒာရဲ့ ဖျော့တော့သွားသော မျက်နှာကလေးကို မွှေးနမ်းရတော့ ရင်ခွင်ထဲပွေ့ထားသည့် သားဦးလေး မျက်နှာကို ပါ နမ်းရပြန်သည်။ သားကလေးရဲ့ အနံ့ကတော့ ထုံးစံအတိုင်း ဒီအရွယ်မှာ ညှီတီတီပေါ့။


မြနန္ဒာက သားဦးကလေးနှင့် ရူးနေသည်။ ကလေးနှစ်နှစ်ကျော် သုံးနှစ်အထိ အိမ်ထဲမှာ ကုပ်နေသည် လက်တွန်းလှည်းကလေးနှင့် လမ်းထိပ်လောက်ပဲ ထွက်သည်။ ကိုကိုနှင့် ညစာထွက်စားမြဲ မစားတော့။ မလိုက်ချင်တော့။ သာဦးကလေးကို ကလေးစောင့်မည့်သူနှင့် စိတ်မချ၊ မထားခဲ့ရက်။ နန္ဒာသည် သူစိတ်ဝင်စားသော ကိစ္စနှင့် နေပြန်ပြီ။ ကိုကိုတစ်ယောက်တည်း ညစာထွက်စားရသည်။ သည်တော့ ယောကျ်ားတစ်ယောက်တည်း ညစာထွက်စားသည်ဆိုသည်မှာ နောက်ဆက်တွဲ အကြောင်းခြင်းရာများ ပါလာမြဲ။ နန္ဒာသာ သည်ထက်ကြီးရင့်သော မိန်းမဖြစ်လျှင် ဆွေးနွေးဖို့ပင်ကောင်းသေး၏။
သို့သော်နန္ဒာသည် စိတ်ကူးယဉ်တတ်သော၊ အိပ်မက် မက်တတ်သော၊  လောကအကြောင်း နားမလည်သော မိန်းမငယ်သာဖြစ်၏။ ခေါင်းမာသူ ဆိုတော့ အသက်ဘယ်လိုရလာသလဲ။ သားသမီးဘယ်လောက်ရလာလဲ။ စိတ်ကူးယဉ်မြဲ။ အိပ်မက်မက်မြဲ ရှိသည်။ သူ့ဒုက္ခသူရှာမြဲရှိမည်။ ကိုကိုညာသမျှကို ယုံကြည် ပျော်ရွှင်နေတာကိုလည်း မဖျက်ဆီးလိုလှ။ တစ်နေ့မှာ သူသိတတ်နားလည်လာမည်လို့ မျှော်လင့်ချင်သည်။ ညာနေဖို့မလိုသော ကိုကို၊ မိန်းကလေးများကို ထည်လဲဖြင့် တွဲချင်သည်ကိုကို၊ ပြက်လုံးအဖြစ် ရယ်မောကာ ပြောဆိုနိုင်သော ဘဝကို ရလိုသည်။ လိင်စိတ်ဆိုတာ သည့်လူ့ဘဝ၌ အရေးကြီး၍ ယောကျ်ားတစ်ယောက်အဖို့ အလိုရှိလျှင် လွတ်လပ်စွာ အဓိပ္ပါယ်ဖော်နိုင်ခွင့် ရှိတယ်ဆိုတာ မြနန္ဒာ သိစေချင်သည်။ အဖိုဆိုသည်က သတ္တဗေဒ သဘောအရ  ကိုယ်ဝန်ဆောင်ခြင်းမရှိ။ သားသမီးမွေးမြူ ကြီးပြင်းစေရခြင်းမရှိ။ အမဆိုသည်ကို တပ်မက်ချင်သလောက် တပ်မက်နိုင်၏။ လိုက်စားနိုင်၏။ အချစ်ဆိုသည်မှာ လင်နှင့်မယား မှာသာရှိ၍ ကိုကို့အချစ်သည် မြနန္ဒာ၌သာ ရှိသည်ဆိုတာကို နားလည်ကျေနပ်စေချင်သည်။ ပြီးတော့ အိမ်မှထွက်ခွာသွားသည့် တဒင်္ဂ၌ သူသည် တယောက်တည်း မွေးဖွားလာပြီး  တစ်ယောက်တည်း သေရမည်ဖြစ်သော၊ ကိုယ့်ဘဝကိုယ် ပိုင်ဆိုင်သော လူပုဂ္ဂိုလ်တစ်ယောက်သာ ဖြစ်သည်ဆိုတဲ့ လွတ်လပ်ခွင့်ကို ပေးစေချင်၏။


ဒါနှင့် အိမ်နီးနားချင်း မစ္စမာတင်နှင့် နန္ဒာကို မိတ်ဆက်ပေးရ၏။ မစ္စမာတင်လို နန္ဒာ တွေးခေါ်တတ်လျှင် ဘယ်လောက်ကောင်းလိမ့်မလဲ။


သို့သော် နန္ဒာသည် ကိုကို ‘ မျက်နှာ ’  များတတ်ဟန်ကို ရိပ်မိသိရှိလာရပြီးကတည်းက ခွင့်မလွှတ်နိုင်တော့။ ကိုကို ဆေးရုံမှ အိမ်သို့ အပြေးပြန်လာလည်း ရှိချင်မှ ရှိမည်။ သုံးနှစ်ကျော် သားကလေးကို လက်တွဲကာ ခြေဦးတည့်ရာ လျှောက်နေသည်တဲ့။ တစ်ညနေလုံး တရပ်ပဲလဂါးပန်းခြံမှာ ထိုင်နေသည်တဲ့။ ရေပန်းနှင့် မီးရောင်ကို ကြည့်နေသည်တဲ့။ သားလေး အအေးမိမှာ ကိုကိုစိုးလှ၏။ သားလေး အိပ်ပျော်နေလျှင် တက္ကစီဖြင့်ပြန်လာသည်ကို လှမ်းယူပွေ့ချီရ၏။ နန္ဒာစိတ်ပင်ပန်းလှသည်ကိုလည်း သနား၏။ သဘောထားမမှန်သည်မို့ ကိုကို့တာဝန် မဟုတ်ဘူးထင်၏။


မြနန္ဒာသည် ကိုကို့ကို စေ့စေ့ငှငှ မကြည့်တော့ပြန်ချေ။ နန္ဒာ ငေးမောနေသည့် အခါမျိုးမှာသာ ညိုညိုအေးအေး မျက်လုံးများကို တိတ်တခိုး မြင်ရ၏။ သို့မဟုတ် မျက်လွှာချသဖြင့် မို့တင်း တုန်ရီသော မျက်ခွံပြာလဲ့ကိုသာ မြင်ရ၏။ ဆုံးရှုံးသွားရသော သူကလေးက ကိုကို့အပေါ် ရင်းနှီး ပိုင်စိုးချင်သော အမူအရာလေးကိုလည်း နှမြော တသ နေရ၏။


ပြီးတော့ပြောရက်သည်မှာ “ ကိုကိုဟာ မိန်းမလိုက်စားသူသာ ဖြစ်ပါတယ်နော်” တဲ့။ “မုဒိမ်းကောင်တော့ မဟုတ်ပါဘူးနော်” တဲ့။ ရုပ်ရည်နှင့်မလိုက်အောင် ရက်စက်ဆိုးရွားလှသည့် မြနန္ဒာ။ ကိုယ့်မယားကိုယ် ချစ်ချင်တာတောင် မုဒိမ်းကောင် ဖြစ်ရမည်တဲ့။ ကိုကိုက ရန်ဖြစ်ချင်၏။ မြနန္ဒာက တခွန်းကောင်း အနိုင်ယူ ပြောကာ လွတ်ကင်းဝေးလံရာမှာ တိတ်ဆိတ်စွာ နေတတ်သည်။ ပြသနာကို သည်လိုရင်မဆိုင်ဝံ့လို့ ဖြစ်မည်လား။ ပြေးရှောင်လို့ လွယ်မည်လား။ ကိုကို ရှင်းလင်းပြောပြချင်လှ၏။ အချစ်ဆိုတာ အိမ်ထောင်မှာ၊ လင်မယားမှာ သားသမီးမှာသာ ရှိသည် ဆိုတာ။ အဲဒါရဲ့ အပြင်ပက ကိစ္စတွေမှန်သမျှဟာ တံတားအောက်၌ ဖြတ်စီးသွားသော ရေပမာသာ ဖြစ်သည်ဆိုတာ။  တစ်နေ့တော့ မြနန္ဒာ စိတ်ထားမှန်လာလိမ့်မည်။ နားလည်လာလိမ့်မည်။ စင်စစ်တော့လည်း ခွင့်လွှတ်စရာမရှိတာက်ု သိလာလိမ့်မည်။


“ နန္ဒာ နည်းနည်း ပိန်သွားပါလား” ဟု တယုတယ မေးရ၏။
“ထင်လို့ပါ” ဟု မျက်လွှာချမြဲ ဖြေတတ်သည်။
“ကိုကို ဆေးထိုးပေးဦးမယ်လေ၊ စားမကောင်းဘူးလား၊ အိပ်မက်တွေ မက်သေးလား၊ နန္ဒာက သိပ်အစွဲ အလန်းကြီးတာကိုး”


နန္ဒာ့မျက်တောင်များ၌ တွဲဥလာသော မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် အသာသုတ်ရင်း ‘ဒါလင်က ကလေးလိုပါပဲလား’ ဟု သနားရပြန်၏။ ပြီးတော့ ညစဉ်မှန်မှန်ပြန်ဖို့ ဆုံးဖြတ်လိုက်၏။ ပြန်လာသည့်အခါ နန္ဒာ မရှိလည်း စိတ်ရှည်လက်ရှည် စောင့်၏။ နန္ဒာ စည်သွတ်ဘူးများနှင့်သာ ပြီးစလွယ် စားနေသည်ကို သိပြီး လမ်းထိပ်မှ ကြက်ကြော်များ၊ ငါးကြော်နှင့် အာလူးကြော်များ ဝယ်လာဖို့ သတိရတတ်ပြန်၏။ တစ်ခါတစ်ရံ နန္ဒာ အပြင်သို့ မထွက်မီ မှီအောင်ပြန်လာပြီး ကလေးနှင့် မီးရထားတွဲဆင်ကာ ကစားနေကြလျှင်တော့ နန္ဒာသည် အိပ်ခန်းတွင်းမှာသာ ဝင်နေကာ ထိုညနေအဖို့ လမ်းမထွက်တော့ချေ။ သားနှင့် အိမ်ဆောက်တမ်းကစားရ၏။ စက်ဘီး ဝက်အူချောင်သည်ကို  ကြပ်ပေးရ၏။ နန္ဒာ့မျက်နှာ ကြည်လင်လာတတ်၏။


သည်လိုဖြင့် လန်ဒန်၌ စာသင်အလုပ်ဝင်လုပ်သည့်စခန်း ပြီးဆုံးသွားသော် ပါပါက ပါရီသို့ ပြောင်း၍ ပလတ်စတစ်ခွဲစိတ် ကုသခြင်းကို သင်စေချင်ပြန်သည်။ သမီးမြနန္ဒာလည်း ပြင်သစ်စကားကို ပြင်သစ်သံဖြင့် ပြောနိုင်အောင်ထင်ပါရဲ့။
‘နန္ဒာ လန်ဒန်မှာ နေခဲ့နိုင်သားပဲ’ လို့ ကိုကို့နှမက အေးစက်စက်ပြောလေ၏။
‘ဒါပေမဲ့ ကိုကိုက မထားခဲ့နိုင်ဘူး ဒါလင်’ ရဲ့လို့ဆိုတော့ ပျော့ပျောင်းလာမည် ထင်သလား။ သူပြောလိုရာ ကိုသာ  ပြောတတ်သည်။


‘တစ်လ ပေါင် ၄၀ လောက်နဲ့ နေလို့ရပါတယ်။ နန္ဒာ အရောင်းစာရေးမ လုပ်မှာပါ။ စာကြည့်တိုက်မှုး သင်တန်းပဲ တက်ရင်ကောင်းမလား။ လက်နှိပ်စက် လက်ရေးတို သင်ရင်ကောင်းမလား’


‘ဒါလင် ဘာတွေပြောနေတာလဲ’
‘ကိုကိုချစ်တဲ့သူတစ်ယောက်ယောက်နဲ့သာ  ယူလိုက်ပါတော့’ တဲ့။
ကိုကိုချစ်တာ မြနန္ဒာပဲ။
ဒါကို သူမသိဘူးလား။ ကိုကို နန္ဒာ့ကို ချစ်တာအပြင် ဘာတွေသတိရစရာ လိုသေးလို့လဲ။ နန္ဒာဟာ ဆန်းပြားသူ တစ်ယောက်လားမသိ။ သူဖတ်သော စာများကလည်း ကိုကိုနှင့် မအပ်စပ်သော စာများပင်။ ကိုကို မတတ်သော ပြင်သစ်စာအုပ်၊ ဂျာမန် စာအုပ်တွေကလည်း ဘီရိုဖြင့်အပြည့်။ ကိုကို နားထောင်ဖို့ ပျင်းရိသော ရှေးသီချင်းကြီးများကို တီးမှုတ်နားထောင် တတ်ပြန်သည်။ နန္ဒာ ကြိုက်သော ပြဇာတ်၊ ရုပ်ရှင်ကအစ လေးလေးပင်ပင်ကြီးများဖြစ်သည်လို့ ဆိုရမလား။ လူ့ဘဝကို အလေးအနက် ထားလွန်းသည်။ အစွဲအလန်း ပြင်းထန်လွန်းသည်။


တကယ်တော့ လူ့ဘဝဆိုတာ ခွဲစိတ်ခုံပေါ်၌သာ  ရှိသည်ဆိုတာကို နန္ဒာသိမည်မဟုတ်။ ခွဲစိတ်ခန်းတွင်းသို့ ကိုယ်လုံးတီးဝင်ရောက်လာကြကာ အကြိုမေ့ဆေး၊ ထုံဆေးတို့ဖြင့် သတိလစ်လျက် ဘာမျှအဖိုးမတန်သော မိမွေးတိုင်း ကိုယ်စိတ်တို့ ဖြင့် အဖြူဝတ်ပိုင်း ခဏဖုံးလွှမ်း ဝင်ရောက်လာကြသော သေလွယ်သလောက် သေခဲ၍ ရှင်လွယ်သလောက် ရှင်ခဲသော၊ သို့မဟုတ် သေသည် ရှင်သည် ဟူသော ကိစ္စသည် ဖြစ်ချင်သလို ဖြစ်နေသော လူသတ္တဝါအဖို့ တကယ်အရေးကြတော့ ပီယာနိုနှင့် ဓာတ်ပြားတီးလုံးသည် ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်သည် ရယ်စရာ အပရိက ပစ္စည်းမျှသာဆိုတာ မြနန္ဒာရိပ်မိမည် မဟုတ်။ ရိပ်မိအောင်လည်း မကြံရွယ်။ ရေခဲသေတ္တာထဲ၌ ထည့်ထားမှ တန်ဖိုးအာနိသင် တည်မြဲသော ဝိုင်ယိုပင်ပေါ် ပင်နီစလင်အဖိုးတန် တမျိုးကို ဆေးရုံက ပစ္စည်းမို့ ရွံသည်ဆိုပြီး ဘီရိုထဲ ထည့်ထားသတဲ့။ အားလုံးပစ်ရကုန်သည်။ ဆေးရုံကိုလည်း ဘယ်တော့မျှ မလာချင် မဝင်ချင်။ ဆေးရုံတွင်းက လေကို ရှုရတာ ရွံသည်တဲ့။ ဆေးရုံက ပြန်လာသော ကိုကို့အနံ့ကအစ နံသည်----တဲ့။


‘ပါရီကို နန္ဒာနဲ့ သားမပါပဲ ကိုကို ဘယ့်နှယ်လုပ်  သွားမှာလဲ။ ကိုကို သေရင်တော့ ထားခဲ့ရမှာပေါ့’ ဟု ပြောမိ၏။ ပြီးတော့ သနားကြင်နာခြင်းများဖြင့် ‘ကိုကို မှားတယ်လို့တော့ မထင်ပါဘူး။  ဒါပေမဲ့ ကိုကိုကပဲ အပြစ်တင်ခံပါ့မယ်။ ဒါလင် စိတ်မချမ်းမသာ မဖြစ်စေရပါဘူး’ ။ သို့ပေမည့် စိတ်တွင်းက ဆက်ပြောသည်မှာတော့ ‘နန္ဒာ ဘာမှ မရိပ်မိစေရပါဘူး၊ မသိစေရပါဘူး’


ကိုကို နှမမြနန္ဒာသည် ကိုကိုသိသည်ပေါ့။ အင်မတန် အတွေ့အကြုံနည်းပါး၍ စာအုပ်က ဆိုသမျှ အဟုတ်မှတ်သည့် မြနန္ဒာသည် ဖြုန်းခနဲထလာပြီး ကိုကို့ရင်ခွင်သို့ တိုးဝင်သည်။ နန္ဒာရဲ့ မွှေးကြိုင်ညိုမောင်း ဆံပင်များထဲ မျက်နှာအပ်ရင်း၊ ပန်းနုရောင်ဆိုးပြီး ပြောင်လက်ချောမွတ်သည့် လက်ချောင်းများကို ဆုပ်ကိုင်ရင်း၊ ရှားနဲလ် ရေမွှေးသင်းမြသည့် နားရွက် နားထင်စ ကလေးများကို နှုတ်ခမ်းဖြင့် ပွတ်တိုက်ရင်း တစ်လ ပေါင် ၄၀ ဖြင့် နေမည်ဆိုတာ သတိရကာ ပြုံးရယ်ပြီး နမ်းရပြန်၏။ ‘နန္ဒာ ရှန်ပိန်လိုသေးလား’ လို့ သူက နားလည်ခွင့်လွှတ်ခြင်းဖြင့် မေးလိုက်လျှင်တော့ ကိုကို့နှမသည် မျက်တောင်များ ကော့ဖြူးကာ မျက်လုံးအေးအေးညို့ညို့ဖြင့် ပြူးကျယ်ကြည့်ပြီး အားနာဟန်နှင့် ‘သူကလဲ’ ဟု ဆိုလေသည်။


ပြင်သစ်ပြည်သို့ ပြောင်းရွှေ့ နေထိုင်ကြသည့်အခါ ဟန်းနီးမွန်းထွက်သလို အောက်မေ့ရသည်။ ကိုကိုသည် သူပြောခဲ့သည့်အတိုင်းပင် သူမှားသည်လို့ တော့ထင်သည်မဟုတ်။ မြနန္ဒာ စိတ်ချမ်းသာအောင်တော့ သူတတ်နိုင်သမျှ ပြုမည်လို့ ရည်စူး၏။ ထို့ကြောင့် ညနေတိုင်း အိမ်ပြန်လာသည်။ ညတာဝန် ကျပြီးနောက် တစ်နေ့အားသော နေ့များကတော့ ကိုကို၏ ကိုယ်ပိုင်နေ့များ ဖြစ်သည်။ မြနန္ဒာကို ဘာမျှပြောပြနေစရာ မလိုပဲ သူပျော်ရွှင်သလို နေနိုင်သော နေ့များဖြစ်သည်။ ထို့ကြောင့် နှုတ်သီးကလေး တစူစူဖြင့် ညုတုတုပြောတတ်သော ပါရီသူကလေးများနှင့် ချစ်ချင်သည့်အခါ ချစ်ခွင့်ကို ရသည်။


တစ်ညနေမှာ လုဗ်ပြတိုက်ဘက်ကို သတိမထားမိပဲ ရောက်မိ၏။ သည်လမ်းတလျှောက်မှာ မြနန္ဒာ သွားတတ်တာကို မေ့သွားသည်။ နန္ဒာက သားကို ပန်းချီဆရာ ဖြစ်စေချင်သည်မို့ ထင်ရဲ့ ပန်းချီပြတိုက်သို့ မကြာခဏ သွားပြတတ်၏။ ကိုကိုက ဆေးရုံဧည့်ခံရေးဘက်မှ ပြင်သစ်သူတစ်ယောက်နှင့် ထွက်လာမိတုန်းကပေါ့။ စောစော လှမ်းလှမ်းကပင်  နန္ဒာ့ကို သူမြင်လိုက်၏။ နန္ဒာ လမ်းမအလယ်မှာ က႖န္ဒြေမရ ဖြစ်မည်ကို သူစိုးလှ၏။ ရှက်စရာတွေဖြစ်မှာကို စိုးလှ၏။  မျက်နှာချင်းဆိုင် တွေ့ကြတော့မည်ကို ရှောင်ဖယ်လို့လည်းမရ။ ရက်စက်ချင်လို့တော့ မဟုတ်။ နန္ဒာမျက်နှာမှ လွှဲ၍ ရအောင် လုပ်မိလုပ်ရာ ပွေ့ဖက်ထားသည့် ပြင်သစ်သူကိုလည်း မျက်နှာချင်း အပ်မတတ် ငုံ့ကြည့်တာ ရယ်မော စကားပြောနေလိုက်၏။ နန္ဒာ သူ့ကို မြင်မှာပါပဲ။ လွန်သွားမှ ပြန်လှည့်ကြည့်သော်  နန္ဒာသည် သားငယ်ကို လက်ဆွဲ၍ လမ်းတလျှောက်လုံး ပြေးသွားသည်ကို မြင်လိုက်၏။ နန္ဒာရဲ့ ဆံပင်သည် လျောပြေ၍ လွင့်ပါး၏။ နန္ဒာ့ ခေါင်းစီးပုဝါ စိမ်းပြာနုကလေးသည် လွင့်ပါးကာ လမ်းမ၌ လျောတိုက် ပြေးနေသေး၏။ နှုတ်ခမ်းမွေးဖြူဖြူနှင့် အဖိုးကြီးတစ်ယောက်က ကောက်ပြီး ဘယ်သူ့ပေးရမည် မသိဖြစ်ကာ ပိုင်ရှင်ကို ဟိုရှာသည်ရှာ ရှာနေသည်။ ကိုကို သွားတောင်းလိုက်မည် စိတ်ကူး၏။ သို့သော် လမ်းမတလျှောက်၌ ပြေးထွက်သွားသော မြနန္ဒာဟာ ကိုကို့မိန်းမပါဆိုတာ ယုံမည်လား။ကိုကို့ရင်ခွင်ထဲက ပြင်သစ်သူကလေးကိုလည်း နားမလည်သလို ကြည့်ဦးမည်။ လောလောဆယ်မှာတော့ အခြေအနေသည် ရယ်စရာကြီးပင်။ ခုလမ်းပေါ်မှာတော့ နန္ဒာနှင့် ကိုကိုသည် တစိမ်းပြင်ပြင်မျှပင်။ သားကလေးကကော ဖေ့ဖေ့ မြင်သည်လား။


သားကလေးကပါ မြင်သည်ဆိုလျှင် တစ်သက်လုံး မမေ့ပျောက်နိုင်သော ပုံလွှာအဖြစ် သား၏ကလေး ဘဝမှာ စွန်းထင်း နေရစ်မည်လား။ သားဟာ ဖေဖေ့ကို ကြည်ညိုပါတော့မည်လား။ နန္ဒာကကော သားနှင့် ဖအေကို ရန်လိုစေမည်လား။


ကိုကိုသည် လမ်းမလယ်၌ရပ်ကာ ကျပ်ကျပ်ပွေ့ဖက်ထားသော လက်များကို လွှတ်လိုက်ရာ လက်မောင်းများကြားက မိန်းကလေးပင် ယိမ်းယိုင်သွားပြီး ဒေါကလေးဖြင့် ‘ဘာဖြစ်တာလဲ’ မေးသည်ကို ခံရ၏။ ကိုကိုသည် ရင်တွင်း၌ နာကျင်လာပြီး စောစောက ပျော်ရွှင်နေတာတွေ ပျောက်သွားပြီး ကလေးမကိုသာ တောင်းပန်ရ၏။ ကလေးမ ဘာပြန်ပြောသည်၊ ရန်တွေ့သည်ကို သူမကြားတော့။ နားမလည်တော့။ မြနန္ဒာကို သူနာကျည်းစေခဲ့သည် ဆိုတာသာ ဝမ်းနည်းနေပြီး၊ လမ်းမပေါ်တွင် ကလေးမကို ထားခဲ့ပြီး မြနန္ဒာ ပြေးသွားရာသို့ လိုက်ခဲ့၏။ သို့သော် မီအောင်လည်း သူပြေးလိုက်သည်မဟုတ်။ နန္ဒာ အိမ်ပြန်မှာပဲ ထင်ပါရဲ့။ လမ်းချိုးအကွေ့၌ မြနန္ဒာတို့သားအမိ ကွယ်ပျောက်သွားသည်ကို ခဏကြည့်နေပြီး အိမ်ဘက်သို့ မလိုက်တော့ဘဲ သန်းခေါင်ကျော်အထိ ခြေဦးတည့်ရာ လျှောက်နေခဲ့သည်။


အကောင်းဆုံးကတော့ ဆေးရုံကို ပြန်တာပဲ ဖြစ်သည်။ ဆေးရုံသည်သာ သူ့စိတ်ချမ်းသာခြင်းကို ပေးနိုင်သည်။ အလုပ်ခွင်၌ တစ်ဘဝလုံး နစ်နေရတာသာ အကောင်းဆုံး ဖြစ်သည်။


မြနန္ဒာနှင့် ဘာလို့ တွေ့ရတာပါလိမ့်။ မြနန္ဒာသာ လောကမှာ မမွေးဖွားခဲ့ဘူးဆိုလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဘယ်သူ့ကိုမှ ယူဖြစ်မည်မဟုတ်။ အလုပ်နှင့် ဆေးစာအုပ်သာ သူ့အဖို့ အရေးကြီးကာ အားလပ်သော အချိန်များ၌ အဆင်သင့်သလို အတွယ်အငြိမရှိ အနားယူနိုင်လိမ့်မည်။


ကိုကိုဟာ သားနှင့် မယားနှင့် နေဖို့ကောင်းသူမဟုတ်ပါဘူး။ လက်ထပ်ခြင်းဆိုတဲ့ အနှောင်အဖွဲ့နဲ့ သင့်မြတ်သူ မဟုတ်ပါဘူး
တစ်ဖန် စဉ်းစားပြန်တော့ ဘယ်ယောကျ်ားဟာကော ထိုအနှောင်အဖွဲ့ကို ဝမ်းသာအားရ သိသိမှတ်မှတ် လက်ခံမှာလဲ။

သူသည် ဆေးရုံမှ တယ်လီဖုန်းဖြင့်  မြနန္ဒာသို့ ဆက်လိုက်၏။ ‘ကိုကို ဆေးရုံမှာ သုံးလေးရက် ဆက်ပြီး အလုပ်လုပ်လိုက်ဦးမယ်။ ညပါ မပြန်နိုင်တော့ဘူး။ ဒါလင်နေဝံ့တယ် မဟုတ်လား။ သားကိုလဲ ပြောလိုက်ပါဦး ဖေဖေက သတိရနေမှာပါလို့။ ဖေဖေက အများကြီး နမ်းလိုက်တယ်လို့’

‘ဟုတ်ကဲ့ကိုကို’ ဟု အေားဆေးတိုးတိတ်စွာ ဖြေသံကို ကြားရ၏။
‘ပြီးတော့ နန္ဒာ’
‘ဟုတ္ကဲ့ကိုကို’
‘နန္ဒာတစ်ယောက်တည်း ကိုကိုချစ်တာ’

မြနန္ဒာသည် ဘာမျှပြန်မပြောဘဲ တယ်လီဖုန်းကို ချလိုက်သည်။ ပါရီ၌နေကြသော နှစ်နှစ်လောက်မှာ မြနန္ဒာသည် အရူးပမာ ဖြစ်နေ၏။ မလိုပါဘဲဖြင့် စိတ်ဆင်းရဲကို ရှာသော မြနန္ဒာလေး။ အိပ်ရာထဲ၌ နန္ဒာကို ချစ်သနားခြင်းဖြင့် မျက်နှာချင်းအပ်နေဆဲ  ဖြုန်းခနဲ မပြောမဆို ထထိုင်၍ ကိုကို့ပါးကို ဖြန်းခနဲ ရိုက်တတ်သည်။ ရုတ်တရက်မို့ တွန်းလိုက်မိလျှင် ရယ်မောသည့်အခါ ရယ်မော၍ ငိုယိုသည့်အခါ ငိုယိုနေ၏။ သိပ်မွေ့အေးဆေးသော န ဂိုအကျင့်ကို သိပ်မမြင်တော့။ ရေပြင်ဂယက်ရိုက်သလို မနာလိုစိတ်တွေ၊ နာကျည်းစိတ်တွေ နန္ဒာ့ဘဝကို လွှမ်းမိုးနေပြန်၏။ နန္ဒာမသိဘူးလား။ သည်လိုဖြစ်ဖို့ မလိုဘူးဆိုတာ ကိုကို့အဖို့ နန္ဒာသာ အရေးကြီးတယ်ဆိုတာ။ တစ်ခါတရံတော့လည်း နန္ဒာသည် အလွန်တိတ်ဆိတ်သော ရန်ဖြစ်ခြင်းမျိုးနှင့် နေပြန်၏။ ကိုကို၏ မမြင်ကွယ်ရာ၌ ရှောင်နေပြန်၏။ နန္ဒာ့အသံကို ကြားချင်လို့မှ မကြားရပြန်ချေ။ ခြေသံတောင်မမြည်အောင် လျှောက်လေသလားမသိ။ သားကိုပင် ကိုကိုရှိလျှင် အရောဝင်ခြင်းမပြု။ ကိုကိုက သည်လိုအချိန်မျိုးမှာ ဆေးစာအုပ်များနှင့်သာ နေပြန်လျှင် နန္ဒာသည် ဖြုန်းခနဲ ထလာတတ်ပြီး ကိုကို့ရဲ့ ဆံပင်သန်မာ ထူထဲသော ခေါင်းကို ရင်ခွင်ထဲ ပွေ့ယူကာ ‘ကိုကို့ကို နန္ဒာ ဘယ်လောက်ချစ်သလဲ’ လို့ သူ့ဘာသာ မေးလေသလား ဖြေလေသလားမသိ ထူးဆန်သော စကားကိုဆိုတတ်သည်။


‘နန္ဒာရူးသွားရင် ဒီတိုင်းတော့ ကြည့်မနေနဲ့နော်။ နန္ဒာရှက်တယ်။ မော်ဖီးယားအများကြီးထိုးပြီး အိပ်ခိုင်းလိုက်ပါ’ တဲ့။ ရယ်ဟဟဖြင့် ပြောသေး၏။
ခဏကြာလျှင် သတိရလာပြန်ပြီး ‘ခု--- မရူးခင်ကော မလုပ်ပေးနိုင်ဘူးလား’


ပြီးတော့ နေ့စဉ် သတင်းစာထဲမှာ အက်ဖယ်မျှော်စင်ပေါ်က ခုန်ချသေသူ။ လျှပ်စစ်ရထားပေါ် ခုန်လွှဲပစ်ချပြီး သေသူတို့ သတင်းကို ထပ်တလဲလဲ ဖတ်တတ်၏။ ‘ရုပ်ပျက် ဆင်းပျက်ကြီးနော် ကိုကို။ ရှက်စရာကြီး။ လူတွေကြည့်မှာ’ လို့ပြောတတ်၏။ ‘မိုက်လိုက်တာ။ အိပ်ဆေးသောက်ပါလား’ လို့ အကြံပေးချင်ပြန်၏။


ကိုကိုသည် အိပ်ဆေးပုလင်းများ ကုန်သလောက် ရှိနေသည်ကို အံ့သြစွာ တွေ့ရ၏။ ‘နန္ဒာ သောက်ပစ်နေတာလား’ လျှင် ‘အိပ်လို့မှမပျော်ဘဲ’ ဟု ဖြေ၏။ အိပ်ဆေးပုလင်းများ သူသိမ်းဆည်းလျှင် နန္ဒာက ခေါင်းကို နောက်ပစ်၍ ခပ်တိုးတိုးပင် ရယ်မောလိုက်ကာ ‘သားလေး ငယ်သေးတယ်ကိုကိုရဲ့’ ဟု ပြောတတ်လေ၏။


ကိုကိုရဲ့ ပလပ်စတစ် ခွဲစိတ် ကုသခြင်းပညာ ပထမပိုင်း ပြီဆုံးသွားပြီး၊ နောက်ထပ် တစ်နှစ်မျှ ဆက်သင်ချင်သေး၏။ သို့သော် ပါရီ၌ ဆက်မနေချင်တော့။ မြနန္ဒာသည် အစွဲအလန်းကြီးသူ ဖြစ်သည်။ လုဗ်ပြတိုက်သို့ လုံးဝမသွားတော့ချေ။ ‘အဲဒီလမ်းကို မလျှောက်ချင်လို့’ ဟု ဖြေတတ်လေသည်။ ပါရီမှာ သူနေချင်တော့သည်လည်းမဟုတ်။ ပါရီကို နန္ဒာမုန်းပြီတဲ့။ မိန်းမပေါသော၊ အချစ်ပေါသောမြို့ဟု ခေါ်သေး၏။


‘နန္ဒာကော ဆံပင်တွေ ဖြတ်ပစ်ပြီး ဂါဝန်တိုလေးဝတ်ပြီး စိမ်းမြစ်ကမ်းပါး လျှောက်ကြည့်ချင်လိုက်တာ။ အဲဒီလိုဆို အချစ်များစွာနဲ့ တွေ့မယ်လားကိုကို။ ဒါမှမဟုတ် ကိုကို့အချစ်ကို ရမယ်လား’ လို့ ရယ်မောနောက်ပြောင်လိုက်သေး၏။ သို့သော် နှုတ်ခမ်းထောင့်များ မဲ့ကာ တုန်ရီနေသည်။


‘မမိုက်ချင်စမ်းပါနဲ့ နန္ဒာရယ်’ လို့ ဆိုလျှင်

‘နန္ဒာ့ကို မိုက်ချင်တယ်ပဲ ပြောကြတာပဲနော်။ နန္ဒာကဖြင့် ဘာမှမလုပ်ရဘဲနဲ့။ သူများလုပ်သမျှသာ နန္ဒာ ခံရပြီးတော့’ ဟု ကလေးလို ငိုတတ်သည်။

ထို့ကြောင့် ပလပ်စတစ်ပညာကို ပထမပိုင်းနှင့်ပင် ကျေနပ်ရပြီး သူတို့ ဂျာမဏီသို့ ပြောင်းကြ၏။ ကလေးသူငယ် ခွဲစိတ်မှုအတွက် နှစ်နှစ် သင်ချင်သေး၏။

သဘောတူမြဲ။ ငွေပို့မြဲ ပါပါတို့က လက်ဝတ်ရတနာများပါ ထုခွဲရောင်းချစားဖို့ ပို့ပြန်၏။ မြနန္ဒာနှင့် သူ့မိဘတို့ စာရှည်များ အပြန်အလှန် ရေးဟန်လည်းရှိသည်။ ကိုကို့ အကြောင်းကို တိုင်လေသလားမသိ။ သူ့မိဘကတော့ နားလည်လိမ့်မည်။ အထူးသဖြင့် ပါပါက နားလည်လိမ့်မည်။ လူ့ဘဝ၌ တစ်ခါမျှသာ ငယ်ရွယ်နုပျိုရသည်ဆိုတာ။


ဂျာမဏီ၌ နန္ဒာ လူ့ဘဝမှာ အေးချမ်းစွာ နေတတ်လာသည်ကို နှစ်လိုဖွယ် တွေ့ရသည်။

မနက်မိုးလင်းလျှင် ကိုကို ဆေးရုံသွားသည်ကို အပေါက်ဝအထိ လိုက်ပို့၏။ သားကျောင်းသွားချိန်မှာ ကျောင်းအထိ လိုက်ပို့ပြန်၏။ ပြီးတော့ တစ်ယောက်တည်းကျန်လျှင် ပီယာနို တီး၍နေ၏။ ဂရင်းပီယာနိုကြီးတစ်လုံး ဝယ်ထား၏။ သီချင်းကြီးများစွာ တက်၏။ ရှေးသီချင်း ဓာတ်ပြားများစွာ ဝယ်၏။

‘မြန်မာ သီချင်းတွေကို သင်္ကေတနဲ့ ရေးထားလို့ ဝယ်လာတယ်။ ကြည့်ပါဦး ကိုကိုရဲ့’ ဟု လာပြတတ်၏။ ပြီးတော့ စမ်းသပ်တီးခတ်နေတတ်သည်။
မြန်မာကဗျာကို ဖတ်လို့တော့ မငိုတော့ပြီ။ ကြိုးကြားရောက်လာသော မြန်မာမဂ္ဂဇင်းများဆို ဖတ်၍ ကြိုက်တတ်သောကဗျာကို ပီယာနို၌ အသံသွင်းသည်တဲ့။
ကြင်သူဝေး၍


တွေေးတောနွမ်းလျ လွဲခဲ့ရသည်
ပန်းမြနန္ဒာ  တစ်စောင်စာမျှ
မလာရောက်ခက် မေ့လျော့ရက်၏
ဝေသက်ပြောင်းညွှတ်  စွဲလမ်းတတ်သော
ဆွတ်ပျံ့ရွက်သိပ်  အင်းလျားရိပ်မှ
စိတ်စောရသူ  တစ်ယောက်သောသူကို
ကူလှာပါဘိ ကြည့်လှည့်ပါဦး
ကြည်းနူးမူးယစ် အချစ်သစ်ဖြင့်
မြစ်ပြင်လယ်ပြာ ချောင်းသစ်ရှာ၍
အိမ်ရာအသစ် ပြောင်းဖြစ်သည်လား
ကျီစားပြက်ရယ် ပြောလွယ်ပြီထင့်
မွှေးရီငုံလွှာ နှင်းဆီရာထောင်
စိမ်းပြာလိမ္မော် ရွှေရော်ညိုညက်
ချောကလက်ပွင့် သက်ပင့်မူးဝေ
ပွင့်ဖူးထွေပြား
လေလွင့်သေဆုံး ဆုံးရှုံးခဲ့သော
ခွေနွဲ့ပျော့ပျောင်း နှမအလောင်းကို
လက်မောင်းကြားမှာ ထွေးပွေ့လှာရ
မသာအိပ်မက် မက်တတ်သေးသည်။  ။


‘ဘယ်လိုကဗျာလဲ သီချင်းလဲ ဒါလင်ရဲ့’ လို့ မျက်မှောင် ကြုတ်လို့ မေးလျှင်တော့ မြနန္ဒာက ‘အိပ်မက်ပဲ ကိုကိုရဲ့။ မမက်ရဘူးလားလို့ ပြန်ပြောတတ်သည်။ ‘ အိပ်မက်ပဲ’ လို့ ‘မမက်ဘူးလား’ လို့ မကျေမနပ်ဖြင့် ပြောပြန်သည်။ ကိုကိုက ရယ်မော၍----


‘မက်ရပါတယ် နန္ဒာရယ်’

ဟုတ်သည်။ မက်ရပါသည် နန္ဒာရယ်။ အိပ်မက် မက်တတ်သူသာ မက်ရသည်ပဲ။ ဒါဟာ နန္ဒာရဲ့ အမှားတော့ ဖြစ်သည်။ သို့သော် နန္ဒာမပြုလုပ်ခဲ့ရသော မွေးကတည်းက ပါသော အမှားဖြစ်သည်။ ထိုအမှားကြောင့် စိတ်သိမ်မွေ့ရသည်။ အထီးတည်းနိုင်ရသည်။ သူတကာနှင့် ရောလို့ မရသည်။ တယောက်တည်း ဖဲခွာထွက်လာတတ်စေသည်။ ဝေဒနာခံစားရာ၌ ပြင်းပြစေသည်။ လောက၌ အကောင်းဆုံးချည်း၊ အလှကိုချည်းမြင်စေ၊ မျှော်မှန်းစေပြီး အကောင်းနှင့်အလှဆိုတာချည်း ဖြစ်နိုင်သည်ဟု ယုံမှားစေသေး၏။ စိက်ကူးယဉ်စေ၏။ စိတ်ဒဏ်ရာ ရလွယ်စေ၏။ မေ့ပျောက်ခဲစေ၏။


ပြီးတော့ ကိုကို့ နှမ မြနန္ဒာအဖို့ ပိုဆိုးသည်မှာ ကိုယ့် ကိုယ် ကို ဘာလိုချင်မှန်း ဘဝ၌ ဘယ်လိုနေရမှန်း မသိခဲ့ခြင်း ဖြစ်လေသည်။


နန္ဒာကို မရယ်မောလိုတော့။ နန္ဒာသာ ပါပါ့ သမီး မဖြစ်ခဲ့လျှင် တစ်လလျှင် ပေါင် ၄၀ ဖြင့် နေကာ လမ်းမပေါ်တွင် ၁၀ ပေါင်မျှဖြင့် ချရောင်းသော ပီယာနိုစုတ်ကလေးကို တီးပြီး ဘဝတလျှောက်လုံး ကျေနပ်နေနိုင်မည် ထင်သည်။ ဥရောပတစ်ဝှမ်းမှာ ကျော်ကြားသော ယခုတီးသည့် ပွဲဝင်ဂရင်းပီယာနိုမျိုးကို မင်းပရိသတ်အလယ်မှာ တီးသော ပညာသည်အဖြစ်သို့ ရောက်ချင်လည်းရောက်မည်။ ယခုတော့ အိမ်နီးချင်းများကို အားနာ၍ အခန်းကို အသံလုံအောင် ပြုပြင်ပြီး တရေးနိုးတိတ်ဆိတ်ချိန်မှာ ထပြီး အသာ တို့ခေါက်ရ၏။ မကျေနပ်ပြန်လျှင် အခန်းကျဉ်း၌ ခေါက်တုံ့လျှောက်ကာ ဂျာမန်စာအုပ်များကို ဖတ်နေပြန်သည်။


နန္ဒာကို ကိုကို နားလည်ပါသည်။
ကိုကို့ ကိုလည်း နန္ဒာ ခေါင်းမာမာဖြင့်ပင် အနည်းငယ် နားလည်ရသည်။ အောက်တိုဘာ မြူးနစ်ပွဲတော်၌ တိုးကြိတ်ပျော်ရွှင်ကြသော လူစည်ကားရာသို့ တစ်ခါမျှသာ လိုက်လာပြီး အိမ်မှာ ကလေးနှင့် နေရစ်သည်။ သည်ပွဲတော်မှာ မြနန္ဒာလို အလှကလေး အဖိုးတန်ကလေး ကိုကို့ နှမကလေး ပါဝင်သင့်သည် မဟုတ်။ နန္ဒာကို လူတိုးမှာလည်း ကိုကို စိုးလှ၏။


ကိုကိုကတော့ အိပ်မက် မမက်တတ်သူ။ ပန်းပွင့်ကို မြင်လျှင် အလှကြည့်မည့်အစား ခူးဆွတ်မွှေးနမ်းလိုသူမို့ ပန်းပွင့်တွေသာမက တေးသံ စကားသံ လူသံ လူနံ့ ရောထွေး မူးရီသော ပွဲတော်၌ လုံးထွေးပါဝင်ရသည်။ နန္ဒာက ကိုကို့ ကို အပြစ်တင်ဦးမည်လား။ ခွဲစိတ်ကုသခြင်းဖြင့်သာ ဆေးရုံမှ အဝတ်မကပ်သော လူ့ဘဝ ဖုံးအုပ် ကွယ်ဝှက်ခြင်းမရှိသော အကြောအခြင် အသွေးအသားတို့သာ မြင်ရသည့် ဘဝ၌သာ နစ်မူး၍ ရူးစေချင်သည်လား။


ထို ပွဲတော်မှာ အန်းနာနှင့် ချစ်ရသည်။
နဂိုကတော့ ကိုယ့် ဆေးရုံက ခင်မင်နေသည့် သူနာပြုမလေးပါပဲ။ စင်စစ်တော့ နဂိုက တော်တော် ခင်ခဲ့သည်အမှန်။ ခွဲစိတ်ခန်း၌ ကူရသော သူနာပြုမကလေး ဖြစ်သည်။ သူနာပြုပညာကို ၇ နှစ်ကြာမျှ သင်ယူပြီးမို့ ခွဲစိတ်ခုံပေါ်၌ အလုပ်များစဉ် ကျွမ်းကျင်သော စိတ်ချရသော အားကိုးရသော အဖော် ဖြစ်သည်။ သွေးကြောများကို ကျွမ်းကျင်လှသော လက်များဖြင့် ကြိုးမမြင်ရအောင် အလွန် လျင်မြန်စွာချည်စဉ် သွက်လက်စွာ အမီ ကူညီတတ်၏။ တစ်ခွန်း မပြောရ။ လိုသမျှ ကိရိယာကို အသင့် လက်ထဲ ထည့်တက်၏။ ခွဲစိတ်နေစဉ် လူနာ၏သွေး ပြာလာလျှင် မေ့ဆေးဆရာကို မျက်လုံးဖြင့် ကြည့်၍ သတိပေးတတ်သည်။ အန်းနာ အကူအညီဖြင့် ခွဲစိတ်ရသည်ကို သူ စိတ်တိုင်းအကျဆုံး။
ခွဲစိတ်ခန်းမှ ထွက်လာလျှင် မောတာချင်း အတူတူ အန်းနာက ကော်ဖီကျကျ တစ်အိုး လာချပြန်၏။ သူ ကြိုက်တတ်သည့် စားစရာ မုန့်များကို မရအရ ရှာဖွေပေးတတ်၏။ ပန်းသီးများ ခွဲစိတ်ပေးတတ်၏။
အမောပြောလျှင် ခွဲစိတ်ခန်းက နောက်ဆက်တွဲကိစ္စများအကြောင်း ပူစရာမရှိ။ ရေးမှတ်စရာများ၊ အိုင်အော့ပစ်လုပ်ရသည့် အသွေး၊ အသား၊ အရိုး၊ အကြိတ် စစ်ဆေးခန်းသို့ ပို့စရာများ၊ လူနာ သွေးအား၊ နှလုံး အခြေအနေ သတိရ မရ အသေးအဖွဲ အားလုံး စစ်ဆေးပြီးပြီ။
ခွဲစိတ်ခဲ့ရာ၌ တွေ့ဖူးသမျှထဲမှာ အန်းနာသည် ကျေနပ်စရာအကောင်းဆုံး အလုပ် လုပ်ဖော်ဖြစ်သည်။
အန်းနာသည် မြနန္ဒာလို မလှပ သော်လည်း အထက်တန်းစားအမူအလေ့ မရှိသော်လည်း စကားပြောလို့ လွယ်သော မိန်းကလေးဖြစ်သည် ဆိုတာ အောက်တိုဘာပွဲတော်မှာ သိရ၏။


မမျှော်လင့်ဘဲ အန်းနာကို ညစာစားဘို့ ခေါ်မိလျက်သား ရှိ၏။ ခါတိုင်း တောင့်တင်းဖြူဖွေးထူထဲသော ဝတ်စုံဖြင့် စင်ကြယ်သော လက်ချောင်းများ၊ စင်ကြယ်သော မျက်နှာဖြင့် တွေ့ရမြဲ အန်းနာကို ခရမ်းနုရောင် ဂါဝန်ဖြင့် နှုတ်ခမ်းဆိုးဆေး ခြယ်သသော ခေါင်းစွပ်ဖုံးအုပိခြင်း မရှိသဖြင့် ရွှေဝါရောင်ဆံပင်နုများ ဝေဆိုင်းကာဖြင့် မြင်ရတော့ တစ်မျိုး ကျေနပ်မိ၏။
အန်းနာလို မိန်းကလေမျိုးနှင့်ရလျှင် သူ့ဘဝ တစ်မျိုးအဆင်ပြေမှာ အမှန်ပဲ။ ဘာသာစကားချင်း တူသောလူမျိုးဖြစ်၏။ နန္ဒာကဆိုလျှင် ဆေးစာအုပ်ကအစ နံသည်တဲ့။ ကြံကြံဖန်ဖန် ပြောတတ်သည်။ ဆေးစာအုပ်အဖုံးများပေါ်က နာမည်တောင် ဖတ်မကြည့်။ ကိုကို ဖတ်လျက်တန်းလန်းမို့ စာအုပ်ကိုဖွင့်လျက်ထားခဲ့လျှင် အပြေးအလွှား လာပိတ်တတ်သည်။ ရုပ်ပုံတွေကို စိတ်ညစ်သည်တဲ့။ မကြည့်ချင်တဲ့။ သားကလေးမြင်မည်စိုးသည်တဲ့။ သားကလေး ဆရာဝန် မဖြစ်ဘူးပေါ့နော်။ ကိုကို့ ပညာကို အထင်ကြီးဖို့ လေးစားဖို့ ဆိုသည်ကို စိတ်ကူးထဲ ထည့်မိဟန်မရှိ။ သတိပင်မရ၊ တွေးပင်မတွေးမိ။ တကယ်တော့ ကိုကို၏ ဘဝ၌ အရေးကြီးဆုံးသော ဆေးပညာကိစ္စရပ်များမှာ မြနန္ဒာသည် စိုးစဉ်မျှ မပါဝင်လို့ချေ။
အောက်တိုဘာပွဲတော်မှာ ယောကျင်္ား မိန်းမ အပျို အအို တို့ လမ်းမပေါ်မှာ ရူးမူး ရောထွေးကာ နမ်းကြ ဖက်ကြ သီချင်းဆိုကြ ခုန်ပေါက်ကြတာက စ သည်။ အန်းနာ သာ အန်းနာ မဟုတ်လျှင်တော့ ကိုကို့အဖို့ ဘာမျှ ထူး၍ ပြောစရာ စကား ရှိလာမည်မဟုတ်။ ဘဝ၌ တွေ့ကြုံခဲ့သော နှစ်ဦးသဘောတူ နားလည်သဘောတူခဲ့သော အချစ်များစွာတို့လိုပင် တံတားအောက်၌ ဖြတ်စီးသွားသည့် ရေပမာ ဖြစ်စဉ်တရပ်သာ ဖြစ်လိမ့်မည်။ ခုတော့ နဂိုက လေးစားခဲ့သော အထင်ကြီးခဲ့သော ခင်မင်ခဲ့သော အန်းနာမို့ သူသည် ပွဲတော်တချိန်လုံး အသစ်အသစ် မရှာတော့ဘဲ အန်းနာနှင့်သာ သွားလာပျော်ရွှင်နေခဲ့သည်။ အခန်းတခန်း ငှားပြီး အန်းနာကို ထားလိုက်သည်။ ကိုကို့ သောတွဲမှာ တချောင်း ပိုလာသည်။ အန်းနာ၏အခန်းသည် ကိုကို တခါမျှ မရဖူးသော စိတ်သက်သာ အေးချမ်းသော ကိုကို နားနေရာ အိမ်တအိမ်လည်း ဖြစ်သည်။


အန်းနာသည် ရဲ့ရင့် သတ္တိ ရှိလှသည်ကိုလည်း တွေ့ရ၏။ ကိုကိုရဲ ့ ကလေးကို သူ မွေးချင်သည်တဲ့။

ထိုကြောင့် အန်းနာသည် ကိုကို့ ကလေးမွေးရလေသည်။ ကိုကို့ ကို သူ မပိုင်ဆိုင်နိုင်သော်လည်း ကိုကို့ကလေးကို သူ ပိုင်ဆိုင်ရလျှင် ကိုကို့ ရဲ့ တစိတ်တဒေသကို ပိုင်ဆိုင်ရတာဘဲလို့ ယူဆဟန်ကို ပြောပြလေတော့ မြနန္ဒာမှာ သည်လို စွန့်စားတတ်သော အချစ်မရှိပါဘူး။ အနာခံသော အချစ် မရှိပါဘူး။ ကိုယ်လိုချင်ရာသာ တောင်းခံတတ်သော မြနန္ဒာပါပဲ ဟု သူတွေးတောလာမိတာ အမှန်ပင်တည်း။ ( မြနန္ဒာကတော့ ကိုကို့ ကို နန္ဒာ့ တစ်ဘဝလုံး အဆုံးခံပြီး ပေးထားပြီ မဟုတ်လားလို့ ပြောသည်။ သူပေးပုံကတော့ တမျိုးပဲ။ ကိုကို လိုချင်တာကို ပေးသည်လည်းမဟုတ် )


အန်းနာ ကိုကို့ ကလေးကို မွေးခါနီးလောက်မှာ ကိုကို့ ပညာသင်ခြင်း ပြီးဆုံးသွား၏။ ဘွဲ့တခုရပြန်ပြီ။ မြန်မာပြည်သို့ ပြန်ချိန်တန်လေပြီ။ ပါပါ မာမာတို့က ပြန်လာစေချင်ပြီ။ မြန်မာပြည်သို့ ပြန်ပြီး ထိပ်သီးဆရာဝန်ကြီးအဖြစ် ခံယူဦးမည်။ ကိုကို့ နှမ မြနန္ဒာကလည်း ပါရဂူဘွဲ့ရ ဆရာဝန်ကြီးကတော် မြနန္ဒာဂျော်ပေါ့။ မြန်မာပြည်သို့ ပြန်၍ တင့်တယ်စွာ နေသောဘဝ။ ကိုကို့အဖို့တော့ ခွဲစိတ်ခန်း၌ သေမင်းနှင့် အပြိုင် နပမ်းလုံးသော ဘသ။ ( သို့သော် ထိုဘဝ ကို ကျေနပ်ပါသည် ) ပြန်လည် ယူရဦးမည်။


‘မြန်မြန်ပြန်ရင်လည်း ပြန်ပါစို့ ကိုကိုရယ်’ ဟု မြနန္ဒာက ပြော၏။
‘အစကတော့ ဒီမှာ နန္ဒာ့ အိမ်ကို တွေ့ပြီဆို။ တသက်လုံးနေချင်ပါပြီဆို။ ပီယာနိုတီးပြီး၊ စာအုပ်ဖတ်ပြီး၊ ပြဇာတ်သွားပြီး နေမှာပေါ့ဆို။ ဒါတွေရှိရင် နန္ဒာမှာ လုံလောက်တာပါပဲ။ ကိုကိုကတော့ နန္ဒာရဲ့ ထမင်းစားလက်မှတ်ပါပဲ။ မြောက်ကျွန်းသူမြခနောက်ပါပဲ’ ဟု အနည်းငယ် ဝမ်းနည်းသလိုလိုဖြင့် ပြောမိ၏။
‘ကိုကို ဧည့်ခန်းမှာ နန္ဒာကလည်း ဧည့်သည်ကြည့်စရာ ချိတ်ထားတဲ့ ပြက္ခဒိန်ရုပ်ကလေးပဲ မဟုတ်လား’ ဟု ကိုကို့ နှမက ရန်ဖြစ်ဖို့ အသင့်ပြင်သည်။
သို့သော် ကိုကိုသည် ရန်မဖြစ်အားသေးချေ။ သူ့မှာ ငွေလိုနေသည်။ အန်းနာ ကလေးမွေးပြီးမှ ပြန်ချင်သည်။ ပွဲတော်မှာ အန်းနာနှင့် သုံးပစ်မိသောကြောင့် ငွေပြတ်သွားပြီ။ ဘဏ်ကငွေချေးနေရသည်။ ပါပါ့ထံမှ ငွေလာဖို့ တပတ်လိုသေး၏။ လောလောဆယ် အန်းနာကို သီးသန့်ဆေးရုံတခုမှာ နာမည်လိမ်ဖြင့် တင်ရဦးမည်။ ( သို့ပေမည့် သူ့ကလေးကိုတော့ ဖအေ့ နာမည် အမှန်ပေးခဲ့မည်ဖြစ်၏။ သာဦးဂျော်ပင် တွင်စေမည်ဖြစ်၏ )


ကိုကို ငွေလိုသလား ဟု မြနန္ဒာက မေးဖော်ရသဖြင့် အားလည်းနာ ကျေးဇူးလည်း တင်ရသည်။ သို့သော် ဆိုးရွားသော ကိုကို့ နှမသည် လက်ထပ်ခြင်းအထိမ်းအမှတ် လက်စွပ်ကို ချွတ်၍ ပေးလေသည်။ နန္ဒာနဲ့ တော်လည်းမတော်ဘူး ဟု ပြောရက်တတ်၏။ တကယ်တော့ ကိုကို ငွေစု၍ အစားလျှော့၍ အမေရိကမှ ဝယ်လာသော စိန်ခြယ် မြလက်စွပ်ဖြစ်သည်။ နန္ဒာရဲ့ မျက်လုံး အေးအေးညိုညို ဖြင့် လိုက်မယ့်အရောင်ပဲလို့ သူ တွေးတော တ, သ ပြီး ဝယ်လာသော လက်စွပ် ဖြစ်သည်။ ကိုကို အဖိုးထားလှသော လက်စွပ်ဖြစ်သည်။ ရွဲ့စောင်းရက်သော မြနန္ဒာပင်။
‘ပြန်ဝတ်ထားပါ’ ဟုသာ ခပ်ပြတ်ပြတ် ပြောမိပြီး အိမ်မှ ထွက်လာကာ မိတ်ဆွေ ဂျူးဆရာဝန်ထံမှ ငွေချေးရသည်။
မြန်မာပြည်သို့ အန်းနာ ကလေးမွေးပြီးမှ ပြန်မည်လို့ သူ တင်းတင်းမာမာပင် ကြေငြာလိုက်၏။ ကိုယ့်ဘက်က တွေးတယ်ဆိုဆို၊ သည်လောက်တော့ မြနန္ဒာ သိတတ်ဘို့ကောင်းသည် ထင်၏။ တကယ်တော့ ဘယ်တော့မှ ပြန်တွေ့ဖို့ မမျှော်လင့်နိုင်သည့် အန်းနာနှင့် ကိုကို့ ကလေးကို သည်တခဏမှာတော့ ကြင်နာနိုင်သမျှ ကြင်နာရမည်ပင်။


အန်းနာ ဆေးရုံတက်သည့် တချိန်လုံး သူသည် အိမ်၌ ငြိမ်ငြိမ် မနေနိုင်ခဲ့။ အန်းနာရှိရာ ဆေးရုံးသို့ ပြေးလိုက်၊ ကိုယ့်ဆေးရုံက လိုရာစာအုပ်၊ စာရွက်စာတမ်း ကိရိယာတန်ဆာပလာများကို သယ်လိုက်၊ မြို့ထဲထွက်၍ မြန်မာပြည်တွင် သုံးရမည့် ခွဲစိတ်ကိရိယာများ ရှာလိုက်နှင့် တော်တော် အလုပ်များသည်။ မသိတတ်သော မြနန္ဒာက အလျင်စလို လေယာဉ်ပျံလက်မှတ်ကို  ဝယ်ပြီးလေပြီ။ အထုပ်အပိုး သိမ်းဆည်းပြီးလေပြီ။ အန်းနာသာ နောက်ကျပြီး မွေးလျှင် ကိုကို့ ကလေးရဲ့ မျက်နှာကိုပင် မြင်လိုက်ရတော့မည် မဟုတ်။ ခုတော့ အန်းနာက စောပြီး မွေးအောင် လေ့ကျင့်ခန်းကြမ်းကြမ်း လုပ်သည်တဲ့။ ဝမ်းနှုတ်ဆေး စားသည်တဲ့။ အန်းနာသည် မှန်းသောရက်မှာ ကိုကို့ ကလေးကို မွေးသည်။ ပြီးတော့ သွေးလွန်သည်မို့ သွေး လေးပုလင်းပင် သွင်းရသည်။


ကိုယ့်အကြောင်းသာ တွေးသော မြနန္ဒာက ရန်ကုန်မှာ သုံးဖို့ နိုင်လွန်လိုက်ကာ ခန်းဆီးများသာ ဝယ်သည်။ ဇွန်း၊ ခက်ရင်း၊ ဓားများ၊ ပန်းကန်များ၊ ဝိုင်ဖန်ခွက်များ ဝယ်သည်။ သားဖို့တဲ့ ပန်းချီဆေးများ၊ စုတ်များ ဝယ်သည်။ ဓာတ်ပြားများ ဝယ်သည်။ ပီယာနိုကို သယ်ယူဖို့ စီစဉ်သည်။


‘ပြီးတော့ ကိုကို-နန္ဒာ တမျိုး နှုတ်ဆက်ချင်တယ်။ နန္ဒာတို့ ဂျာမဏီ ရောက်စတုန်းကလိုလေ။ ကိုကိုနဲ့ နန္ဒာနဲ့ နှစ်ယောက်တည်း ညနေစာ အပြင်မှာ စားမယ်။ သားကို အိမ်မှာ ကလေးအစောင့်နဲ့ ထားမယ်။ ၇ နာရီတိတိ ရောက်အောင်လာနော်။ ပြီးတော့ ပွဲကြည့်မယ်။ လက်မှတ်နှစ်စောင် ဝယ်ပြီးပြီ။ ပြီးတော့ အဆင်သင့် ခဏ က ကြတာပေါ့’
ကိုကိုသည် စိတ်လေးလေးဖြင့် ခေါင်းညိတ်လိုက်သည်။ စိတ်ထဲမှာ အန်းနာအကြောင်း စဉ်းစားနေသည်။ အန်းနာကို ငွေများလည်း မပေးခဲ့နိုင်။ သွေးသွန်ထားသဖြင့် နွမ်းနယ် ဖျော့တော့ တာကိုလည်း စိတ်မချ။ ထပ်သွန်တတ်တာလည်း သတိရ၏။
သတိရသည့်အတိုင်းပင် ပြန်ကြရမည့် နောက်ဆုံးညမှ အန်းနာ သွေးထပ်သွန်သည်။ သွေးပုလင်းများ လေးပုလင်းပြိုင် ခြေနှစ်ဘက် လက်နှစ်ဘက်မှ သွင်းရသည်။ သေမင်းနှင့်အပြိုင် တိုက်ခိုက်ရပြန်၏။


သို့သော် ကိုကို့ နှမကတော့ ဒီတညအတွက် ဘယ်တော့မှ သူ့ကို ခွင့်မလွတ်နိုင်တော့။
ထိုည အိမ်သို့ တနာရီကျော်မှ ပြန်ရောက်ရ၏။ နန္ဒာနှင့် အပြင်းအထန် ရန်ဖြစ်ကြ၏။ နန္ဒာကို ရိုက်နှက်ပစ်လိုက်မိ၏။


‘ငါဟာ အန်းနာဆီက ပြန်လာတာတင်မကဘူး။ သွေးသွန်နေတဲ့ လူနာတယောက်ဆီက ပြန်လာတာကွ။ ဟုတ်တယ်။ ငါ့ကြောင့် သွေးသွန်ရတဲ့ ဘဝရောက်ရတာဆိုတော့ကော ဘယ်ပြောချင်သေးလဲ’
‘နန္ဒာ့ ကိုရိုက်တယ်’ ဟုသာ မျက်လုံးတဘက်ကို လက်ဖြင့်ဖုံးပြီး နန္ဒာက ပြော၏။ မျက်စိကို ထိမိသွားလားမသိဘူး။ နန္ဒာကို ကိုကို လက်လွန်မိသည်။ ပါးစပ်ကတော့ ဆက်ပြောမိ၏။
‘မင်းဟာ…. မင်းဘဝ တခုတည်း အကြောင်းပဲ စဉ်းစားတယ်။ ငါ့ဘဝကို စိတ်ဝင်စားတာ မဟုတ်ဘူး။ ငါ့ဘဝကို သာယာကွက်ကလေး တကွက်တောင် မပေးဘူး။ ငါ အမြဲ အပျော်ရှာနေတယ်လို့သာ မင်း ထင်တယ်’


ဗြုန်းကနဲ တခါတုန်းက ဗိုက်ကို သေနတ်ပစ်ခံရသော ဒဏ်ရာဖြင့် ရောက်လာသည့် လူနာတယောက်ကို သတိရ၏။ ထိုလူနာကို မြနန္ဒာလို စိတ်ကူးယဉ်တတ်မယ့် ချစ်သူ မိန်းကလေးက သေနတ်ဖြင့် ပစ်သည်။ သစ္စာမဲ့လို့တဲ့။ သေနတ်ဖြင့် ပစ်သည်။ ထိုလူနာကို ကမန်းကတန်း ခွဲစိတ်ရ၏။


ဗိုက်ထဲ ကြေမွနေသည်ကို ရှာဖွေ ချုပ်လုပ်ရ၏။ အဲသည်တုန်းက သေသေချာချာ ကြည့်တာပဲ။ ရှာတာပဲ။ ကျောက်ကပ်မှာ ဘာဒဏ်ရာမှ မတွေ့ပါဘူး။ ချုပ်လုပ်ပြီး ဗိုက်ခွဲတာ ပြန်ပိတ်ပြီးတော့လည်း လူနာက ကောင်းနေတာပဲ။ သွေးတိုးနှုန်း သွေးချိန်မှန်နေတာပဲ။ သတိရလာပြီး စကားတွေပြောလို့ ကိုယ်က နိုင်ခဲ့ပြီ ထင်တာ၊ ကိုယ့်ဘက်ပါလာပြီ ထင်တာ။ ဒါပေမယ့် နောက်နေ့ကျတော့ သေရော။ အလောင်းခွဲကြည့်တော့ ကျောက်ကပ်က သွေးသွန်လို့ သေရတာကို သိရတယ်။ ကိုယ့် ကို ပေါ့လျော့မှုနဲ့ ဆရာကြီးတွေက ကြိမ်းတယ်။ ရှင်းလင်းထုချေစာကို ရေးရတယ်။ ရက်အကြာကြီး စိတ်ဆင်းရဲရတယ်။ ရှက်ရတယ်။ ဒါတွေ နန္ဒာ သိသလား’


‘ငါ ဘယ်အချိန်မှာ စိတ်ညစ်နေတယ်၊ ဒုက္ခရောက်နေတယ် ဆိုတာ မသိဘူး။ ခွဲစိတ်ခန်းထဲက သွေးသံရဲရဲ နဲ့ ချွေးတလုံးလုံးနဲ့ ထွက်လာတာ မင်း မမြင်ဖူးဘူး’


စိတ်ထဲကတော့ ပြောလိုက်၏။ ‘အဲသည်အချိန်မျိုးမှာ အန်းနာကသာ ငါ့ကို ယုယတယ်၊ ဂရုစိုက်တယ်၊ အလိုက်သိတယ်၊ ကြင်နာတယ်’
‘ မရည်ရွယ်ပေမယ့် လည်း ငါ့အပြစ်ကြောင့်ဖြစ်စေ ငါ့အပြစ်မပါဘဲဖြစ်စေ ခွဲစိတ်ခန်းမှာ ငါ လူသတ်မိတဲ့အခါမျိုးကို မဖြတ်သင့်တာ ဖြတ်မိတဲ့အခါမျိုး’
ဘယ်ဆရာဝန်သည် မမှားဖူး၊ မသေဖူးပါသလဲ။ သို့သော် မှားဖူး သေဖူးတာမှန်လည်း စိတ်ဆောက်တည်ရာမရ တပတ်မျှ လေလွင့်ရမြဲ။
‘မင်း သိတောင် မသိလိုက်ဘူး။ ငါ ဆောက်တည်ရာမရလို့ မင်းဆီ ပြန်လည်ညလး မထူးလို့ နှင်းတောထဲ ခြေဦးတည့်ရာ လျှောက်နေတဲ့အခါမှာ ငါ အလေလိုက်နေတယ်လို့သာ မင်းထင်တတ်တယ်။ ဘာဖြစ်လဲလို့ တခွန်းမေးဖူးသလား’
မြနန္ဒာသည် အံ့အားသင့်ကာ ‘ကိုကို  ဘာဖြစ်လို့ မပြောသလဲ’ ဟု ဖြည်းညင်းစွာ ပြော၏။ ပြီးတော့ နာသွားရှာမည့် မျက်လုံးတဘက်ကို အုပ်ထားသည့် လက် ဖြန့်ကြည့်ပြန်ကာ…..
‘ဘာအကြောင်းကြောင့်နဲ့မှတော့ လူလူချင်း မရိုက်သင့်ပါဘူး’ ဟု ခပ်အေးအေး ပြောပြန်သည်။
ရန်ကုန်ပြန်ရောက်လျှင် အသစ်တဖန် ပြန်စတင်မည်လို့ ကိုကို မျှော်မှန်းထား၏။ သို့သော် ရန်ကုန်ရောက်၍ ၄-၅ရက်ကြာသည်အထိ နန္ဒာ့မျက်လုံးထဲက သွေးချေအုခြင်း မပျောက်ပေ။


ပြီးတော့ နန္ဒာသည် သူ့စိတ်တံခါးကို ကိုကို မဝင်နိုင်အောင် ပိတ်ထားသည်ကို တွေ့ရလေ၏။ ပါပါ မာမာတို့ ဝယ်ပေးသော ခြံမြေ၌ ပါပါ မာမာတို့ ပေးသောငွေဖြင့် အိမ်ဆောက်သည့်ကိစ္စကို မအားလပ်အောင် လုပ်လေ၏။ ကိုကိုကလည်း ဝင်ငွေကောင်းလာပြီး ငွေကို ရေလို သုံးနေတတ်သော မြနန္ဒာအား ချက်လက်မှတ်စာအုပ် အပ်ရ၏။
‘ဒီလို မအားဘဲနေရတာ တော်တော်ကောင်းသားပဲ’ ပြောကာ နှင်းဆီပင်များ စိုက်၏။ သစ်ခွပင်များ စိုက်၏။ အိမ်ရှေ့မြက်ခင်းကို ဂျပန်မြက်များဖြင့် ကော်ဇောလို ညီအောင် အကြိမ်ကြိမ်ညှိ၍ စိုက်၏။
မြက်ခင်းအလယ်တွင် ဂျာမနီက ဘယ်တုန်းက ရှာဖွေဝယ်လာမှန်းမသိ။ ဝယ်လာသည့် ရေမြင်းရုပ်ကလေးဖြင့် ကျောက်ရေကန်သေးသေးလေး တည်၏။ ခြံထောင်၌ ကျောက်ဥယျာဉ် ပို ပြင်ဆင်သည်။


ပြီးတော့ ကိုကို့ ဧည့်သည်များကို ဖိတ်ကြားဧည့်ခံသည်။
ကျန်သော အချိန်မှာတော့ ရှန်ပိန်မသောက်တော့ဘဲ စီးကရက် တစ်လိပ်ပြီးတစ်လိပ် ဖွာကာနေသည်။ မြနန္ဒာ၏ လက်ညှိုး လက်ခလယ်များ ဝါညိုနေသည်။
အပြုံးမပျက်နေသည်။
သို့သော် ကိုကို့ကို အမှတ်မထား သူနေသည်။ ကိုကိုအိမ်ပြင်၌ ဘာလုပ်သည် သူမသိ။ ကိုကိုရဲ့ ဆေးရုံတာဝန်စာရင်းကို မြနန္ဒာ ဘယ်တော့မှ ကြည့်သည်မဟုတ်။ ဖတ်သည်မဟုတ်။ မှတ်သားသည်မဟုတ်။ ကိုကို သည်ညအဖို့ အိမ်မှာ ရှိမယ် မရှိမယ်ကို သူမသိချင်းဘူးဟု ပြောင်ပြောင်ပြောသည်။ ကိုကို့သဘောကျနေပါလို့ ခပ်အေးအေးပင် ခွင့်လွှတ်သည်။ ပြီးတော့ ဗော့စ်ဝက်ဂွန်ကားဖြင့် လည်ပတ်ကာနေသည်။ ဆရာဝန် ကတော်အချင်းချင်းအိမ်သို့ ဖဲလည်ရိုက်သည်တဲ့။


အိမ်မှာ နေပြန်လျှင် ဂီတခန်းလို့ သူ့ဘာသာ နာမည်ပေးထားသော ဧည့်ခန်းနှင့် ကပ်လျက် အခန်း၌ သန်းခေါင်သန်းလွဲ ပီယာနိုတီးကာ နေပြန်သည်။ အိပ်ခန်းသို့ တက်မလာဘဲ ဂီတခန်းက လဲလျောင်းစရာ ခုံရှည်၌ အိပ်ချင်အိပ်တတ်ပြန်သည်။ အတူနေထိုင်သော်လည်း တစ်ခါမှာ ကိုကိုနှင့် ရောဝင်ရင်းနှီး စကားမပြောတော့။ သူကလည်း ခပ်ချွဲချွဲ ကလေးသဖွယ် ပြောတတ်တာကို မကြားရတာကြာပြီ။ ယခုတလော နိုင်ငံခြားသူများနှင့်တွဲကာ ငပလီသို့၊ မြစ်ကြီးနားသို့၊ ရှမ်းပြည်သို့ ပုဂံသို့၊ ထားဝယ်သို့ လည်ကာ နေပြန်သည်။
ကိုကိုက ရန်ဖြစ်ချင်လည်း ဖြစ်လို့ မရ။
‘လင်မယားဆိုတာ ရန်ဖြစ်ရမှာပဲ ဒါလင်ရဲ့’ ဟု သူ အစချီဖူး၏။
‘လူသူစိမ်းနှစ်ယောက် အတူနေတာ တိုက်မိခိုက်မိမှာပဲ။ ရန်ဖြစ်နည်း ကိုကိုဖတ်ဖူးတာတစ်ခု ပြောပြမယ်။
‘နန္ဒာ ရန်မဖြစ်ချင်တော့ပါဘူး’ လို့ ဆိုဦးမည်။
‘ကိုကိုက ဖြစ်ချင်တယ်။ လင်မယားဆိုတာ ရန်ဖြစ်ရတယ်။ ဒါပေမယ့် နာကြည်းအောင် မပြောရဘူး။ မတရား အနိုင်မယူချင်ရဘူး။ နှုတ်ပိတ် လက်ပိုက်ပြီး မာနနဲ့ မနေရဘူး။ ရန်ပွဲက ထွက်ပြေးပြီးလည်း အခန်းတံခါးပိတ်မနေရဘူး’


‘နန္ဒာက ကားသွားမောင်း နေတာပါ။ တစ်နာရီ မိုင်ခြောက်ဆယ်တည်းပါ။ ဒါပေမယ့် တစ်နေ့တော့ ဒီလမ်းမှာပါပဲ မြန်မြန်သွားသွား နှေးနှေး သွားသွား’
‘နန္ဒာဟာ ဘာဖြစ်လို့ ကိုကို့အတွက် စိတ်တံခါး ပိတ်ထားရတာလဲ’ ဟု ဖွင့်ဟ၍ အတင်းမေးလျှင်တော့--
‘ကိုကိုက တံခါးခေါက်လို့လား’
‘အခု တံခါးခေါက်နေတယ်’
‘နန္ဒာ မောသေးတယ်ကိုကိုရယ် ထ, မဖွင့်ချင်သေးဘူး’ ဆိုပြီး မျက်တောင်များဖြင့် သူ့မျက်လုံးကို ဖုံးအုပ်ပစ်ဦးမည်။ကိုကိုက ပခုံးကို လှမ်းဖက်လျှင်တော့ တောင့်တင်းပြီး သူအလိုမရှိလျှင် ဆိုမြဲ၊ ရက်စက်သော စကားကို ဆိုဦးမည်။
“ ကိုကိုဟာ မိန်းမလိုက်စားသူသာ ဖြစ်ပါတယ်နော်” ။ “မုဒိမ်းကောင်တော့ မဟုတ်ပါဘူးနော်”


မာနကို သည်လို မကြာခဏ ထိခိုက်ပြန်တော့ ကိုကိုသည် မမျှော်လင့်ဘဲ ငယ်ငယ်က တွဲဖူးသည့်၊ ယခု အစိမ်းဝတ်သူနာပြု ဖြစ်နေသည့် အီမလ်ဒါကို ရုံးမှာ လက်ထပ်ယူသည်အထိ လုပ်ချင်ရာ လုပ်လိုက်မိ၏။ အီမလ်ဒါကို အိမ်ခန်းငှားပေးထားပြီး ကားပေါ်တင်ကာ လည်ပတ်နေလိုက်သည်။
အဲသည်နှစ်မှာ မြနန္ဒာ သည် မေမြို့၌ အိမ်နှင့်ခြံ ဝယ်ပြန်သည်။ မာမာတို့ ဆွေစဉ်မျိုးဆက် သိမ်းဆည်းခဲ့သော အဖိုးတန် ပတ္တမြားလက်စွပ်ကို ရောင်း၍ ဝယ်သည်တဲ့။ မာမာကပင် ဆူပူစိတ်ဆိုးကြ၏။ နန္ဒာကတော့ အိမ်ပြုပြင်မည်ဆိုပြီး ရှမ်းပြည်တက်သွားသည်မှာ တစ်နှစ်ကျော် ကြာလေသည်။ သူ့သားကိုပါ ခေါ်သွားပြီး မေမြို့ကျောင်း၌  ထားသည်။


နှစ်လတစ်ခါလောက် စာရေးလိုက်၏။ လွမ်းလွမ်းဆွေးဆွေး ရေးတတ်ပြန်၏။ စိတ်ကူးယဉ်ဆဲပဲ ရှိသေး၏။
ကိုကို---
တစ်ခါတုန်းက ကိုကို ပြောဖူးသလိုပဲ၊ ကိုယ့်ကိုယ်ကို မှားတယ်မထင်ပေမယ့် အားလုံးဟာ နန္ဒာ့ အပြစ်ပဲလို့ ထားလိုက်ပါ။ လောလောဆယ်တော့ နန္ဒာ စိတ်အေးချမ်း လှပါတယ်။ ရာသီကလည်း သာယာတယ်။ နွေဦးပေါက်မို့ နွေးလာပေမယ့် နေရောင်ထဲ လမ်းလျှောက်ရင်တောင် ဆွယ်တာဝတ်ထားရတုန်းပဲ။
ဂျာမနီမှာ နေခဲ့ကြတာတွေ သတိရတယ်။ အဲဒီမှာ နန္ဒာနဲ့ သားနေခဲ့ရင်ကောင်းမှာ။ အန်းနာနဲ့ ကိုကို့ကလေး လေးလည်း ဆင်းရဲနေကြသလား၊ ကောင်းစားနေကြသလား တွေးမိတယ်။ သူတို့ဆီက စာမရဘူးလား။ နန္ဒာနဲ့ တစ်လှေတည်းစီးတွေမို့ ကံကောင်းပါစေလို့ ဆုတောင်းရတယ် ကိုကိုရဲ့။
နန္ဒာလည်း ပီယာနိုတစ်လုံး ထပ်ဝယ်ပြီး ဒီမှာထားရင် ကောင်းမလား၊ ငယ်ငယ်ကတီးတဲ့ ပီယာနိုအဟောင်းပဲ ဒီရွှေ့ထားရင် ကောင်းမလား စဉ်းစားတယ်။ ကိုကို ပိုက်ဆံတတ်နိုင်ရင်တော့ အသစ်ဝယ်မှာပေါ့။ မတတ်နိုင်သေးရင်တော့ ပီယာနိုအဟောင်းပဲ ပြန်ပြင်ရမှာပဲ။ လက်ဝတ်လက်စား ထပ်ရောင်းရင် ပါပါတို့ပါ နန္ဒာ့ကို ရိုက်မလားမသိဘူး။
ညက လသာတယ်။ ထင်းရှုးနံ့တွေကလည်း မွှေးလိုက်တာ။ ထင်းရှုးရွက်တွေ ကတော့ တလက်လက်နဲ့။ ဇာပန်းခက်တွေလိုလှလို့။
တစ်ခါလောက် ကိုကိုလည်း နန္ဒာ့နားလာပြီး ထင်းရှုးခက်တွေ လရောင်မှာ လှနေကြတာကို ကြည့်စေချင်တယ်။ ပီယာနိုခေါက်စေချင်တယ်။ ညက ကိုကို့ကို သိပ်သတိရတယ်။
ကိုကိုကလည်း နန္ဒာ့ကို သူနာပြု အဝတ်အစားနဲ့ ဆင်ကြည့်ဖူးမှာနော်။ ဒါပေမယ့် နန္ဒာက သွေးမြင်ရင် မူးချင်တယ် ကိုကိုရဲ့။ ဆေးရုံကြီးရှေ့က ဖြတ်သွားတဲ့အခါ ရတဲ့အနံ့တောင် သိပ်သည်းခံရတယ်။
အော်--- ကိုကို မယားအသစ်နဲ့ ဟန်းနီးမွန်းထွက်တုန်း ဒီစာဖတ်ရရင် နှောင့်ယှက်မိတာ ခွင့်လွှတ်ပါ။ နန္ဒာ ရန်မထောင်ပါဘူး။ တကယ်သဘောရိုးနဲ့ တောင်းပန်တာပါ။
သားကတော့ အဖေ့ကို လွမ်းသားပဲ။ နန္ဒာ နေ့တိုင်း ကျောင်းလိုက်ပို့ လိုက်ကြိုတယ်။ သူက အခု ခြေထောက် မီပြီမို့ ကားမောင်းသင်ချင်တယ်တဲ့။ သင်ပေးရမလား။
ဒီမှာ အိမ်လည်းပြင်၊ ခြံလည်းပြင်နေလို့ တော်တော်နဲ့တော့ ပြန်မလာနိုင်သေးဘူးထင်တယ်။ သည်မှာ ပန်းစိုက်ရတာ သိပ်ပျော်စရာ ကောင်းတာပဲ။ ဘာပန်းပင်ဖြစ်ဖြစ် အရမ်းထ, ပွင့်တာပဲ။  ရေလည်းမလောင်းရဘူး။ မာလီကလည်း သိပ်အလုပ်နားလည်တာပဲ။


ကိုကိုပြောလို့ စီးကရက် လျှော့သောက်ပါတယ်။ ဒါပေမယ့် ရှန်ပိန်သောက်နေတာထက် မသက်သာဘူးလား။
နေ့လယ်ဆိုရင်တော့ ရေကူးမိတာများတယ်။ ကိုကိုကော ရေကူးမသင်ချင်သေးဘူးလား။ ဘယ်တော့မှ ကိုကို ရေကူးတတ်မှာ မဟုတ်ဘးထင်ပါရဲ့။
ခုတလော ဟိုဘက်အိမ်က ဂီတဆရာတစ်ယောက်နဲ့ အသိဖြစ်နေတယ်။ သူက မန္တလေးသားပဲ။ ရှေးမြန်မာသီချင်းကြီးတွေ တတ်တယ်။ နန္ဒာတောင် တစ်ပုဒ် နှစ်ပုဒ် စ,တက်နေပြီ။ သားပါသင်တယ်။ သားက ပတ္တလား လိုချင်တယ်တဲ့။ ဒါနဲ့ အရွက်ကောင်း အိမ်ကောင်း တစ်ခုမှာထားတယ်။ သားက ကိုကို့လို ဆရာဝန်ဖြစ်မှာ မဟုတ်ဘူး။ နန္ဒာနဲ့ တူနေသလား မသိဘူး။ ဒီအတွက် နန္ဒာ့ကိုတော့ အပြစ် မတင်သင့်ပါဘူး။ ဖြည်းဖြည်းတော့ ကိုကို့လို ဆရာဝန်ဖြစ်မယ့်  သမီးလေးတစ်ယောက် မွေးသေးတာပေါ့။ တကယ်ပြောတာ။


စသည်ဖြင့် စာရှည်ကြီး ရေးလေ့ရှိသည်။
ဘယ်လောက် နှလုံးအေးစက်တဲ့ နန္ဒာပါလိမ့်။  ဘယ်လောက် ရက်စက်နိုင်ပါလိမ့်။ နန္ဒာဟာ   ကိုကို့ကို မေတ္တာ သည်လောက် ခန်းခြောက်နေပြီလား။ သူစိမ်းပြင်ပြင်လို သဘောထားနိုင်ပြီလား။ ပြီးတော့ မန္တလေးက ဂီတဆရာနဲ့ သီချင်းတက်သတဲ့။ အနုပညာသည်ဆိုရင် ဘုရားလောင်းချည်း အောက်မေ့နေတာ။ မယား နန္ဒာအလှကို ဘယ်သူချမ်းသာပေးပါ့မလဲ။ လောကအကြောင်း မသိတတ်တဲ့ နန္ဒာ။ လူကိုယုံတတ်တဲ့ မြနန္ဒာ။
လင်မယားနှစ်ယောက် စာအပြန်အလှန်ရေးပြီး ရန်ဖြစ်ကြ၏။ ကိုကိုသည် ဘယ်တော့မှ စိတ်ရှည်လက်ရှည် စာရေးလိမ့် မရှိ။ ဖောင်တိန်ပင် ကိုင်လေ့မရှိ။ တိုက်ပရိုက်တာသာ ရိုက်လေ့ရှိသော်လည်း နန္ဒာက လက်နှိပ်စက်ဖြင့် ရေးသောစာကို ဖတ်မည်မဟုတ်ဆိုသဖြင့် ပီသအောင် လှအောင် ကြိုးစား၍ ရေးရပြန်သည်။
နန္ဒာ မသိဘူးလား၊ လောကမှာ ဘယ်ယောကျင်္ားမဆို မိန်းမအများကို တပ်မက်တာ၊ ပြစ်မှားတာ၊ မိန်းမဟူသမျှကို အချောင်ရရင် ကြံစည်မှာ။ အနည်းဆုံး နီးစပ်ရင် ဖြစ်တတ်တာ နန္ဒာ မသိဘူးလား။


ပြီးတော့ လူ့ဘဝမှာ ဘယ်မှ မည်မည်ရရ အလုပ်ဆိုတာ လက်ညှိုး ထောက်ပြစရာ မရှိတဲ့လူမျိုးကို နန္ဒာ အထင်ကြီးတတ် ပေါင်းသင်းတတ်တာ အံ့သြလို့မဆုံးဘူး။ ကိုကိုဖြင့် တနေ့ တနေ့မှာ ၂၄ နာရီနဲ့ မလောက်လို့ အိပ်ချိန်လျှော့ပြီးရင် လျှော့နေရလို့ ပိန်တောင် ပိန်နေပြီ။ ခုတလော ကိုယ့်ဘာသာ ဆေးတောင် ထိုးနေရတယ်။ အိပ်ရေးပျက်လွန်းတော့လည်း ခွဲတဲ့စိတ်တဲ့ အခါ လက် နည်းနည်း တုန်ချင်တယ်။
နန္ဒာက ရန်ဖြစ်ရမည်ဆိုလျှင် စာသွက်သွက် ပြန်ရေး၍ ပို့တတ်၏။
ကိုကို နန္ဒာ အနုပညာသည်ဖြစ်ဖို့ မွေးလာလျက်နဲ့ အညွှန့်ချိုးခံရလို့ လောင်းရိပ်မိနေလို့ မဖူးရ မပွင့်ရတဲ့ အနုပညာသည် မဖြစ်ရတဲ့သူလို့ ကိုယ့် ကိုယ် ကို ထင်နေတာ။ လူတထောင်တသောင်းကို စာကုန်းကျက်ရင် ဆရာကောင်းနဲ့သင်ပေးရင် ဆရာဝန် အကုန်ဖြစ်တယ်။ အင်ဂျင်နီယာ အကုန်ဖြစ်တယ်။ ပန်းချီဆရာ၊ ကဗျာဆရာ၊ ဂီတဆရာ ဖြစ်အောင် သင်ပေးလို့ မရဘူး။ စာကုန်းကျက်လို့မရဘူး။ သူ့ဘာသာ ပါရမီနဲ့ မွေးလာတာ။ အနုပညာသည်ဆိုတာကတော့ အနုပညာကလွဲရင် ကျန်တာဟူသမျှ မြေမှုန်မျှသာ ထင်တာ ကိုကိုရဲ့။ မာနကြီးတယ် ဆိုချင်ဆို။
ပြီးတော့ မိန်းမနဲ့အိပ်ရာထက် မွေ့လျော်ခြင်းဆိုတာ ယောကျင်္ားတိုင်းအဖို့ အရေးကြီးလှတဲ့ကိစ္စ ဟုတ်ချင်မှ ဟုတ်မှာ။ အနည်းဆုံး ကိုကို့လောက် အရေးကြီးချင်မှ ကြီးမှာ။


ရှင်းရှင်းပြောရရင် နန္ဒာ့ သား ပန်းချီဆရာဖြစ်မယ်ဆိုရင် နန္ဒာ ဝမ်းအသာဆုံးနေမှာ။ သားက ခု ၁၂ နှစ် ပြည့်တော့မယ်။ အဝတ်အစားလည်း ဂရုမစိုက်ဘူး။ ဘာမှလည်း စိတ်မဝင်စားဘူး။ ခဲတံတချောင်းနဲ့ လူပုံပဲ ဆွဲနေတာပဲ။ နိမ့်လိုက်မြင့်လိုက်နဲ့ လျှောလိမ့်နေတဲ့ ရှမ်းမြေပြင်ကိုပဲ ဆွဲနေတာပဲ။ ဟိုနေ့က နန္ဒာ နှင်းဆီပန်းတွေ ပန်းအိုးထဲ ပြင်နေတာကို ဘယ်လောက် မြန်မြန် ကူးဆွဲခြစ်လိုက်တယ် မသိဘူး။ လက်ချောင်း လှုပ်ရှားတာ၊ နှင်းဆီရွက်ကလေးတွေ လှုပ်ခါသွားတာ အရအမိ ဖမ်းလိုက်တယ်။ သားကိုတော့ ဆရာဝန် မလုပ်ခိုင်းပါနဲ့ နော်။ သူ ဖြစ်ချင်တာ ဖြစ်ပေါစေ။ မဖြစ်ချင်တာ အတင်း မဖြစ်ခိုင်းပါနဲ့။ သားကို ချစ်ရင်……


အိပ်မက်ကမ္ဘာက မထွက်ချင်တဲ့ မြနန္ဒာဟာ တကယ်တော့ ချစ်စရာလည်းကောင်းရဲ ့၊ သနားစရာလည်းကောင်းရဲ့၊ စိတ်ပျက်စရာလည်း ကောင်းရဲ့ ။
တနှစ်ကျော်မျှ မြနန္ဒာ ပြန်မလာသောအချိန်တွင်းမှာ ကိုကို ဘယ်လိုနေရသည်ဆိုတာတော့ သူ မစဉ်းစား။ အီမယ်လ်ဒါကို လက်ထပ်ယူလည်း မြနန္ဒာနဲ့ လို သားသမီး မပွားစီးစေဘူး ဆိုတာ ကိုကို့ နှမ နားလည်ပါစ။ ဘယ်မိန်းမနှင့်မှ သားသမီးဆိုတာ စဉ်းစားလို့ မရတာကို ကိုကို့ နှမ သိပါစ။ ဘယ်သူမှ ကိုကို့ မယားမဟုတ်ကြသည်ကို နန္ဒာ မသိဘူးလား။ ဘယ်မိန်းမမှ ကိုကို့ အပေါ် နန္ဒာလို မနိုင်နင်း မဖိစီးနိုင်ဘူး ဆိုတာ နန္ဒာ မသိဘူးလား။ နန္ဒာကို ကိုကို နှမြောသလို ဘယ်မိန်းမကိုမှ မနှမြောနိုင်ဘူး ဆိုတာ မသိဘူးလား။ တလုံးတည်းပြောရလျှင် ကိုကို့ နှမလို ဘယ်သူ့ကိုမှ မချစ်ဘူးဆိုတာ မသိဘူးလား။
မြနန္ဒာ စာရေးလိုက်ပြန်သည်။


ကိုကို ချစ်တတ်တာလည်း အဆန်းပဲ။ နန္ဒာကိုချစ်တုန်း ထွေရာလေးပါး စိတ်ကူးနိုင်သေးတယ်နော်။ ( သည်တခါပဲ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်ကို ကိုကို သတိထားမိ၏ )။ နန္ဒာတို့ ချစ်တယ်ဆိုတာကတော့ စိတ်ထဲက ဘာမှ မကူးမိအောင် မအားလပ်အောင် ကိုယ်ချစ်တဲ့သူကို တွေးနေတာ။ လန်ဒန်တုန်းက ကိုကို ဆေးရုံမှာ သွားလုပ်နေပေမယ့် နန္ဒာ စိတ်က လိုက်ပြီး ကိုကို့ ဆံပင်ကို နမ်းမိတယ်။ ကိုကို့ ပခုံးကို ဖက်မိတယ်။ ပီယာနိုတီးလည်း ကိုကို့ ကိုချစ်လို့ သတိရလို့ တီးတာ။


ခုလည်း လှမ်းမြင်နေရတဲ့ ပန်းရောင်တိုက်ပန်းပွင့်နွယ်တွေပေါ် လိပ်ပြာဆင်တူလေးတသိုက် ရှုပ်ပွေလုံးထွေးပြီး အတောင်တွေ ခတ်နေတော့ မဆီမဆိုင် ကိုကို့ ကို ချစ်ခင်လာပြန်တယ်။ သတိရလာပြန်တယ်။ ဒါပေမယ့် ကိုကို့ ကိုချစ်တာနဲ့ အမျှ စိတ်ဆင်းရဲရမှာ ကြောက်တော့ နောက်ဆုတ်နေလိုက်တယ်။ ချုပ်တည်းနေလိုက်တယ်။ အသေလို နေလိုက်တယ်။ သေပစ်လိုက်တယ်။ ကိုကိုကြောင့် နန္ဒာ ခဏခဏ သေရတယ်။ သားလေးအနားရောက်လာရင် ခဏ ပြန်ရှင်လာပြန်ရော။ သီချင်းတပုဒ်တက်ရင် ခဏ ပြန်ရှင်လာရော။
ဒါပေမယ့် အသစ်တကယ်ပြန်ပြီး မွေးဖွားလာဖို့ကတော့ အင်အားလိုတယ် ကိုကိုရဲ့။ ဒီအင်အားကို ကိုကိုကတော့ ဘယ်တော့မှ မပေးနိုင်တော့ပါဘူး ထင်ပါရဲ့။


ထိုနောက် နန္ဒာထံက စာ လုံးဝ မလာသည်မှာ အကြာကြီး ဖြစ်သည်။ ကိုကိုက စာနှစ်စောင် သုံးစောင် ထပ်ရေးလည်း မပြန်။ သံကြိုးရိုက်လည်း မပြန်။ ဒါနှင့် တယ်လီဖုန်းဆက်ပြန်တော့ စကားကောင်းစွာ ပြောလို့မရ။ တယ်လီဖုန်းကလည်း ပြတ် ပြတ် သွားသည်။ တယောက်နှင့် တယောက် ‘ကိုကို’ ‘နန္ဒာ’ လို့သာ ခေါ်နေကြပြီး အချိန်စေ့တော့မည်ဖြစ်ရာ ‘နန္ဒာ၊ ဒါလင်…. ကိုကို့ ဆီ ပြန်လာပါ…. ပြန်လာခဲ့ပါတော့’ ဟုသာ နောက်ဆုံး ပြောလိုက်ရသည်။
သို့သော် နန္ဒာ ပြန်မလာချေ။
နန္ဒာ တကယ်ပင် ကိုကို့ ကို စွန့်ခွာတော့မည်လားဟု ပြင်းထန်စွာ ပူပင်ရ၏။ ဘယ်နည်းဖြင့်မျှ သူ နန္ဒာကို လက်လွတ်နိုင်မည်မဟုတ်။ နန္ဒာနှင့် ကွဲကွာရလျှင် သူ့ဘဝ၌ လုပ်စရာ ဘာမျှ ကျန်တော့မည်မဟုတ်။ နန္ဒာ စိတ်ထားပုံ ပြင်းထန်လှတယ်လို့ တဘက်က စိတ်ဆိုးပြန်၏။
ကိုကို့ ကို ချုပ်ချယ်လွန်းလှတယ်လို့ ထင်ပြန်၏။ နန္ဒာကို ဘာမှ နစ်နာစေသည် မဟုတ်ဘဲဖြင့် နစ်နာသည် ထင်ရက်ပါတကား ဟု တွေးပြန်၏။ နန္ဒာနှင့် ကိုကိုတို့၏ အိမ်ထောင်ကို ဘာမျှ မထိခိုက်နိုင်သော၊ နန္ဒာနှင့်စာလျှင် ဖွဲမျှသာဖြစ်သော မိန်းမအပေါင်းအတွက် ကိုယ့်ဒုက္ခ ကိုယ်ရှာနိုင်လွန်းလှသည် ထင်ပြန်၏။


သို့သော် နန္ဒာကို ခဏဖြစ်စေ အလျှော့ပေးမှ ဖြစ်တော့မည် ထင်သည်။ နန္ဒာ ပြန်လာဖို့ သူ အရင်ဆုံး လုပ်ရမည်။
ထိုကြောင့် ခွင့်တလ တောင်းရသည်။ ခွင့်မပေးနိုင်ဟု ဆိုပြန်သည်မို့ စကားများရပြန်၏။ ဘယ်တုန်းကမှ ခွင့်မယူခဲ့ဘဲ သည်တလ အရေးကိစ္စအတွက် ခွင့်တောင်းသည်ကို မပေးသည့်အတွက် ဒေါသဖြစ်ရပြန်၏။ ယခုတလော သူ စိတ်တို ဒေါသ ကြီးသည်မှာ အမှန်။ သူ့ကို မနာလိုသော ပြိုင်ဘက် အလုပ်လုပ်ဘက်များကလည်း မမှန်သတင်း လွှင့်ကြသေးသည်။ နန္ဒာနှင့် ကွဲကြသလိုလို။ နန္ဒာပဲ နောက် လင်ယူတော့မလိုလို။


အီမယ်လ်ဒါနှင့် သူ ရန်ဖြစ်၏။ အီမယ်လ်ဒါက ပိုင်စိုးသည်ကို လုံးဝ သည်းခံလို့မရ။ မြနန္ဒာနှင့် ဘာတခု ယှဉ်လို့ရသည်မို့လဲ ဟု ရက်စက်စွာ တွေး၏။ အီမယ်လ်ဒါကိုတော့ ‘မင်းမကျေနပ်ရင် ကြိုက်သလိုလုပ်။ လက်ထပ်စာချုပ်ကို မီးရှို့လိုက်၊ လျော်ကြေးပေးရအုန်းမလား။ ပြော  … ဘယ်လောက်လဲ’ စသည်ဖြင့် ပြောနိုင်၏။ စိတ်ထဲကလည်း ပါ၏။ သူတို့ကြောင့် ကိုကို့ နှမလေး စိတ်ဆင်းရဲရသည်လို့ တာဝန်ချလိုက်ချင်းသေး၏။ လက်ထပ်စာချုပ် ချုပ်ချင်လိုက်ရတာ။ ချုပ်တော့ကော ကိုကို့ ကို ပိုင်နိုင်သည်လား။ ကိုကို့ ကို ပိုင်ဆိုင်သူမှာ မြနန္ဒာတယောက်သာ ဖြစ်သည်။
ဒါတွေကို ဘယ်သူမှ သိသည်မဟုတ်။ နန္ဒာလည်း မသိ။ သိအောင်ပြောလို့လည်း မယုံကြည်။
အီမယ်လ်ဒါတော့ မပြောတတ်။ ကိုကိုကတော့ နဂိုကလည်း အဖိုးမထား။ အီမယ်လ်ဒါ နားပူလွန်း၍ လုပ်ရသည့် လက်ထပ်စာချုပ်ကို ပွ နေသော စားပွဲ အံဆွဲထဲက ထုတ်ကာ အပိုင်းပိုင်း ဆွဲဆုတ်၍ အမှိုက်တောင်းထဲ ပစ်ထည့်လိုက်ပြီး ….


ပြီးတော့ သားထံ စာရေးရ၏။
ဖေဖေ့သား
သားနဲ့ မေမေကို ဖေဖေ အောက်မေ့လို့ လာခေါ်မလို့ ခွင့်တလ ယူလိုက်တယ်။ သားက ကျောင်းတဝက်တပျက် ထွက်လာရမှာမို့ စိတ်မကောင်းဘူး။ ဒါပေမယ့် ဒီနှစ် အလဟဿ မဖြစ်ရအောင် ဖေဖေ ရန်ကုန်ကျောင်းမှာ မရ ရအောင် ပြန်သွင်းပေးပါ့မယ်။ ဒီနှစ် မရရင်တောင် သား စိတ်ပါတဲ့ ပန်းချီသင်တန်းဖြစ်ဖြစ် တက်နိုင်တာပေါ့။ ဒါမှ မဟုတ် သားမေမေက ဒါမျိုး နားလည်တော့ သင့်တော်မယ့် ပန်းချီဆရာ တယောက်ဆီ မေမေ့ကို အပ်ခိုင်းတာပေါ့။


သား အခု ရေကူး သိပ်တတ်နေပြီဆို။ ကားလည်း မောင်းတတ်နေပြီ ဟုတ်လား။ ဖေဖေ သိပ်သဘောကျတာပေါ့။ သားက မကြာခင် လူကြီး ဖြစ်တော့မှာပေါ့။ ဒါပေမယ့် ဘောင်းဘီရှည်နဲ့ နက်တိုင်နဲ့ ကျကျနန ဝတ်စားတတ်ဖို့လည်း လိုတယ်သားရဲ့။ ပုဆိုးစိမ်းကလေး ဝတ်ပြီး ကျောင်းသွားတာ ဖေဖေ ကြည့်လို့မရဘူး။ ဘုန်းကြီးကျောင်းသားလေးနဲ့ သိပ်တူတာပဲ။ ပြီးတော့ ဖေဖေ မနှစ်က အင်္ဂလန် ခဏသွားတုန်းက ဝယ်လာတဲ့ သားရေဂျာကင်တို့၊ နိုင်လွန်ဂျာကင်တို့လည်း မဝတ်ဘဲ ပစ်ထားတယ်ဆို။ သိပ်မိုက်တဲ့ သားပဲ။ ဘယ်လောက် အဖိုးတန်တဲ့ကောင်းတဲ့ အကျီတွေလဲ တော်ကြာ တိုကုန်တော့မယ်။


မင်းမေမေ ခုတလော အလုပ်များနေသလား။ ဘာတွေများ လုပ်နေသလဲ။ မြန်မာသီချင်းကြီး ဆိုတာကော တက်နေသေးသလား။ သားကော တက်နေသေးသလား။ သားကော လိုက်သေးသလား။ စာ ပြန်ရေးပါဦးကွ။


ဖေဖေ ဘယ်နေ့ ရန်ကုန်က ထွက်ဖြစ်မယ်ဆိုတာ သေချာတော့ စာ ထပ်ရေးလိုက်ဦးမယ်။ ခု ခွင့်ရတော့မယ်။ စာနဲ့ပေနဲ့ မကျလာသေးလို့ စောင့်နေရတာ။
မေမေ့ကို ဖေဖေက နှုတ်ဆက်လိုက်ကြောင်း ပြောပါ။

သြော် သား ပန်းချီဆရာ ဖြစ်ချင်တာ ဖေဖေ မကန့်ကွက်တော့ပါဘူး။ ဒါပေမယ့် ဘီအေ ဒီဂရီ ရအောင် အရင် စာကျက်ပါဦး။ ဘီအေ အောင်တော့ အင်္ဂလန် ပို့ပေးမယ်။ အဲဒီမှာ အနုပညာ မျိုးစုံ သင်ပေးတဲ့ ရွိုင်ရယ်ကောလိပ် ဆိုတာတွေရှိတယ်။ ပို့ပေးမယ်။
ဒါပေမယ့်ကွာ၊ ဆရာဝန်သားက ဆရာဝန် မဖြစ်တောင် အင်ဂျင်နီယာလောက်တော့ ဖြစ်သင့်တယ်ထင်တာပဲ။
စသည်ဖြင့် သားကို ကိုယ်နှင့် တန်းတူထား၍ စာရေးလိုက်မိ၏။ သားထံက စာပြန်မလာဘဲ တယ်လီဖုန်း ဆက်သည်။ တုန်ရီသောလက်များဖြင့် ရင်တဒိတ်ဒိတ် ခုန်ကာ တယ်လီဖုန်းကို ကောက်ကိုင်ရသည်။ နန္ဒာများလေလားလို့။ နန္ဒာပဲ ဖြစ်ပါစေလို့ ဆုတောင်း၏။ သားအသံကို ကြားတော့ ဝမ်းသာပြန်လည်း ဝမ်းနည်းရရဲ့။ သား ဖုန်းဆက်တော့ သူ့ အမေက ဘေးမှာ ရပ်နေမည်လား။ အပြုံးအေးအေးဖြင့် ငေးမောနားထောင်မည်လား။


‘ဖေဖေ့ စာကို ရတယ်။ မေမေ့ကိုတောင် ဖတ်ပြသေးတယ်’ ဟု သားက ပြောလေ၏။
‘ဟုတ်လား မေမေ နေကောင်းလား’
‘ ကောင်းပါတယ် ဖေဖေ ဘယ်တော့ လာမလဲ’
‘ တပတ်အတွင်းပဲ။ ဖြစ်နိုင်ရင် ဒီစနေနေ့ကို နားလည်အောင်ပြောပြီး ထွက်ခဲ့မယ်။ ဖေဖေ့ လက်ထောက်က ကျေနပ်ရင် နှစ်ရက် ကြိုထွက်လို့ ရမှာပေါ့။ စနေနေ့ ခွဲရမယ့် လူနာတွေ လျှော့ပါ ပြောရမှာပေါ့။ ဖေဖေ့ တာဝန်တော့  ပျက်တာပေါ့’
သူတို့သားအမိ စကားပြောနေဟန် မပီမသ အသံများ ကြားလိုက်၏။ တစိုးတစိ ကြားရသော နန္ဒာ၏ အသံကလေးကို အငမ်းမရ နားစွင့်ရ၏။


‘ဟလို … သား မေမေနဲ့ ဘာတွေ ပြောနေတာလဲ’
‘ မေမေက လေယာဉ်ပျံနဲ့ လာမှာလားလို့ မေးခိုင်းတယ်။ မေမေ လာကြိုမယ်တဲ့။ ကားမောင်းပြီး…..’
‘ ကျေးဇူးပဲလို့ ပြောလိုက်ပါ။ လေယာဉ်ပျံနဲ့ လာမှာပဲ၊ မင်းမေမေကို ခေါ်လိုက်ပါဦး၊ စကားပြောရအောင်’
အနည်းငယ် ဝမ်းနည်း၏။ သားဘေးမှာ ရပ်ပြီး လင်သည်ကို စကား တိုက်ရိုက်ပြောဖို့ သတိမရတာ။
‘ကိုကို နန္ဒာ ပြောနေတယ်’ ဟူသော ကိုကို တမ်းတခဲ့ပြီး ဖြစ်သော အမြဲကြားချင်တော့ အသံကို ခုမှ ကြားရလေ၏။


‘ ကျေးဇူးပဲ နန္ဒာရယ်၊ စကားပြောဖော်ရတယ။ ကိုကို စနေ့နေ့ လာဖြစ်အောင် လာခဲ့မယ်။ နန္ဒာ လာကြိုမယ်လား။ ကားမောင်းရတာ ပင်ပန်းနေမလား။ တောင်ကြီးမှာတော့ ကိုကို့ တပည့် ဆရာဝန်တယောက် ရှိတယ်။ သူ့ကို ကြိုခိုင်းလိုက်မယ်လေ’
‘ နန္ဒာ လာမှာပေါ့’


သည်လိုဆိုတော့လည်း နန္ဒာ လိမ္မာသားပဲ။ သိတတ်သားပဲ။ ကိုကိုသည် ကိတ်မုန့်များ သကြားလုံးများ ပြေးဝယ်ရပြန်၏။ နန္ဒာ၏ ဂျာမန်မိတ်ဆွေ တယောက် လာပို့ထားသော ဓာတ်ပြားထုပ် ယူသွားဖို့ သတိရပြန်၏။ တီးမည့်သူ မရှိသဖြင်ပ အသံလျော့ကုန်သော ပီယာနိုကို တလလုံး အချိန်ယူ၍ ပြင်စေဖို့ စီမံခဲ့ရပြန်၏။ နန္ဒာ ပြောသလို ကိုယ့်လင် ကိုယ့် မယား ကိုယ့် သားသမီးအပြင် ဘယ်သူမှ အဝင်မခံတာ အကောင်းဆုံးပါပဲ ဟု တွေးလိုက်မိသေး၏။


မေမြို့မှာ တလလောက် အနားယူစဉ် သူတို့ လင်မယားသည် တော်တော် သင့်မြတ်လျက်ရှိသည်။ သားကို အတူတူ ကျောင်းသွားပို့ကြ၏။ အတူ သွားကြိုကြ၏။ မိုးလင်းလျှင် မိုးရွာပုံမပေါ်လျှင် လက်တွဲ၍ လမ်းလျှောက်ကြ၏။ မြို့ပြင် ကွင်းပြင်များကြားသို့ သွားကြ၏။ သစ်ရိပ် ရေစပ်ရောက်လျှင် နန္ဒာက နားချင်တတ်၏။ ‘ကိုကို ငှက်ကလေးတွေ အသံစုံပဲ အော်နေတာ ကြားလား။ နန္ဒာ မမြင်ဖူးတဲ့ ငှက်ကလေးတကကောင်ရှိတယ်။ ငုံး လို့ ပြောကြတယ်။ ဟုတ်လားမသိဘူး။ ကိုကိုသိလား’ စသည်ဖြင့် စကားများစွာ ပြောတတ်၏။


‘ ဒီမှာ လူတွေနဲ့ ဝေးဝေးမှာ အေးအေးပဲ နေချင်ပါပြီ ဟု ညည်းတတ်၏။
ကိုကို အငြိမ်းစား ယူဖို့ကလည်း အဝေးကြီး လိုသေးတယ်နော်။ အလုပ်ကထွက်လိုက်ပါလား ကိုကိုရဲ့ ဟု ပြောလိုက်တော့ မသိတတ် နားမလည်လှပါကလားလို့ သနားရပြန်၏။
‘နန္ဒာကလည်း မာရီအင်တွိုင်းနက်လို ပြောနေပြန်ပြ’ီ လို့ စကား စ မိတော့….


‘ဘာလဲ ကိုကို’ လို့ နှမ နန္ဒာက ပထမ သတိမရ။
‘ ပြင်သစ်တိုင်းသူပြည်သားတွေ ဆင်းရဲလွန်းလို့ ဆူပူကြွေးကြော်ကြတော့ ဘုရင့် မိဖုရား မာရီအင်တွိုင်းနက်က မေးတယ်တဲ့။ ဘာဖြစ်လို့ ဆူကြတာလဲဆိုတော့ ပေါင်မုန့် စားစရာမရှိလို့ ငတ်လို့ပါဘုရားလို့ ဖြေတော့ အော် မိုက်လိုက်တဲ့လူတွေ ပေါင်မုန့်စားစရာမရှိရင် ကိတ်မုန့် စားပါလားတဲ့’
နန္ဒာက တချက်ရယ်ပြီး ‘အို တက်နိုင်တော့ တက်နိုင်သလို နေတာပေါ့။ ပြီးတော့ နန္ဒာ တကယ် စုံမက်တာ မများလှပါဘူး ကိုကိုရဲ့။ ရှိပြီးသား ပီယာနိုရယ်၊ ဓာတ်စက် ဓာတ်ပြားတွေရယ်၊ စာအုပ်ရယ်၊ သားဖို့ ပန်းချီပစ္စည်းရယ်၊ဒါပါပဲ။ ဒီလောက်တော့လည်း နန္ဒာ ကျောင်းဆရာမ လုပ်စားနေတောင် ရပါတယ်’


‘ဟုတ်ပါတယ်။ ဒါပေမယ့် ကိုကိုကလည်း ပိုက်ဆံလိုချင်လို့ သက်သက် အလုပ်လုပ်နေတာမှ မဟုတ်တာ။ ကိုကို တသက်လုံး သင်ခဲ့ရတဲ့ ပညာကို အသုံးချနေတာဘဲ ဒါလင်ရဲ ့။ ကိုကို့လက်တွေ ဓားမကိုင်ရဘဲ အချည်းအနှီး ဖြစ်နေမှာ စဉ်းစားလို့မရဘူး’
သည်တော့ နန္ဒာက ကိုကိုရဲ့ လက်ကို တောင်း၍ နီကြမ်းနေသော လက်ချောင်းများကို ကိုင်ကြည့်ပြီး မွေးညှင်း နုစိမ်းတဲ့ ပါးပြင်ကလေးများမှာ ကပ်သည်။ ပြီးတော့ ပိရိသေသပ်လွန်းလှတဲ့ အနည်းငယ် ပါးလွှာလွန်းသော နှုတ်ခမ်းများဖြင့် ထိသည်။ မျက်တောင်များ ကော့ ဖြူးလာပြီး မျက်လုံးညို့ညို့ ဝင်းလက်လာသည်။
ခွဲစိတ်ရာမှာ ကျွမ်းကျင်တဲ့ လက်ချောင်းများမို့ နန္ဒာ နမ်းချင်တာတော့ ဟုတ်မယ်မထင်။ ခွဲစိတ်ရာမှာ ကျွမ်းကျင်တာကို ခွင့်လွှတ်တဲ့ သဘောမျှသာ ဖြစ်သည် ထင်ရဲ့။


နန္ဒာသာ လှရုံဖြစ်၍၊ ပီယာနိုကို ဂုဏ်ရှိရုံတီးသည် ဖြစ်၍၊ ဆရာဝန်ကြီး သာဦးဂျော်၏ ပွဲလယ်မှာ တင့်တယ်သော မယားသာ ဖြစ်လျှင် အားလုံးသော ပြဿနာ ရှင်းသွားလိမ့်မည်။ မိန်းမ ဝါသနာ ပါသော ဆရာဝန်ကြီး၏ ဂုဏ်ရှိစွာနေရလျှင် ကျေနပ်တတ်သော မိန်းမမျှသာ ဖြစ်လျှင် ဘယ်လောက်ကောင်းမလဲ။ ဒါမှမဟုတ် ကိုကိုကပဲ နန္ဒာ့လို စာအုပ်ကဗျာ ဖတ်ကာ လက်ချောင်းများကို လူ့အသက်ဖြင့် မကစားဘဲ ပီယာနိုခုံ၌သာ ကစားတတ်လျှင် ဘယ်လောက်ကောင်းမလဲ။
‘ဒါပေမယ့် ကိုကိုက ဘာကြောင့် နန္ဒာကို တစ်ယောက်တည်း အကြာကြီး ထားရသလဲ။ နန္ဒာ စာအုပ်တွေ အများကြီးဖတ်ဖို့ အချိန်ပေးခဲ့သလဲ။ ညညမှာ အထီးတည်း အိပ်မပျော်ဘဲ တွေးတောနေဖို့ ဖန်တီးခဲ့သလဲ။ ပါပါကတော့ နန္ဒာ့ကို ဘာကြောင့်စာတတ်အောင် သင်ပေးခဲ့သလဲ။ ‘သည်လောက်တတ်ပြီ၊ ဒီနေရာမှာ ရပ်တော့’ လို့တားထားလို့ မရဘူး။ လူကိုသာ သော့ခတ်လို့ရမယ်။ စိတ်ကို တားဆီးလို့ မရနိုင်ကောင်းဘူး’ လို့ နန္ဒာ ပြန်ပြောလိမ့်မည်။


ကိုကိုသည် စကားနည်း ရန်စဲနေဖို့ တွေးတောလာ၏။ အနည်းဆုံး မေမြို့တွင် တစ်လနေကြသော အချိန်မှာ ပျော်ရွှင်နေကြဖို့သာ စိတ်ကူးသည်။
‘ကိုကိုကတော့ နန္ဒာ့ကိုချစ်တယ်၊ နန္ဒာနဲ့ အိမ်တောင်ဆောက်ပြီး နေကြတယ်။ သားသမီး ဖြစ်ရတယ်။ ပြီးတော့ နန္ဒာ့ကို ငွေအကုန်အပ်တယ်။ ပွဲထုတ်တဲ့မယားလည်းဖြစ်တယ်။ နန္ဒာရှိရာသာ ကိုကို့အိမ်ဖြစ်တယ်။ အဲဒီလိုနေနေပြီဟာ။ ယောကျ်ားမို့ လေလွင့်တယ်ပဲထားပါ။ ကိုကိုလုပ်တာတွေဟာ အရက်ထွက်သောက်သလို ဘာမှမပြောလောက်တဲ့ ကိစ္စမဟုတ်ဘူးလို့ ထင်တာပဲ’ ဟု ရှင်းလင်းမိလျှင်တော့---


‘ပြောမှ ပြောရက်တယ် ကိုကိုရယ်။ ချစ်တတ်တဲ့ မိန်းမတစ်ယောက်ဟာ ကိုယ်ချစ်တဲ့ လင် အလုပ်သွားနေတဲ့ တစ်နေ့လုံး ညနေ ပြန်လာမှာကိုပဲ မျှော်နေတယ်။ လင် နေ့လယ်ပိုင်း အလုပ်မရှိလို့ လုံးတီး ကျန်နေရတယ်ဆိုတာ မသိဘူလား။ ကိုကိုမရှိတဲ့ ညများမှာ နန္ဒာ ပူလောင်ရတယ်။ မနာလိုစိတ်နဲ့ ရူးမတတ် ဖြစ်ရတယ်။ မာန ကျိုးပဲ့ရတယ်။ ကိုကိုကတော့ မဆီမဆိုင်လို့ ပြောဦးမှာပေါ့။ ဆီဆိုင်တယ် ကိုကိုရဲ့။ ကိုကိုလုပ်ပုံက နန္ဒာ့ကို မစုံမက်ရာ ရောက်တယ်။ အဖိုးမထားရာ ရောက်တယ်။ နန္ဒာ ဘယ်လောက်ရှက်ရတယ် ထင်လဲ။ ယောကျ်ားပဲ ဆိုပြီး ကိုကို့အဖို့ အရေးမကြီးတဲ့ ကိစ္စဟာ နန္ဒာ့အဖို့ မိန်းမမို့လားမသိ အရေးကြီးတယ်။’


‘လောကမှာ ဒီလိုပဲ ဖြစ်နေမှာပဲ ထင်ပါရဲ့။ ပြီးတော့နန္ဒာ စိတ်ထင်လို့လားတော့မသိဘူး။ နန္ဒာ့ကို မြင်ရင် မိန်းမတွေက သနားသလို ကြည့်ကြတယ်။ ရယ်ချင်သလို ကြည့်ကြတယ်။ စိတ်ထားညံ့သူတွေက ဝမ်းသာအားရ ရှိကြတယ်။ ယောကျ်ားတွေက ရော အရိုအသေနည်းချင်တယ်။ နန္ဒာ့ကို အပြစ်ရှာလာကြတယ်။ လင်ပစ်မလို့ သဘောထားပြီး စ,ချင်ကြဦးမယ်။ နန္ဒာ စိတ်ကူးယဉ်တာလား။ ပြောပါဦးကိုကို’


‘နန္ဒာက ဒီလိုလူစားတွေနဲ့ တွေ့တဲ့နေရာ သွားချင်တာကိုး’
‘ဖဲလည်ရိုက်တာကိုးလို့ ပြောပါ။ ဒါပေမယ့် ကိုကို။ ဒီလောက် ပီယာနိုတီး၊ ဓာတ်ပြားဖွင့်၊ စာဖတ်၊ အိမ်ကိုပြုပြင်လုပ်နေပေမယ့်လည်း စိတ်ဟာ အားကွက်ရသေးတယ်။ စိတ်ထဲက စကားမပြတ် ပြောနေသေးတယ်။ ရှန်ပိန်သောက်ပြီး ခပ်မူးမူး ဖြစ်နေတာမျိုးလည်း မလုပ်ချင်တော့ဘူး။ ကိုယ့်ကိုယ်ကို ရှှက်တယ်။ ဖဲရိုက်ရတာ စိတ်တော်တော်ငြိမ်တယ်။ ကိုကိုတောင် ရိုက်ကြည့်ပါလား။’
‘သတ္တဗေဒသဘောအရ အဖိုဆိုသည်မှာ အမများစွာကို  မှီဝဲနိုင်သည့် သဘာဝသာ ဖြစ်သည်ဆိုတာကို သိပ္ပံပညာရှင်မို့ လားမသိ။ ကိုကိုက ယုံကြည်ကျင့်ကြံ နေပြီး သူတကာထက် အိပ်မက်မက်တတ်သော၊ အိပ်မက်ဖြင့် ငိုတတ်သော မြနန္ဒာ လက်မခံနိုင်သည်မှာတော့ သူတို့ဘဝကို မပြေလည်စေနိုင် သည့် ကိစ္စပဲဟု ကိုကိုထင်သည်။ ဘယ်သူ့အပြစ်ရယ်လို့ မရှာဖွေချင်တော့ပါဘူး။ ကိုယ့်ကိုယ်ကို မှားသည်ဟုပင် မထင်နိုင်လေတော့ ကိုကိုသည် နန္ဒာကသာ အလျှော့ပေးစေချင်သည်။
အမှန်မြင်စေချင်သည်။ တစ်နေ့သိမြင်လာရမည်ဟု မျှော်လင့်သည်။


ပြီးတော့ နန္ဒာကို ပစ်ထားမိတာလည်း များသည်ထင်သည်။ လက်ထပ်ခါစက အချိန်များကို မိန်းမဆိုတာတွေက သတိရနေတတ်ကြသည် ထင်သည်။ လက်ထပ်ခါစက ကိုကိုသည် နန္ဒာ့ကို လူကြည့်တောင် မခံနိုင်တာလည်း သတိရ၏။ သူတို့ကပွဲသွားလျှင် ခင်မင်သော သူငယ်ချင်း မိတ်ဆွေနှင့်တောင် က, ဖို့ ခွင့်မပေးနိုင်။  ကိုကိုချည်းသာ နန္ဒာနှင့် ကချင်သည်။ သွက်လက်သော တီးလုံးဓာတ်ပြားများကို ဖွင့်ကာ အနည်းငယ် က,ကြသေး၏။ ‘ဟုတ်တယ်။ ရန်ကုန်ပြန်ရောက်ရင် ကိုကိုနဲ့ ဒါလင်နဲ့ ညပိုင်းထွက်က, ကြဦးစို့’ ဟု အကြံရလျှင် ‘သိပ်မကချင်တော့ပါဘူး။ တကယ်တော့ နန္ဒာက ကိုယ့်ကို ဘယ်သူလာထိတာမှ မကြိုက်တော့ဘူး။’ ဟုပြောတတ်သည်။သို့ပေမယ့် နန္ဒာသည် သားကို အကသင်ပေသည်။ သားနှင့်အမေ က, နေကြလျှင် ကိုကိုသည် ဝေဆိုင်းသော မျက်လုံးများဖြင့် ငေးမော၍  ကြည့်ကာ ‘မောင်နှမလိုပဲ။ သားကလည်း ထွားလာတယ်။ နန္ဒာကလည်း နုနယ်လိုက်တာ။ လောကမှာ စုံမက်ကြတဲ့ ပိုက်ဆံတို့၊ ဂုဏ်သရေတို့ ဆိုတာတွေအတွက် မပူပင်ရလို့လား။ သူနှစ်လိုတတ်တဲ့ ပန်းပွင့်၊ ကျေးငှက်၊ ကဗျာ၊ ဂီတတို့နဲ့ စိတ်နူးညံ့ရလို့ပဲလား’ တွေးမိ၏။ ကိုကိုကတော့ ဆံပင်များအသက်ဖြင့်မလိုက် ဖြူသည်မို့ နေ့စဉ် ဆေးဆိုးနေရသည်။ ပြီးတော့ ဆရာဝန်များ၊ အထူးသဖြင့် ခွဲစိတ်ကုသရသည့် ဆရာဝန်များသည် သူများထက် ပို၍ အိုလွယ် ကျလွယ်သည်မှာ ထုံးစံဖြစ်လေသည်။
မေမြို့မှာ မြနန္ဒာနှင့် သားနှင့် အနားယူပြီး နန္ဒာ အလိုကျ တစ်ဘဝနေလိုက်သည်မှာ ပျော်စရာ မှန်ပေမည့် ခွင့်ရသည့်လကုန်၍ ဆေးရုံရှိရာ၊ အလုပ်ခွင်ရှိရာ ပြန်ရမည်ဆိုတော့ ကိုကိုသည် လက်များတုန်ရီအောင်ဝမ်းသာသည် အားလပ် ပျင်းရိနေသော သူ့လက်ချောင်းများသည် အလုပ်လုပ်ချင်ခြင်းအားဖြင့် ယားလှပြီ။ သူ့ဘဝမှာ နှာခေါင်းယဉ်၍ မွှေးသည်ဟုပင်ထင်သော၊ ဆေးရုံကစင်ကြယ်သော၊ ပိုးမွှားကင်းသော အနံ့တို့ကို မွှေးယောင်လာသည်။ ဘာမျှ စဉ်းစား တွေးတောနေချိန်မရအောင် တဒင်္ဂမှ နောက်တဒင်္ဂသို့ လျင်မြန်စွာကူးပြောင်း၍ အကြောင်းခြင်းတများစွာ ဖြစ်ပေါ်နေသော ခွဲစိတ်ခန်းသို့ သူပြန်ချင်ပြီ။ အီမလ်ဒါကို သူပစ်ပစ်ခါခါ လုပ်ခဲ့တာလည်း အားနာသည်။ ပြန်တောင်းပန်ရဦးမည်။ အတွယ်အငြိတော့ မခံနိုင်။ ဆရာ ဆရာဖြင့် သူ့ကို ခရာကြကုန်သော နာ့စ်မများ၊ ကျောင်းသူများရဲ့ အသံတို့ကို လည်း သတိရတာ အမှန်ပင်။


ရန်ကုန်မှာ သူတို့ ပျော်ရွှင်စွာ နေကြသေး၏။ နန္ဒာက ပီယာနိုတီး၊ ဓာတ်ပြားဖွင့်ပြီးနေမြဲနေသည်။ အိမ်ထွက်မလည်တော့ချေ။ ပြင်သစ်၊ ဂျာမန်စာ၊ စကားတွေ မေ့မည်စိုး၍ နိုင်ငံခြားသားများကို မကြာခဏ ဖိတ်ကြားကျွေးမွေးလေ့ရှိ၏။ ကိုကိုဆေးရုံက ပြန်လာလျှင် အသက်ဝင်လှုပ်ရှားနေသော အိမ်ရှင်မဖြင့် သာယာသော အိမ်၏ အသံဗလံကို ကြားရ၏။

ကိုကို့ဧည်သည်နှင့် မြနန္ဒာ၏ ဧည့်သည်များသည် ဖက်စပ်လို့မရ။  စကားစရှာမရအောင် ခြားနားကြပြန်သဖြင့် ကိုကို့ဧည်သည်သည် တစ်နေ့၊ နန္ဒာ့ ဧည်သည် တစ်နေ့ ဖိတ်ကြားရ၏။ နန္ဒာ့ ဧည်သည်များကြားမှာ ကိုကိုပျင်းရိကာ အိပ်ပျော်သလို၊ ကိုကို့ဧည့်သည်များကြားမှာ နန္ဒာ ငိုက်မျဉ်းကာ မသမ်းဝေမိအောင် အံကြိတ်လို့ နေရသည်။


ပြီးတော့ ‘ နန္ဒာ တစ်နေ့လုံး တစ်ခါမှ မအားလိုက်ဘူး’ လို့ ပြောတတ်ချေသေး၏။ ပီယာနိုတီးရတာ၊ စာအုပ်ဖတ်ရတာ၊ ဓာတ်ပြားဖွင့်ရတာကို နန္ဒာက အလုပ်လုပ်သလို ကြည်ကြည်ညိုညို လုပ်ပေသည်ကိုး။
ဘာပဲဖြစ်ဖြစ်၊ ကိုကို့ အပြစ်ပဲထားပါ။ ကိုကိုက တံတားအောက်၌ ရေမျောစီးသွားသည်ကို ကြိုက်သည်။ ကိုကို့ကို ချစ်ချင်လှသော မိန်းမတို့ကလည်း ကုန်ခမ်းမသွားနိုင်။ ရုပ်ချော၊ ပညာကြီး၍ တန်ခိုးရှိသည့် ဆရာဝန်ကြီး သာဦးဂျော်၊ အနောက်နိုင်ငံသားတို့၏ မိန်းမကို အရေးပေး ချော့မြူတတ်သော အကျင့်ပါသည့် သာဦးဂျော်၊ မိန်းကလေးကို ရမည်ဆိုလျှင် ထမင်းစားဖိတ်တတ်၊ ကားစီးခေါ်တတ်သော သာဦးဂျော်အဖို့ လက်ဆောင်လိုချင်၍၊ ဂုဏ်ရှိသည်ထင်၍၊ တကယ်ချစ်မည်ထင်၍ အမျိုးစုံသော ရည်ရွယ်ချက်တို့ဖြင့် ခေါ်လျှင် လိုက်လာသည့် မိန်းကလေးတို့ကို သိပ်ပြီး ရှာစရာလို။ ပေါများလှသည်။


လီလီနှင့် တွေ့ပုံကတော့ တစ်မျိုးပါပဲ။ တရုတ်ကပြား ကျောင်းဆရာမလေး လီလီ၏အမေမှာ ကိုကို၏လူနာဖြစ်သည်။ ဆရာဝန်သာဦးဂျော်ကို တစ်အိမ်လုံး ကြည်ညို ရိုကျိုးလို့ မဆုံး။ လက်ဆောင် ပူဇော်လို့ မဆုံး။
နောက်ဆုံး လီလီနှင့် ကိုကိုတို့ ထုံးစံအတိုင်း ချစ်ကြသည့်အခါတောင် လီလီတို့ တအိမ်လုံး မငြုစူ။ သာဦးဂျော်ကို တရုတ်နာမည်ပင်ပေးကာ တရုတ်လို အိမ်မှာ မင်္ဂလာဆောင်သတဲ့။ တရုတ်၊ မြန်မာ၊ အင်္ဂလိပ် သတင်း စာထဲ ထည့်ကြော်ငြာသတဲ့။
ကိုကိုသည် အိမ်မပြန်ဝံ့ပဲ တစ်လလောက် လီလီတို့အိမ်မှာ သောင်တင်နေသည်။ လီလီတို့ကလည်း တသက်လုံး တင်ထားမည်မှာ အမှန်။ ကျေနပ်မှာအမှန်။ သို့ပေမည့် မြနန္ဒာကိုသာ ချစ်ချင်သော ကိုကိုသည်၊ သည်တခါတော့ကိုယ့်ကိုယ်သာ အပြစ်မြင်မိသည် ဖြစ်သောကိုကိုသည် မြနန္ဒာနှင့် သားဆီကိုသာ ပြန်လိုသည်မို့ မျက်နှာအောက်ချခြင်းဖြင့် တစ်ညပြန်လာသည်။


ခါတိုင်းလိုပင် ပီယာနိုခုံ၌ ထိုင်၍ ဝမ်းနည်းကြေကွဲဖွယ်ရာ ဂီတသံကို တီးခေါက်လျက်ရှိသည့် မြနန္ဒာကိုတွေ့ရပြီး၊ နန္ဒာရဲ့ ပေါ်င်ပေါ် မျက်နှာဝှက်၍ ငိုကြွေးလိုက်ချင်၏။ ကိုကို့အားနည်းလှတဲ့ ဒီတချက်ကို နန္ဒာလက်ဖြင့်ပဲ ကုပေးပါဦးဟု ပြောချင်၏။
သို့ပေမည့် နန္ဒာသည် လှည့်မကြည့်ဘဲ မျက်လုံးညို့ညို့များကို ကော့ဖြူးသော မျက်တောင်များဖြင့်သာ ဖုံးကွယ်ပစ်ပီး ပီယာနို ဆက်လက်တီးနေသေး၏။ ပြီးတော့မှ တိုးတိတ်စွာပင် ‘ကိုကို ထမင်းစားပြီးပြီလား’ ဟုသာ မေးလေသည်။
ဒါကတော့ ကိုကို ဘာလုပ်လာသည်ဖြစ်စေ၊ နန္ဒာ၌ ပြောစရာ စကားတခွန်းမရှိပါလို့ ဆိုလိုမြဲ ဖြစ်သော အမူအရာ ဖြစ်၏။ ‘ကျေးဇူးပဲနန္ဒာ၊ ကိုကို စားပြီးပြီ’ လို့ ပြောလိုက်ပြီး၊ တကယ်တော့ သူညစာတွင် မက နေ့လယ်စာပါ စားခဲ့သည်မဟုတ်။ တစ်ညနေလုံး နန္ဒာ့ထံ ပြန်လာချင်သဖြင့် လီလီနှင့် စိတ်ဆိုးရ၏။ လီလီ့မိဘများကို ကြေရာကြေကြောင်း ပြောရ၏။ တရုတ် စိတ်ပေါာက်လှသော လီလီ့မောင်လေး ယောက်ဖကလေးက ဒေါနှင့်မောဖြင့်၊ မောင်းချဓားဖြင့် စားပွဲကို ပစ်နေ စိုက်နေသည်ကို မမြင်ဟန် ပြုနေခဲ့ရ၏။ တစ်နေ့မှာ အသေဆိုးဖြင့် သေမည်လားလို့ စိတ်တွင်းက ချဉ်ချဉ်ဖြင့် ရယ်မောပစ်လိုက်၏။


အိမ်ခန်းတွင်း၌ လိုက်လံ ရှာဖွေသော် နန္ဒာ့ စာအုပ်ဗီရိုထဲမှာ ရှန်ပိန်ပုလင်းကို တွေ့ပြန်သည်။ ‘နန္ဒာကော’ လို့ မေးတော့ ‘မသောက်ချင်ပါဘူး၊ ကျေးဇူး’ လို့ အေးအေး ဖြေပြန်သည်။ ရှန်ပိန်ကို သောက်ရင်း တစ်နေ့ခင်းလုံးလည်း ဆေးရုံ၌ မောလာသည်မို့၊ ခွဲစိတ်ရသော နေ့မို့ အိပ်ရာပေါ်၌ ကန့်လန့်ဖြတ်လှဲ၍ အိပ်ပျော်သွား၏။


အိပ်မက် မမက်တတ်ပါပဲလျက် အိပ်မက်မက်၏။ ပီသလှသည်တော့ မဟုတ်။ နန္ဒာ့ကို ကိုယ်တိုင် ခွဲစိတ်ကုသရ၏။ နန္ဒာ၏ အသည်းနှင့် ကျောက်ကပ်များ အကုန်ထုတ်ပစ်လိုက်ရ၏။ သို့သော် နန္ဒာ၏  နှလုံးခုန်သံကို နန္ဒာ့ရင်ခွင်၌ နားတစ်ဘက်အပ်၍ သူနားထောင်နေပြီး ‘မသေပါဘူး၊ ကောင်းသွားမှာပ’ဲဟု ကြေညာနေသည်။ အိပ်မက်ထဲတွင်လား၊ တကယ်ပဲ နန္ဒ္ဒာဆက်လက် တီးခေါက်နေသည်လားမသိ။ ကြေကွဲစရာ ဂီတသံသည်တော့ တစ်ခန်းလုံး ဝေနေသည်။


တစ်ရေးနိုးလာတော့ သူသည် အနည်းငယ် လန်ဆန်းနေပြီး၊ ဖျပ်ခနဲ ထရပ်ကာ ကြည့်လိုက်ရာ အိမ်ခန်း၌ မီးလင်းမြဲ လင်းနေပြီး၊ နန္ဒာသည် ပီယာနိုခလုတ်များပေါ်တွင် ခေါင်းချပြီး အိပ်ပျော်နေသည်။ အသာကလေးသွား၍ ပွေ့ယူ လျှင်တော့ ပီယာနိုက အသံကြောင်များ ထွက်လာဆဲ။ နန္ဒ္ဒာက ‘မထိနဲ့၊ နန္ဒာ့ကိုမထိနဲ့’ ဟု ငြင်းဆိုသံကြားရလေ၏။


‘ဒါလင် ညောင်းနေမှာစိုးလို့၊ လိမ့်ကျမှာ စိုးလို့ လာခေါ်တာ။ အိပ်ရာထဲမှာ လာအိပ်ပါ’ ဆိုပေမည့်မရ။
‘နန္ဒာ့ကို မထိပါနဲ့၊ ကိုကိုက သွားပါ၊သွားပါ’ လို့သာဆိုသည်။
နန္ဒာဘေးမှာ မတ်တပ်ရပ်နေမိ၏။ သည်မျှ နီးစပ်နေသည်ကိုပင် သည်းမခံနိုင်ဟန်ဖြင့် နန္ဒာ ထသွားပြီး နှစ်ယောက်ထိုင် ဆိုဖာရှည်၌ ခွေအိပ်သည်။ သိုးမွေစောင်ဖြင့် ခြုံပေးလျှင်တော့ မငြင်းဆန်တော့ချေ။ထိုကြောင့်ရဲတင်းလာပြီး ပါးချင်းအပ်၍ ‘နန္ဒာ’ ဟု ခေါ်လျှင် ‘ကိုကို မုဒိမ်းကောင်လား’ ဟု ပြန်မေးလိမ့်မည်။ နန္ဒာကလည်း တစ်မျိုးရက်စက်တတ်သည်ပင်။
‘အားလုံး ကိုကို့ကြောင့်’ တဲ့။ ထားပါ။ ကိုကို့အပြစ်ပါလို့ ဆိုလျှင်တော့ နန္ဒာသည် မျက်လုံးများပြူးကျယ် လှန်ကြည့်ပြီး မောပန်းဟန်ဖြင့် မျက်လွှာပြန်သိမ်းကာ အိပ်ပျော်သလို ဆိတ်ငြိမ်နေသည်။ ကိုကိုသည် ဘာမျှ မလုပ်တတ်တော့ပဲ မနက်ကျမှ နန္ဒာဖဲရိုက် ပိုက်ဆံများပေးလိုက်မည် တောင်စဉ်ရေမရ တွေး၏။ ခုတလော နန္ဒာ ဖဲလည်ရိုက်နေပြန်ပြီဟု ကြားရ၏။


သားကို ကောလိပ်ပို့သည့်နှစ်မှာ သမီးလေးကို မြနန္ဒာ မွေးဖွားခဲ့၏။ လိုလိုချင်ချင်ပင် မွေးဖွားခဲ့၏။ သားကလေး ကြီးသွားသဖြင့် ဟာနေသော ရင်ခွင်မှာ ကလေးတစ်ယောက် ထည့်ထားချင်သည်ဟု နန္ဒာ ကဆိုသည်။ ဒါကိုပဲ ကိုကိုက မရွှင်မလန်း ရယ်မောလိုက်၏။ ပါပါ မာမာက သဘောမကျ။


‘တကယ်တော့ နန္ဒာက ဒါဇင်ဝက်လောက် လိုချင်တာ။ ခု အသက်ကြီးသွားလို့၊ မမွေးဝံ့တော့လို့။ သွေးတိုးလည်း နည်းနည်းဖြစ်ချင်ပြီ မာမာရဲ့။’ ဟု ပြောကာ ရယ်မောလိုက်ပြန်၏။
သို့သော် သမီးလေးမွေးပြီးသည်ကစ၍ လေးနှစ်ရှိပြီ။ နန္ဒာသည် သူအကြိုက်ဆောက်ခဲ့သော အိမ်၏ သူ့အကြိုက်ဖွဲ့ခဲ့သော အိမ်ခန်းမှ ထွက်ခွာသွားသည်။ ဘော်ဒါဆောင်၌ သွားနေသော သား၏အိမ်ခန်းနှင့်ကပ်လျက် စာကြည့်ခန်းသို့ ပြောင်းသွားသည်။ စာအုပ်များကို အောက်ထပ်သို့ ရွှေ့ပြောင်းလိုက်သည်။ သမီးလေးကမူ ကိုကိုနှင့်နန္ဒာတို့ရဲ့ အရင်က အတူနေခဲ့သည့် အခန်းနှင့် ကပ်လျက် ကလေးခန်း၌ နေသည်မို့ မေမေ ဖေဖေကြားမှာ ကူးသန်းလျက် ရှိသည်။နန္ဒာနှင့် ကိုကိုသည် ယဉ်ကျေးသူများမို့ ပါပါ မာမာနှင့် သားသမီးများရှေ့မှာ ရန်ဖြစ်လေ့မရှိ။
မြန်မာပြည်ပြန်ရောက်ပြီး ဆယ့်နှစ်နှစ်မျှကာလပတ်လုံး မာမာနှင့် ပါပါတို့ တနင်္ဂနွေနေ့တိုင်း အိမ်မှာ ထမင်း လာစားမြဲ ကျင့်ဝတ်သည်ဘယ်တော့မျှ မပျက်။
ကိုကိုသည် ဘယ်မိန်းကလေး၏ အိမ်ခန်း၌ စံမြန်းနေလည်း တနင်္ဂနွေည၌တော့ အိမ်မှာအိမ်မြဲ။ (အရင်တလောက လီလီတို့အိမ်မှာ တစ်လမျှ သောင်တင်လို့ ကိုကို ထိုဝတ္တရား ပျက်ကွက်ခဲ့သည်။) ပါပါနှင့်မာမာတို့သည် မြနန္ဒာကို ကိုကို့လက် အပြီးအပိုင် လွှဲပြီးသည့် နောက်၌ ဘာမျှ အိမ်တွင်းရေးမှာ စွက်ဖက်ကြသည်မဟုတ်။ နန္ဒာကို စကားတစ်ခွန်း တိုးတိုးမေးလေ့မရှိ။ ကိုကို့ကိုလည်း အပြစ်တင်လိုသော သဘောမပြ။



နန္ဒာကတော့ ထိုဝတ္တရားပျက်စပြုလာ၏။ တစ်နေ့လုံး ညနေစာ စားပွဲအတွက်တော့ စီမံ ပြင်ဆင်လေသည်။ ခြံထဲမှာ ရာသီမပြတ် ပွင့်သော နှင်းဆီပန်းရနံ့ဖြင့် ဧည့်ခန်းကို ကြိုင်လှိုင် စေသည်။ ရာသီအလိုက် သစ်ခွ၊ သဇင်၊ နှင်းပန်း၊ သစ္စာပန်း တို့ဖြင့် အလှဖြည့်ဦးမည်။ မြနန္ဒာသည် ဧည့်ခန်း ပန်းအိုး ကောင်းစွာ စိုက်နိုင်ဖို့ နောက်ခံသစ်ရွက်ကို တောဖြစ်အောင် စိုက်ခဲ့၏။ ပြီးတော့ ကြမ်းပြင်၊ ကော်ဇော၊ ခန်းဆီး၊ လိုက်ကာကို သ, သည်။ အိမ်ဖော် ဒါဇင်ဝက်ကမူ စနေနေ့ညကတည်းက ကြိုတင်၍ လုပ်ကိုင်ကြပြီ။


တနင်္ဂနွေညနေ ဂနာရီမှာ ထမင်းပွဲ စပြီ။
‘ဒါပေမယ့် ပါပါလို့’ ‘မြနန္ဒာကခေါင်းကို ငဲ့၍ နွဲ့၍ နန္ဒာက တနင်္ဂနွေညဆို ၀အောင် မစားဘူး ဟင်းရည်နဲ့ ပေါင်မုန်ပဲ စားမှာ’
ပါပါ မာမာနှင့်ကိုကိုတို့က---
‘ကောင်းသားပဲ သမီး’
‘ကောင်းတာပေါ့ သမီး’
‘ကောင်းတာပေါ့ ဒါလင’် လို့ တစ်ပြိုင်တည်း ထောက်ခံကြသည်။


ဆိုလိုသည်မှာ နန္ဒာသည် ထမင်းပွဲ၌ ပါဝင်သည်မဟုတ်။ အိမ်ခန်းတွင်းသို့ ဟင်းရည်နှင့် ပေါင်မုန့်သာ ပို့ခိုင်းပြီးစားသည်။ သစ်သီးစားချင် စားဦးမည်။ နို့သောက်သည့်အခါ သောက်သည်။ ပြီးတော့ ခပ်သုတ်သုတ် ဝတ်စားပြင်ဆင်၍ ၆နာရီ မထိုးမီ အိမ်မှ ထွက်သည်။ ကိုကို့ကို နှုတ်ဆက်တတ်သေး၏။
‘ကိုကို တနင်္ဂနွေညနေဆိုရင် နန္ဒာက ဖဲမရိုက်ရ မနေနိုင်ဘူး။ မစ္စစ် သန်းတင့်အိမ်မှာ လူစုထားပြီးပြီ။ နန္ဒာမလာရင် စောင့်နေကြမှာ။ ၉နာရီထိုးမှ ပြန်လာမှာ။ ကော်ဖီဝိုင်းကျမှ နန္ဒာဝင်မှာ’
‘ခုတလော  သည်လိုချည်း နန္ဒာ လုပ်နေတာပဲ။ နန္ဒာ့ပါပါတို့ကို ကိုကို သိပ်အားနာတာပဲ။’


‘အားနာစရာ ဘာအကြောင်းရှိလို့လဲ ကိုကိုရဲ့။ သူစိမ်းမှ မဟုတ်တာ။ ဆွေမျိုးပဲ  ဟု နန္ဒာက ရယ်ရွှန်းလိုက်သေး၏။ ဧည့်ခံမယ့်သူ ကိုကို တစ်ယောက်လုံး ရှိတာပဲ။ ကိုကိုနဲ့ သူတို့နဲ့က စကားပြောလို့ သိပ်မြိန်တာ မဟုတ်လား။ နန္ဒာနဲ့က ဆွေးနွေးတိုင်ပင်စရာ ဘာမှလည်းမရှိ။ ပြီးတော့ တစ်သက်လုံး နန္ဒာ့ကွယ်ရာမှာ ဆွေးနွေးတိုင်ပင်နေကျမဟုတ်လား။’
‘နန္ဒာ ငယ်တော့တာလည်းမဟုတ်ဘဲနဲ့။ ဒီလိုပြောတုန်းပ’ဲ ဟု စိတ်ပျက်လျှင်
‘ဘယ်ငယ်မှာလဲ။ အသက်လေးဆယ်ပဲ ပြည့်ခဲ့ပြီ။ သူများတွေကတော့ သုံးဆယ်တောင် ပြည့်မယ်မထင်ဘူးတဲ့။ ဟား ---ဟား၊ လူ့ပြည် အကြာကြီးနေဦးမှာထင်ပါရဲ့။ လေးဆယ်ပြည့်တုန်းက ကိုကိုတောင် မသိလိုက်ဘူး မဟုတ်လား။ အဲဒီနေ့ညကတော့ ကိုကို ပြန်လာပါတယ်။’
‘နန္ဒာ့အကြောင်း ကိုကို့ကို ဘာအသိပေးလို့လဲ’

‘နန္ဒာ၏မျက်လုံးများ ခက်ထန်သွားပြီးမှ စိတ်ကို ဆုံးမလိုက်သည့်သဖွယ် ပြန်လည်အေးငြိမ်းသွားကာ အဲဒီနေ့က သားရော သမီးပါ ခေါ်ပြီး ရွှေတိဂုံဘုရားသွားတယ်လေ။ နန္ဒာ ဖယောင်းတိုင်ရောင်စုံတွေ ကြိုက်တယ်လေ။ မမှတ်မိဘူးလား’
ဟုတ်သားပဲ။ ကိုကိုသည် နန္ဒာ့မွေးနေ့များကို နှင်းဆီမဝယ်ပေးခဲ့တာကြာပြီ။ ပြီးတော့ ယောကျ်ားအများတို့ထုံးစံအတိုင်း မွေးနေ့ဆိုတာ တယ်ဂရုစိုက်တာ၊ သတိရတာမဟုတ်။ နှစ်ပေါင်းများစွာ ပေါင်းလာပြီးသော မယားအတွက် ပိုပြီးမေ့တတ်သည်။
‘ရွှေတိဂုံဘုရားလည်း မရောက်တာကြာပြီ။ ဘုရားမရှိခိုးတာလည်း ဘယ်လောက်ကြာမှန်းမသိလို့ ကလေးတွေခေါ်ပြီး သွားတာ။ စနေဆိုတော့ ကိုကိုခွဲစိတ်နေ့ မဟုတ်လား။ ကိုကိုလည်း လိုက်နိုင်မယ် မဟုတ်ပါဘူး။’


‘နောင်ဘဝမှာ လည်းမတွေ့ချင်ဘူးပေါ့’
ကိုကို့နှမက အားနာဟန်ဖြင့် တစ်ချက်ရယ်ပြီး---
‘ဖယောင်းတိုင်တွေဖြင့် မြနန္ဒာလို့ နာမည်ဖော်ပြီး ပူဇော်ခဲ့တယ်။ ဘုရားမရှိခိုးဘဲ ဆုတောင်းခဲ့တယ်။ဒီအတွက်တော့ မြတ်စွာဘုရားက ခွင့်လွှတ်မှာပါနော်။ မြနန္ဒာ လောင်မြိုက်ခြင်းဟာ ဒါနောက်ဆုံးဖြစ်ပါစေလို့’


သည်လို ဖွဲ့နွဲ့ပြောပြန်တော့ ကိုကို့မှာ ပြောစရာမရှိ ဖြစ်ရသည်။ သို့သော် နန္ဒာကို သေသေချာချာ ကြည့်မိ၏။ ဆံပင်တစ်ချောင်း မဖြူသေး။ အသားအရေများ ပြည့်တင်းစိုပြေမြဲ။ ရေကူးသွားမြဲ။ ပွဲလမ်းရှိရာ အတူသွားကြလျှင် ဘေးမှာ ကိုကိုရှိလျက်ဖြင့် မြနန္ဒာကို ငယ်ရွယ်သော မောင်အရွယ်၊ တူအရွယ်များက စုံစုံမက်မက် ငေးမောကြသေး၏။
‘မှတ်ချက်တော့ အထွေအထူးမရှိပါဘူးကိုကိုရဲ့။ ၄၀ ပြည့်ပေမယ့်လည်း ဒီလိုပါပဲ။ ထူးပြီးပြောစရာ ဘာမှမရှိတာ ကြာပြီပဲ။’
နန္ဒာ တစ်မျိုးပြောင်းသွားပြန်ပြီဟု ကိုကို ထင်သည်။အခန်းပြောင်း အိပ်ကတည်းကပဲလား။ သားဘော်ဒါ ပို့ကတည်းကလား။ သမီးလေး စကားပြောစကလား။
သမီးနှင့် စကား ပြောနေကြပြန်တော့ နန္ဒာပြောင်းလဲသည်လို့ ထင်မှတ်နိုင်ဖွယ်မရှိ။

ဆရာဝန်လုပ်မယ်လို့ ကြွေးကြော်လေ့ရှိသော မြသီတာလေးကို ရွှင်ပြုးံနေသာ နန္ဒာက ကဗျာရွတ်ခိုင်းတတ်၏။


‘မင်းကုသရဲ့ နှမ ပဘာ
ဖယောင်းတိုင် တစ်တိုင်တောင်မလိုပါ။
မြဇာကြာခြည် ခုနှစ်ခန်း
ပဘာ ကိုယ်ရောင်နဲ့ လင်းစတမ်း။
အူဝဲကလေးနှမ ပဘာ
နို့စို့ရင်းလည်း သူလင်းမှာ။
အမေခမျာ အနေခက်
မျက်စိကျိန်း အိပ်ပျက်
ကြိမ်းလည်း မကြိမ်းရက်။’
ပြီးတော့ မြသီတာက နန္ဒာပေးထားသော ပုလဲကုံးရှည်ကြီးကို ဆွဲကာ လက်ညှိုး၌ ချိတ်ကာ မေးထိုးလို့ က,တတ်သေးသည်။
‘ကဲဆိုပါဦး သမီးရယ်။ မေမေနားကြပ်ကလေး ဝယ်ပေးမယ’် ဆိုတော့ ကိုကိုရင်ထဲထိတ် ပြီးမှ စိတ်အေးချမ်းရသည်။ နန္ဒာ မဆိုးလှပါဘူး ဟု တွေးထင်လာသည်။


သူငယ်ချင်းရေ ထထ
သူငယ်ချင်းရေ ထထ
မနက်လင်းစ နှင်းစီစီ
ငှက်ကျားပလီနှိုးတတ်ပြီ။
တအီအီ လှိမ့်မဆုံး၊
စားကောင်းသောက်ဖွယ် အိပ်မက်တုန်း။
သူငယ်ချင်းရေ ထထ
သူငယ်ချင်းရေ ထထ။
သစ်ခွထင်းရှုး ရွက်သစ်မှုန်
နှုတ်သီးနက်ချိတ် ကိုက်ဆိတ်ငုံ။
စောင်ခြုံကြားမှာ မျက်နှာဝှက်၊
သားအိပ်သိုးမှ သူနှိုးရက်။
သူငယ်ချင်းရေ ထထ
သူငယ်ချင်းရေ ထထ။
ညမှောင်သေးတယ် ငှက်ထွေးငယ်၊
ပခုံးသိုင်းချိတ် သပိတ်လွယ်။
မြို့လယ်လမ်းဖြူး ဆွမ်းခံဦး၊
ထချင်သေးဘူး သားဂူးဂူး၊
နေထန်းချိတ်တောင် အိပ်ချင်မူး။


သမီးမြသီတာသည် မအေလို ပီယာနို တီးချင်သော်လည်း ဖေဖေ့ နားကျပ်ဖြင့် ဆရာဝန်လုပ်တမ်း ကစားရတာကို ပိုကြိုက်၏။ အိမ်သားများရဲ့ နှလုံးခုန်သံကို လိုက်လံ နားထောင်တတ်၏။ ဂေါက် ခေါ် အဆစ်ရောင် ရောဂါဖြင့် မာမာ့ခြေမ ပူလောင် ယောင်ရမ်းနာကျင်သည်ကို ဖြတ်ပေးလိုလှသတဲ့။ သမီးလေး မြသီတာကြောင့် ကိုကို့မှာ တအားတက်ရသည်။ မြနန္ဒာကလည်း မြသီတာ ဆရာဝန်ဖြစ်ချင်တာ ဖြစ်စေရမည်ဟု ကတိပေးခဲ့၏။ သို့သော် အိမ်မှာ ကိုကိုကြားနေရသော ကဗျာတို့သည် ငယ်ငယ်က ခင်မင်ခဲ့ဖူးသော လင်းထင်၏ ကဗျာများဖြစ်သည်ကို သိရပြန်သည်။


‘ကြာပြီ ကိုကိုရဲ့။ မစ္စစ်သန်းတင်တို့အိမ်က ဖဲဝိုင်းကို သူလာလာနေတာ။ ကိုကို အင်မတန်ချီးမွမ်းတဲ့ ဒေါက်တာခင်အေးရီနဲ့ ရတယ်လေ။ တော်တော် သတ္တိကောင်းတဲ့မိန်းမ။ နန္ဒာလည်း ခင်ပါသေးတယ်။ မတွေ့တာ အနှစ်နှစ်ဆယ်ကျော်ပေမယ့် စိမ်းမသွားပါဘူး’ ဟု အေးစက်စက် ပြောပြန်သည်။


ကိုကိုသည် ဘာမျှ မပြောဘဲနေဖို့ ကြိုးစားသော်လည်း မရ။

‘လူတွေက ဘာပြောမလဲ ဒါလင်ရယ်’ ဟု ပျော့ပျော့ပျောင်းပျောင်း ပြောသည့်အခါ

‘မသိဘူးလေ’ ဟု ခပ်ပေါ့ပေါ့ ဖြေလေ၏။

‘စဉ်းစားကြည့်မှပေါ့ ဒါလင်ရဲ့။’
‘မစဉ်းစားကြည့်ချင်ပါဘူး။ နန္ဒာ လူလာဖြစ်တာ ရှင်းလင်းဖို့ မဟုတ်ဘူး။ သူတကာ ကျေနပ်စေဖို့ မဟုတ်ဘူး။ ဒီအရွယ်ရောက်လာမှတော့  နန္ဒာလည်း နားလည်လာပါပြီ။ နန္ဒာ့အတွက်လည်း နန္ဒာ အသက်ရှင်နေဦးမယ်။ ကိုကိုပြောသလိုပဲ နန္ဒာက တော်တော်ခေါင်းမာတာ။ ခဏခဏ သေပါရက်ဖြင့် အသစ်ပြန်ပြီး မွေးနေတာပဲ။ တစ်ဘဝမှာ အသက်ကိုးခါ ပြန်ရှင်တတ်တယ်ဆိုတဲ့ ကြောင်သတ္တဝါထက် ဆိုးသေးတယ်။’


တစ်ခါတစ်ခါတော့လည်း ကိုကို့နှမကိုပဲ ကိုကိုနားမလည်နိုင်ဖြစ်ရသည်။ ထူးဆန်းသော စိတ်ကူးနှင့် ထူးဆန်းသော စကားကို ထပ်တလဲလဲဆိုတတ်သည်။ စိတ်မရှည်တဲ့အခါမျိုးမှာ ‘သေတယ်ဆိုတာ ကိုကိုသိသမျှတော့ ရင်ခွဲရုံက ကိစ္စပဲ ဒါလင်ရဲ့’ ဟုပြောလိုက်ချင်သည်။ နန္ဒာ နည်းနည်းမှ မသေပါဘူး။ အရှင်ကြီးရှိသေးတယ်။ ပြီးတော့ လင်းထင်ကို ယူကြည့်စမ်း။ ကိုကို့လက်ထဲမှာလို လ,ရောင်မှာ လွမ်းနေနိုင်မယ်ထင်လား။ ပီယာနိုတီးပြီး၊ ဓာတ်ပြားဖွင့်ပြီး၊ စိန်၊ ရွှေ၊ ပိုးဖဲ ဝတ်ပြီး ညစာစားပွဲ သွားနေနိုင်မယ် ထင်လား။ ဗောက်စ်ဝက်ဂွန်ကားဖြင့် အလကား လျှောက်မောင်းနေနိုင်မလား။ ပုဂံ၊ ငပလီ၊ ရခိုင်၊ ရှမ်းပြည်၊ ထားဝယ် လည်ပြီး နေနိုင်မလား။ တကယ်တော့ လွမ်းရေးထက် ဝမ်းရေးခက်တာ အမှန်ပဲ။ ပြီးတော့ ဘယ်ယောကျ်ားတစ်ယောက်ဟာကော နန္ဒာကို ကိုကို့လို ချစ်နိုင်မှာလဲ။


မိန်းမတစ်ယောက်ဟာ ကိုယ့်လင်က ကိုယ့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ တစ်ခုသာ စဉ်းစားနေဖို့ ကောင်းတာ။ အဲဒါကလွဲလို့ ဘာမှမတွေးဘဲ နေဖို့သင့်တာကို အမြဲတမ်းတွေးတော ငေးမောနေခြင်းဖြင့် ပြီးရပါတယ်ဆိုတဲ့ မြနန္ဒာဟာ သဘောမပေါက်မိဘူးလား။


ဒါမှမဟုတ် နန္ဒာ ဟာ ကိုကိုနဲ့ နန္ဒာတို့နှစ်ယောက် ဇာတ်လမ်းဟာ ပြီးဆုံးသွားပြီလို့ ပြည်ဖုံးကား ချသွားပြီ ထင်ပါရဲ့။


ကိုကိုကတော့ ပြည်ဖုံးကားကို ပြန်တင်နေသေးတယ်။ နန္ဒာ့ မာမာတို့  ထမင်းလာစားတဲ့ တနင်္ဂနွေညများမှာမှ တမင်ထွက်ပြီး ဖဲရိုက်လည်း၊ ည ၉ နာရီမှ ပြန်လည်း  ကိုကိုကတော့ ကော်ဖီဝိုင်းမှာ နန္ဒာ့ကို ထိုင်ပြီး ဧည့်ခံစေဦးမယ်။
ရက်စက်တယ်ဆိုဆို၊ မြသီတာလေး နိုင်လွန်ဇာ ညဝတ်အကျီင်္လေးဖားလျားဖြင့် အိမ်ပေါ်က ပြေးဆင်းလာတဲ့အခါ ၊ သမီးလေးဆံပင်ရှည်မှာ နန္ဒာ မျက်ရည်သုတ်တာ မြင်ရရင် ကိုကို ကျေနပ်တယ်။ နန္ဒာ့မှာ မျက်ရည် မခန်းတော့ဘူး။ နန္ဒာ နှလုံး အေးစက်သော်လည်း မခဲသေးဘူး။


နန္ဒာပြောတဲ့ ပန်းချီဆရာ ကိုတင်မောင်ဆိုတာလည်း အိမ်ဖိတ်နိုင်ပါတယ်။ သားကို အပ်နိုင်ပါတယ်။ ကိုကိုကတော့ နန္ဒာ့အနားကို ကပ်လာတဲ့ ယောကျ်ားမှန်သမျှကို မယုံနိုင်ဘူး။ အကဲခတ်ရမှာပဲ။ ကြည့်နေရမှာပဲ။ အနုပညာသည် ဖြစ်တာနဲ့ပဲ ဘုရားအလောင်းလို မယုံကြည်နိုင်၊ မကြည်ညိုနိုင်ဘူး


နန္ဒာသည် ကိုတင်မောင်၏ ပန်းချီပြပွဲများကို သည်နှစ်တနှစ်လုံး လိုက်လံကြည့်ရှု နေခဲ့သည်။ အမေရိကန်မကြီး မစ္စစ်အက်ဗော့ရဲ့ အိမ်မှာ ကိုတင်မောင်ရဲ့ တစ်လက်ရာပြပွဲကို ကိုကိုပါ အတင်းခေါ် သဖြင့် လိုက်ရသေး၏။ မှောင်မိုက်သည့် တောအုပ်ဝက မီးတိုင်ကလေး ထွန်းညှိထားသော ကားချပ်ကို လိုချင်သည် ဟု ဆို၏။ သူများဝယ်သွားပြီမို့ ဆုံးရှုံးလိုက်ရသည်ကို မကျေနပ်နိုင်ဘဲ တ, သနေသည်မို့ ကိုကိုပင် အံ့သြကာ ကိုယ့်နှမကိုယ် ငေးကြည့်နေမိသေး၏။
နန္ဒာသည် ပုဂံဆိုသော ကားချပ်ကို  ဝယ်လိုက်၏။ လှပသော ပန်းချီပဲဟု ကိုကို အကြမ်းဖျင်းပြောတတ်သည်။ ပန်းချီကား၌ အနုစိတ်လက်ရာများပါပြီး စိတ်ဝင်စားစရာ၊ ကြည့်စရာ အကြောင်းအရာ အပြည့်အစုံပါသည်လို့ နန္ဒာက ပြော၏။
သူများနှင့်မတူသော အရောင်စပ်ဟန်တွေ့ရသည်လို့ နန္ဒာကပြော၏။ ဟုတ်သည်။ မရမ်းနုရောင်၊ စိမ်းပြာရောင်များ မမျှော်လင့်ဘဲ များစွာသုံးထားသည်ကို သတိထားမိ၏။


ပုဂံကို အိမ်မှာ မချိတ်ဘဲ သားကို လက်ဆောင်ပေးလိုက်၏။ ပန်းချီဆရာ ဖြစ်ချင်သည်ဆိုသော နန္ဒာရဲ့သား။ သာဦးဂျော်ရဲ့သားလို့ ပြောရမှာတောင် ရှက်သည်။ သားက သွေးကိုမြင်လျှင် မူးချင်သည်တဲ့။ ဆေးရုံနံ့ကို သည်းမခံနိုင်တဲ့။  သားငါး ကြက်ဥ အစားနည်းပါးမကြိုက်သဖြင့် ပိန်ရှည်ကြီး ဖြစ်နေသော သားကို လက်ဆောင်ပေးလိုက်၏။ ပြီးတော့ သားအမိနှစ်ယောက် ထိုပန်းချီကားကို ချီးမွမ်းခန်း ဖွင့်နေတတ်ကြပြန်သည်။


ပြပွဲမှာ နန္ဒာက သိလိုက်ပုံမရ။ ကိုကိုက ပန်းချီဆရာ ကိုတင်မောင်ကို မြင်ခဲ့သည်။ လူပျိုကြီးဖြစ်၍ အလွန် သန့်ရှင်းဖြူစင်စွာ နေခဲ့သည်လို့ မစ္စအက်ဗော့က ရယ်ဟဟဖြင့် ပြောပြသည်။ မိတ်ဆက်ပေးဦးမည်ဆိုတာကို ယဉ်ကျေးစွာ ရှောင်ခဲ့ရသည်။ ရိုးပုံတော့ရသားပဲ။ လူကောင်း သူကောင်းနှင့် တူပါတယ်ဟု သူထင်မြင်ခဲ့၏။
နန္ဒာကတော့ ပန်းချီကားကို နှစ်သက် ယုံကြည်တာဖြင့်ပဲ ပန်းချီဆရာကို ယုံကြည်ပြန်ပြီ။ လက်ဖက်ရည်သောက်ဖိတ်ကြားပြီး  မိတ်ဖွဲ့ဦးမည်။ ဆန်းကြယ်သော ဘာသာစကားကို ပြောကြဦးမည်။


ကိုကိုကတော့ မဖက်စပ်မိသည်ဖြစ်လည်း နန္ဒာကို လက်မလွှတ်နိုင်ပါဘူး။ နန္ဒာကို အဖိုးတန်တုန်း၊ နှမြောတုန်းပဲ။ အသက်ဘယ်လိုရတာလည်း လောကအကြောင်း နားမလည်တဲ့၊ ကလေးလို တွေးတတ်တဲ့၊ တကယ်တော့ စုန်းပြူးသာ ဖြစ်တဲ့ မြနန္ဒာဟာ ကိုကိုရဲ့ နောက်ဆုံးအချစ်သာ ဖြစ်တယ်။


နန္ဒာ့လိုပဲ တစ်ခါလောက်တော့ နန္ဒာ့စကားမျိုး ပြောလိုက်ဦးမယ်။ နုနယ်ပျိုမျစ်ဆဲ၊ အလိုရှိဖို့ကောင်းဆဲ မြနန္ဒာဟာ အချိန်မလွန်ခင် ကိုကို့အတွက် အသစ်မွေးဖွားရဦးမယ်။ ဘယ်တော့မှ ထပ်မသေရတော့တဲ့ မွေးဖွားခြင်းမျိုးဖြင့် မွေးဖွားရဦးမယ်။ လောကအားလုံးကို ကတိပေးလိုက်တယ်။ နန္ဒာဟာ ကိုကိုပိုင်တဲ့ပစ္စည်းပဲ နှမမြနန္ဒာရေ့။ လို့ ကြုံးဝါးလိုက်ရင်တော့ နားလည်သိမြင်လာရမယ့် လှလို့မဆုံး သေးတဲ့ နန္ဒာဟာ မျက်ခုံး၊ မျက်တောင်ကော့တွေပင် လှန်လို့  ကြည့်ပြီး၊ မျက်လုံးအေးအေး ရွှန်းလဲ့လာပြီး ဆံမြိတ်ပခုံးပေါ် ဝေဖြာကျအောင် ခေါင်းကိုလှည့်လို့ နွဲ့ပြီး  ‘သူကလည်း’ လို့ ခပ်ချွဲချွဲ ပြောလိမ့်မယ်။
ဒီတော့မှ အိမ်တိုင် အိမ်ထုတ်တန်းတွေကို လက်သမားတတွေဖြင့် မိုးထိအောင် မြှင့်ရလိမ့်မယ်။ ကိုကိုရဲ့ သတို့သမီးကို မင်္ဂလာခန်းမထဲ မဝင်ခင် ပွေ့ချီ မြှောက်ကစားဖို့ပေါ့နန္ဒာရဲ့။ ။
 
 (ကြည်အေး)
မှတ်ချက် - ဒုတိယအကြိမ် (ပန်းရွှေပြည်စာအုပ်တိုက် ) ၊ တတိယအကြိမ် (Comet Books) ၊ စတုတ္ထအကြိမ် (စိတ်ကူးချိုချိုစာအုပ်တိုက်) များမှ ပြန်လည်ပုံနှိုပ်ထုတ်ဝေရာတွင် စာပေစိစစ်ရေးကြောင့်ဖြတ်တောက်ခံရသည့် စာသားများကို မူရင်း ပထမအကြိမ်အတိုင်းပြန်လည်ရှာဖွေထည့်သွင်းထားပါသည် ။

[ ကျေးဇူးစကား X မောင် ကိုကို နှင့် မြနန္ဒာ အတွက် အလုပ်များသည့်ကြားက အားထုတ်ပေးခဲ့ကြသော မစန္ဒာလှိုင် မြတ်သန္တာ ညို တို့အား အထူး ကျေးဇူးတင်ရှိပါသည်။] ...

Source; http://kyiaye-literature.blogspot.com.au/2012/10/blog-post_2636.html

မြနန္ဒာ ပြောချင်သေးသည်။ (မောင် ကိုကို နှင့် မြနန္ဒာ ၂)






မြနန္ဒာသည် ကားတံခါးကို သော့ခတ်ပြီး ရုတ်တရက် မလှုပ်ရှားသေးဘဲ အဖြူနှင့် လိမ္မော် စပ်ထားသော စက္ကူပန်းရုံ ဝင်းထိန်နေသည်ကို နှစ်လိုစွာ ငေးမောနေလိုက်သေး၏။ သိပ်လှတာပဲ၊ သိပ်လှတာပဲ၊ လောကမှာ လူ နည်းနည်းကလေးနဲ့ ပန်းတွေ အများကြီးရှိရင် သိပ်ကောင်းမှာပဲ၊ သိပ်အေးချမ်းမှာပဲဟု တွေးလိုက်မိသေး၏။ ရောက်နှင့်နေသော ကားများကို ကြည့်လျှင် ဖဲဝိုင်းမှာ လူစုံပြီဆိုတာကို သိရသည်။ လူစုံလေပြီ။ မြနန္ဒာကို စောင့်ရင်း ကစားနှင့်ကြမည်။ ကိစ္စမရှိ မြနန္ဒာက ခြောက်နာရီမှာလာ၍ ကိုးနာရီမှာ ပြန်သူဖြစ်သည်။ တနင်္ဂနွေနေ့များမှာ ဖဲဝိုင်းကို မှန်မှန်လာသော်လည်း အားထားရသော ဝိုင်းသားမဟုတ်။ ဖဲဝိုင်းကို လာ သော်လည်း ဖဲရိုက်ချင်သည်မဟုတ်။

ဖဲမရိုက်ချင်ဘဲ ဘာကြောင့် လာရသည်ဆိုတာကို ပြောရလျှင် အရှည်ကြီး ပြောရမည်။ တနင်္ဂနွေနေ့ ၆ နာရီနှင့် ၉ နာရီ ကြားမှာ အိမ်မှာ မနေချင်လို့ ဆိုရုံနှင့် ပြီးမည် မဟုတ်။ ပြီးတော့ မြနန္ဒာကို အပြစ်တင်ကြလိမ့်ဦးမည်။ ကိစ္စမရှိ။ အဘယ့်ကြောင့်ဆိုသော် မြနန္ဒာသည် စွပ်စွဲသမျှကို ရှင်းလင်းရန် လူ့ဘဝသို့ လာရောက်ခဲ့သည် မဟုတ်။ မနာလိုသော စိတ်ထားများကို ချော့မော့ ဖျောင်းဖျရန် လာရောက်ခဲ့သည် မဟုတ်။ ပြီးတော့ စွပ်စွဲစကားနှင့် ချော့မော့ ဖျောင်းဖျရန်ဆိုတာကိုလည်း မြနန္ဒာက သတိတရ ရှိလှသည်မဟုတ်။ ညအိပ်ရာဝင် ခြေမှန်မှန် ဆေးရသည်က အရသာ ရှိသေးသည်ပင်။ ထိုသို့ မာန ထားခဲ့ဖူးသည်။ ယခုလို အသက်ကြီးရင့် လာလျှင်တော့ ထိုမာနသည် လျော့ပါးသွားပြီး မာနကင်းသော အမှတ်တမဲ့ နေလိုက်ခြင်းက ပိုလို့ပင် စိတ်လက်ပေါ့ပါးစေသေးသည်။ မထိခိုက်နိုင်သေးသည်။ လွတ်လပ်ခဲ့သည်။

ဒါကြောင့်ပဲ “ဆန်းဒေးညနေဆို အိမ်မှာမနေချင်လို့ ဖဲလာရိုက်ရတာ။ ဝါသနာပါလို့ မဟုတ်ပါဘူး”ဟု သူ အေးအေးဆေးဆေး ပြောတတ်သည်။ ပြီးတော့ မျက်ခုံးပင့်၍ ကြည့်ကြသူတို့ကို မြနန္ဒာ၏ ကျော်ကြားသော အပြုံးဖြင့်သာ အဖြေ ဆက်လက်ပေးလိုက်သည်။

တနင်္ဂနွေနေ့ ညနေများမှာ မာမာ သော်လည်းကောင်း၊ ပါးပါ သော်လည်းကောင်း၊ နှစ်ယောက်စလုံး သော်လည်းကောင်း အိမ်သို့ ထမင်းလာစားသည်။ သူတို့ရဲ့ တူသမက် မြနန္ဒာရဲ့ အစ်ကိုလင်ကို ကောင်းချီးပေးဖို့ ထင်သည်။ လာကြမြဲဖြစ်သည်။ တစ်နေ့လုံး မြနန္ဒာက ညနေထမင်းပွဲအတွက် စီမံပြင်ဆင်ရသည်။ နိုင်ငံခြားသား သံအမတ်ကြီးများကို ဖိတ်ကြား ကျွေးမွေးခဲ့ရသည်နှင့် မခြား။ တစ်အိမ်လုံး တနင်္ဂနွေနေ့တိုင်း မွမ်းမံပြင်ဆင်သည်။ နှင်းဆီပန်း ရနံ့များ ကြိုင်လှိုင်စေသည်။ ရာသီအလိုက် သစ်ခွ၊ သဇင်၊ နှင်းပန်း၊ သစ္စာပန်း တို့ဖြင့် အလှဖြည့်ဦးမည်။ ဧည့်ခန်း ပန်းအိုး ကောင်းစွာ စိုက်နိုင်ဖို့ နောက်ခံ သစ်ရွက်ကို တောဖြစ်အောင် စိုက်ခဲ့သည်။ ကြမ်းပြင်၊ ကော်ဇော၊ ခန်းဆီးရှိ လိုက်ကာကို သရသည်။ အိမ်ရှိ အိမ်ဖော် ဒါဇင်ဝက်သည် စနေနေ့ညကတည်းက ကြိုတင် လုပ်ကိုင်လေ့ ရှိကြသည်။ မြနန္ဒာကမူ မနက်မိုးလင်းမှ အလုပ် စချင်သည်။ မာမာ၊ ပါပါ နှင့် ကိုကို တို့ရဲ့ ဇာတ်ရည် ၀နေအောင် တိုက်ထားသော တနင်္ဂနွေနေ့ည ထမင်းစားပွဲ ဇာတ်ထုပ်၌ ပါဝင် ကပြဖို့ရာ သူ အိပ်ရာက ထချင်တဲ့ အချိန်မှ ထမည်လို့တော့ မြနန္ဒာက ဆုံးဖြတ်ထားလေသည်။

ကြည့်ပါဦး။ အိမ်ထောင်သက် အနှစ် ၂၀ အတွင်းမှာ လန်ဒန်၊ ပါရီ နှင့် မြူးနစ်တို့မှာ လှည့်လည်ခဲ့သည့် အိမ်ထောင်ဦး ရှစ်နှစ်မှအပ ရန်ကုန်ပြန်ရောက်သည့် ၁၂ နှစ်မျှ ကာလပတ်လုံး မာမာ နှင့် ပါပါသည် တနင်္ဂနွေနေ့တိုင်း အိမ်မှာ ထမင်းလာစားကြသည်။ ဟုတ်ပါသည်။ နွေကျောင်းပိတ်ရက် သုံးလမှာတော့ မြနန္ဒာသည် သားနှင့် သမီးကို ခေါ်ကာ ရှမ်းပြည်နယ်သို့ တက်မြဲ၊ လွတ်ကင်းမြဲပေါ့။

တနင်္ဂနွေနေ့ ည ၈ နာရီမှာ ထမင်းပွဲ စ မြဲ။

“ဒါပေမယ့် ပါပါ”လို့ မြနန္ဒာ သူ့ဖခင်နှင့် တွေ့လျှင် နွဲ့မြဲ အကျင့်ပါကာ ခေါင်းကို ငဲ့ပြီး နွဲ့၍ “နန္ဒာက တနင်္ဂနွေနေ့ညဆို ၀အောင် မစားဘူး။ ဟင်းရည်နဲ့ ပေါင်မုန့်ပဲ စားမှာ”

ပါပါ သိပါသည်။ မာမာ သိပါသည်။ ကိုကိုက အသိဆုံးပေါ့။ သူတို့ ထုံးစံအတိုင်း မသိချင်ယောင်ဆောင်ကြပြီး...

“ကောင်းသားပဲ သမီး”

“ကောင်းတာပေါ့ သမီး”

“ကောင်းတာပေါ့ ဒါလင်”
... လို့ တစ်ပြိုင်တည်း ထောက်ခံကြမည်။ ပြီးတော့ မြနန္ဒာက ထမင်းစားပွဲပြီးမှာ ကိုးနာရီ ဆယ်မိနစ်မှာ ကော်ဖီဝိုင်းသို့ ဝင်ပါရစေလို့ တောင်းပန်မည်။ သူစိမ်းတွေ မဟုတ်လေတော့ ခေါင်းညိတ်ကြပြန်သည်။ မြနန္ဒာသည် ဦးသန်းတင့် အိမ်ဖဲဝိုင်းမှ ကိုးနာရီ တိတိ ထပြန်လာလျှင် အိမ်သို့ ကိုးနာရီ ဆယ်မိနစ်တိတိမှာ ရောက်သည်။ ဧည့်ခန်း၌ လင်သည်နှင့် ဧည့်သည်အဖြစ်ရောက်နေသော မိဘတို့၏ ကော်ဖီဝိုင်းကို သူ ဝင်မည်။ ပြီးတော့ သူတို့ မကြိုက်သော ဖဲဝိုင်းအကြောင်းကို ရယ်မောကာ ပြောပြမည်။ ယခုတစ်လော ငယ်ငယ်က ခင်ခဲ့ဖူးသော၊ နန္ဒာကို ချစ်ခဲ့ဖူးသော လင်းဆိုတဲ့ ကောင်လေးနဲ့ ဖဲဝိုင်းမှာ အံ့သြစရာ ပြန်တွေ့ရတာတောင် ပြောနေရပြန်သည်။ သိပ်ပြောလို့ ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ယခုမှ အပြင်က ပြန်ရောက်လာသည့် အိမ်ရှင်မ ဝင်လာသော ကော်ဖီဝိုင်းသည် စိုပြည်လာမည်ပင်။ ကောလိပ်ရောက်ပြီဖြစ်သည့် သားပင် ဘော်ဒါဆောင်မှ ပြန်ရောက်နေလျှင် ထမင်းစားပွဲသို့ တစ်ချက်တစ်ချက် ဝင်လေပြီ။ သမီးငယ်လေးလည်း တစ်ညတလေ နိုးလို့ နိုင်လွန်ဇာ ညဝတ်အကျႌလေး ဖားလျားနဲ့ အထိန်း လက်ထဲက ရုန်းကန်ပြေးဆင်းလာမည်။

ထိုအခါမျိုးမှာ မြနန္ဒာသည် မျက်ရည်များ ဝေ့လည်ကာ သူတကာ မမြင်အောင် သမီးလေး ဆံပင်ရှည်ထဲ မျက်နှာဝှက်ပြီး နမ်းရှုပ်ရင်း၊ နမ်းရှုပ်ဟန်လည်း ဆောင်ရင်း ပူနွေးသော သမီးလေးခေါင်း၌ မျက်ရည်စများ သုတ်ရတတ်သည်။

နန္ဒာ့ သမီးအိမ်ကို နောက် အနှစ် နှစ်ဆယ်လောက်မှာ ထမင်းသွားစားတဲ့အခါ သမီးလေး မြသီတာဟာ နန္ဒာ့လို ထမင်းပွဲပြီးမှ ဖဲဝိုင်းက ပြန်မလာစေရဘူးဟု သူ့ကိုယ်သူ ကတိပေးမြဲ ဖြစ်၏။

သူ့မျက်နှာကို ကလေးခေါင်းမှ ခွာလိုက်သည့် အခါတွင်မူ အပြုံးမပျက်သည်ကို မာမာ၊ ပါပါ နှင့် ကိုကိုတို့ တွေ့ရလိမ့်မည်။ မြနန္ဒာ အပြံုး မပျက်သည်မှာ ခွင့်မလွှတ်နိုင်ခြင်း၏ အထိမ်းအမှတ်ဖြစ်သည်။ တစ်ခါတစ်ခါတော့လည်း သူတို့ သုံးယောက်ရှေ့မှာ ကျကျနန ငိုလို့များ ရလျှင် ငိုချလိုက်ချင်ပါရဲ့။ ဘယ်တော့မှတော့ မဖြစ်နိုင်တော့ပါဘူး။ အနှစ် နှစ်ဆယ် ကြာခဲ့ပြီ။ ငိုလို့ရခဲ့သည့် တစ်နေ့မှာ သူ ခွင့်လွှတ်နိုင်လိမ့်မည်လို့ ထင်ခဲ့ဖူးသည်။ ယခုတော့ သိပြီ။ တစ်နေ့တခြား သူ့ အပြံုးဟာ တည်မြဲလာပြီး သမီးလေး ပြေးဆင်းလာတာကိုပင် အပြံုးမပျက်ဖြင့် “ သမီး အိပ်ချိန်ကြီးမှာ ဘာလို့ ဆင်းလာတာလဲ။ နိုးရင်လည်း မေမေ တက်ခဲ့မှာပေါ့။ နာနီ့ကို ခေါ်ခိုင်းလိုက်ရောပေါ့။ သားကော စာကျက်နေဖို့ မကောင်းဘူးလား” လို့ ပြောနိုင်လာပြန်သည်။

မာမာက တစ်စုံတစ်ခု ပြောမည်ပြုပြီး မပြော။ ပါပါက စည်းကမ်းကြီးချင်ဟန်နှင့် ခေါင်းယမ်းမည်။ ကိုကိုကတော့ သူ့သမီးကို ချစ်မြဲမို့ လာပါဦး သမီးရဲ့၊ ဖေဖေ့ဆီလည်း လာပါဦး”လို့ ခေါ်မည်။ လက်ဆန့်တန်းလိုက်မည်။

စိတ်မချုပ်တည်းနိုင်သည့် အခါမျိုးမှာ မြနန္ဒာသည် ကလေးကိုကောက်ချီကာ အိမ်ပေါ်တက်လာပြီး ကလေး သိပ်နေတတ်တော့သည်။ ပြန်တော့မည့် မာမာ၊ ပါပါက အိမ်ပေါ်တက် နူတ်ဆက်ရသည်။ ကိုကိုက အိပ်ရာဝင်ခါနီး လာနှုတ်ဆက်ရသည်။ သူတို့ လင်မယားသည် တစ်ယောက်တစ်ခန်း အိပ်ခဲ့ကြသည်မှာ သမီးလေး မွေးပြီးကတည်းက ဖြစ်သည်။ ၄ နှစ်ရှိပြီ။

“နန္ဒာ သိပ်ရိုင်းတာပဲနော်”ဟု မြနန္ဒာ မကြာခဏ တွေးတတ်ပေမည့် ဘယ်တတ်နိုင်မလဲ။ နန္ဒာက မေ့ပျောက်ဖို့ ခဲယဉ်း၏။ နာကြည်းတတ်၏။

သူတို့ သုံးယောက်ဟာ မြနန္ဒာကို မသိနားမလည်တဲ့အရွယ်မှာ ညာချပြီး နန္ဒာရဲ့ ဘဝကို ခြေမွပစ်ခဲ့ကြတယ်ဟု တစ်သက်လုံး တွေးတောခဲ့၏။ ဘယ်ခွင့်လွှတ်နိုင်မလဲ။ လိမ္မာဖို့ရာသာ သင်ကြားခဲ့ရသည့် မြနန္ဒာက ရယ်မောပျော်ရွှင်စွာ နေလိုက်ချင်သည်။ မြနန္ဒာက ပြုံးရုံသာပြံုးပြီး အပြံုးမပျက်ဘူးဆိုတာကိုသာ တစ်ဆင့်ပြတတ်လာရပြီး ယခုအထိ မိဘနှင့် လင်သည်တို့က အဖွဲ့မပျက် စည်းလုံးနေကြသည်ကို မြင်ရကာ မခံနိုင်သည့် အခါများမှာတော့ ရိုင်းတတ်လာတာ အမှန်ပဲ။ ဘယ်သူ့ အပြစ်လဲ။

ပါပါကတော့ ပြောသည်။ သမီးမြနန္ဒာကို ဘယ်လောက်မြတ်နိုးခဲ့သလဲကွယ်လို့၊ ဘယ်လောက် ပြုစုပျိုးထောင်ခဲ့သလဲကွယ်လို့၊ ဘယ်လောက် အထက်တန်းကျစေခဲ့သလဲကွယ်လို့၊ မင်းမျိုးမင်းနွယ်တမျှပါပဲလို့။

x x x

ပါပါကတော့ သမီးမြနန္ဒာ မမွေးခင်ကတည်းက အားလုံးစီစဉ်ခဲ့သည်ပင်။ ပါပါက အစီအစဉ်ကြီးသူ ဖြစ်သည်။ သူက တစ်ဦးတည်းသော ကလေးကိုသာ လိုချင်သည်။ ထို့ကြောင့် မြနန္ဒာသည် ညီအစ်ကို မောင်နှမ မရှိ ဖြစ်ခဲ့သည်။

မှတ်မိသေး၏။  (မြနန္ဒာက အင်မတန် မှတ်မိတတ်သည်။ ကိုယ့်ကိုယ်ကိုယ် နှစ်နှစ် သုံးနှစ်ရွယ်လောက်ထိ တစ်ချက် တစ်ချက် ပြန်မှတ်မိနေသည်။) မြနန္ဒာက အိမ်လာလည်သော ဧည့်သည်၏ ကလေးကို ချစ်နေပြီး မေမေ့ကို ပူဆာသည်။
“မာမာ့ ဗိုက်ထဲမှာ မောင်မောင်လေး မွေးပါဦး၊ မောင်မောင်လေး မွေးပါဦး” ဆိုတော့ မာမာက “ညည်း ပါပါကို ပြော” တဲ့။

ပါပါ့ကိုပူဆာပြန်တော့ ပြုံးရယ်ခဲသော ပါပါသည် အနည်းငယ်ပြံုးပြီး “ဘာလုပ်ဖို့လဲ နန္ဒာရဲ့၊ တစ်ယောက်တည်းဆိုတော့ မကောင်းဘူးလား။ မာမာ၊ ပါပါတို့လည်း တစ်ယောက်တည်း အပိုင်ရတာပေါ့။ အရုပ်တွေလည်း တစ်ယောက်တည်း အပိုင်ရတာပေါ့။ မဟုတ်ဘူးလား။ မောင်လေးရှိရင် ဝေယူရမှာ။ နန္ဒာ့မှာ လျော့သွားမှာပေါ့”

“ဟင့်အင်း၊ နန္ဒာ တစ်ယောက်တည်း အပိုင် မလိုချင်ပါဘူး။ မောင်လေးကို ဝေပေးမှာပေါ့”ဟု ပြောခဲ့သည်။

မြနန္ဒာသည် မောင်လေးကို မရခဲ့ချေ။ ပါပါ အားကြီး နှမြောသည်လို့ သူ ထင်ခဲ့သည်။ ရန်လုပ်ခဲ့သည်။ သူနည်းနည်းကြီးလာတော့ ဧည့်သည်များရှေ့မှာ သည်အကြောင်း ပြောပြီး လူကြီးတွေ ရယ်ကြပြန်တော့ ရှက်လည်းရှက်၊ ကိုယ့်ကိုယ်ကိုယ်လည်း မှားတယ် ထင်ခဲ့ပြန်သည်။

မြနန္ဒာ ငယ်ငယ်က မွေးဖူးသော ကြောင်ကလေးကို နမ်းမှုကြောင့် ပါပါက ကြောင်ကို လွှတ်ပစ်ခိုင်းတာ မှတ်မိသေး၏။ ကြောင်ကလေးကို ခပ်ဝေးဝေးသို့ သွားပစ်လည်း နေ့စဉ် ပြန်လာသည်။ မြနန္ဒာ ဆီးကြို နမ်းရှုပ်မြဲ။

နောက်တော့ ပြန်မလာတော့ချေ။ ထမင်းချက် ကုလားကြီးက ပါပါ သေနတ်ဖြင့် ပစ်သတ်လိုက်သည်လို့ ပြောသည်။ မာမာက “ ဟုတ်မယ် မထင်ပါဘူး” ဟုသာ ပြောသည်။ ပါပါ့ကို မမေးရဲချေ။ မြနန္ဒာ တစ်လ နှစ်လလောက် ငိုရသည်။ အလွယ်တကူဖြင့် မေ့ပျောက်လို့ မရချေ။ အစေခံ တန်းလျားက ကလေး တစ်ယောက်နှင့် အဖော်ပြုမိလို့ အဆိုခံရပြန်သည်။ ပြီးတော့ ပါပါက သေနတ်နှင့် ပစ်သတ်လိုက်မှာ ကြောက်၍ အဆက်ဖြတ်လိုက်သည်။ မာမာက ရယ်မောသေးသည်။ မာမာက ပါပါရဲ့ ဘက်တော်သား ဖြစ်သည်။

မြနန္ဒာ အရုပ်ကလေးလို အဖိုးတန်အဝတ်ဖြင့် ဆင်ပြင်ကြတာတော့ ကျေးဇူးတင်ရမည်ဆိုပါတော့။ ဖိနပ်နဲ့ ဦးထုပ်က အစ အင်္ဂလန်က မှာပေးတာတွေ အမှန်ပါပဲ။ မြနန္ဒာ မွေးနေ့များဟာ ကြီးကျယ်ခမ်းနားလှသော အိမ်၏ ပွဲတော်များ ဖြစ်ကြသည်။ ဆွေမျိုးမိတ်သင်္ဂဟများ လာကြသည်။ မြနန္ဒာကို လှတာတစ်ခုနဲ့ပဲ ချီးမွမ်းမဆုံးကြ။ ဘာလုပ်လုပ် တင့်တယ်နေသည်။ လက်ဆောင် များစွာရ၏။ သို့ပေမယ့် ချစ်ခင်တတ်သော၊ နှလုံးနွေး ပူသော မြနန္ဒာအဖို့ သက်မဲ့ ပစ္စည်းများစွာသာ ရလေသည်။ မြနန္ဒာက ကြက်တူရွေးကလေးဖြစ်စေ၊ ယုန်ကောင်ကလေးဖြစ်စေ လိုချင်သည်။ မရ။ သက်ရှိ သတ္တဝါနှင့် နီးစပ်တာဆို၍ မြနန္ဒာ ၁၀ နှစ်သမီးမှာ ရဖူးသည့် ဆူးမပါသော ဆင်စွယ်ရောင် နှင်းဆီပွင့်များ ပွင့်သည့် ပန်းအိုးတစ်အိုးသာ ဖြစ်လေသည်။ ထိုပန်းအိုးကို အိမ်ခန်းပြတင်းဝမှာ ထားသည်။ အသန့်အပြန့် ကြိုက်သည့် မာမာ့ကြောင့် ၀ရန်တာသို့ ရွှေပြန်သည်။ ရေလောင်းလျှင် အောက်က ဇလုံခံပြီး လောင်းရသည်။ ခိုင်းစေရာလူတွေ ကိုင်တွယ်မှာကို မခံနိုင်အောင် တမြတ်တနိုး ယုယမွေးမြူခဲ့သည်။ အဲသည် ပန်းအိုးကို ကိုယ်တိုင် နေ့တိုင် မ ရသည့်အတွက် လက်ကလေးများ နာတာ၊ ပခုံးများ တောင့်တာ မှတ်မိသေး၏။ နှင်းဆီပင်သည် ၃၊ ၄ နှစ်ကြာတော့ သေသွားသည်။ အိုလို့ ထင်ပါရဲ့။

မြနန္ဒာ ကျောင်းနေလျှင် ပီယာနို သင်ရသည်။ ဂျာမန်စာ သင်ရသည်။ လက်တင်တောင် သင်ခိုင်းသေးသည်။ ရေကူး သင်ရသည်။ ဘက်မင်တန် ရိုက်ရသည်။ တင်းနစ်ရိုက်စေချင်သေးသည်။ ပိုက်ဆံချမ်းသာမှ လုပ်နိုင်သော အလုပ်မှန်သမျှ လုပ်ရပါ၏။ မာမာက မိန်းမပီသဖို့၊ လင်ယူလျှင် အသင့်ဖြစ်ဖို့ သင်ပြန်၏။ အိမ်ထောင် စီမံခြင်းသည် မြနန္ဒာအဖို့ အရေးကြီးသော ပညာ ဖြစ်ရပြန်၏။ သို့ပေမယ့် ခက်သည်မှာ မြနန္ဒာက လက်ဖြင့် ပိုင်ပိုင်နိုင်နိုင် လုပ်ရသော အလုပ်ကို လုပ်ချင်ခြင်းပင်။ သိုးမွေးထိုးချင်သည်။ ဟင်းအိုးပြင်ချင်သည်။ ခြံထဲ ဆင်းပြီး ပန်းအိုးထဲက မြေကြီးကို ခက်ရင်းဖြင့် ဆွချင်သည်။ မာမာက “သမီးလက်တွေ ကြမ်းကုန်မှာပေါ့”ဟု ပြော၏။ ၁၂ နှစ် သမီးကတည်းက လက်သည်း၊ ခြေသည်း အရှည်ထားရသည်။ နာနီ့ လက်မှ လွတ်လျှင် အပျိုထိန်း ဒေါ်ဦးသာက မြနန္ဒာ၏ လက်ချောင်းကလေးများကို လှပသန့်ရှင်းရုံမက မွှေးကြိုင်နေအောင် ကရင်အလှဆီဖြင့် မကြာခဏ လိမ်းပေးမြဲ။ ပန်းနုရောင်ဖြင့် အပတ်စဉ် အရောင်တင်ရ၏။

မြနန္ဒာကို ပညာသင်ပါ၏။ “သမီး ဘာလုပ်ချင်သလဲ၊ ဘာဖြစ်ချင်သလဲ”ဟု တစ်ခါမျှ မမေး။ သမီးကျောင်းဆရာမ လုပ်ချင်လို့ မရ။ ဆရာဝန် ဖြစ်ချင်လို့ မရ။ မြနန္ဒာသည် လင်ယူ၍ အိမ်ကို အုပ်ချုပ်ကာ၊ ပီယာနို တီးပြီး ဧည့်သည်ကို ညစာ ကျွေးတတ်ဖို့သာ စီမံခဲ့ကြသည်။ မြနန္ဒာ ယူရမည့် လင်ကိုလည်း ငယ်ငယ်ကလေးကပင် ရွေးခဲ့ကြလေပြီ။

မြနန္ဒာ ဆယ့်ကိုးနှစ်အရွယ်မှာ မက်ထရစ်အောင်ပြီးပြီးချင်း လင်ပေးစားဖို့ ကြံကြသည်။ မနည်း ငိုယိုတောင်းပန်၍ ကောလိပ်သို့ ဆက်လာခွင့်ရသည်။ “ကောလိပ်က နန္ဒာ့ကို ဘာမှ ထူးပြီး သင်ပေးနိုင်မှာလဲ”ဟု  ပါပါက ပြော၏။ ဟုတ်ပါသည်၊ ဘွဲ့ရရုံပဲ။ အလုပ် လုပ်စားမည့်သူလည်း မဟုတ်လေတော့ မလိုပါချေ။ အိမ်မှာ ဆရာမနှင့် ပြင်သစ်စာ သင်နေရပြီ ဖြစ်သော၊ အင်္ဂလိပ်စကားကို မွေးကတည်းက မိဘနှင့် ပြောခဲ့သော၊ ဂျာမန်စာကို ကျောင်းနေကတည်းက ဘုန်းကြီးနှင့် သင်ခဲ့သော မြနန္ဒာအဖို့ ကောလိပ်ပညာ များစွာ မလိုပါချေ။ (မြနန္ဒာ စာကျက်ရသည် မရှိဘဲ အောင်မြဲ၊ ကောလိပ်မှာ သင်သည့် စာအုပ်များကို ဆယ့်လေးနှစ် အရွယ်က ကျေအောင် ဖတ်ခဲ့ပြီး)။ သို့ပေမယ့် “ဂုဏ်ရှိတာပေါ့ ပါပါရဲ့”ဟု သူ နွဲ့လိုက်သည်ကို ယုံကြည်ကာ ပါပါက ကောလိပ်ကျောင်း တက်စေခဲ့သည်။

အဲသည်မှာ လင်းနဲ့ တွေ့တာပေါ့။

ကောလိပ်ကျောင်းမှာ လေးနှစ် နေခဲ့ရစဉ် မြနန္ဒာသည် ပါတီ မှန်မှန်တက်ဖို့ အိမ်က အားပေး၏။ ဖိတ်စာကို မငြင်းရသော သဘောကို မာမာက သင်ပေးခဲ့၏။ ဖြီးလိမ်းဝတ်စား၍ ယဉ်ကျေးဖွယ်ရာ စကား ပြောရသည်မှာ ဘဝ၏ အဓိက ကိစ္စလို့ ယူဆစေ၏။ မြနန္ဒာ ကျော်စောခဲ့သည်။ သို့သော် မြနန္ဒာနှင့် ပါပါဘက်က တူတစ်ဝမ်းကွဲကို ကောလိပ်ရောက်မည့် နှစ်မှာပဲ စေ့စပ်ကြောင်း ကြေညာလိုက်သည်။ အကြီးအကျယ် ဧည့်ခံကျွေးမွေးလိုက်သည်။ သို့သော် ကိုကိုလည်း ခဏမျှသာ နေနိုင်ပြီး အမေရိကသို့ စာသင်သွားလေသည်။ ဘာပဲဖြစ်ဖြစ် မြနန္ဒာသည် ခုမှတွေ့မြင်ဖူးသော ရွယ်တူယောကျ်ားများကို စိတ်ကူးဆန်းကြယ်ပင် ကူးနိုင်တော့သည် မဟုတ်ချေ။
လင်းနဲ့တွေ့တော့လည်း တစ်မျိုးပါပဲ။

xxx

တက္ကသိုလ်မှာ နောက်ဆုံး နေရမည့် နှစ်ဦးမှာ လင်းနဲ့ တွေ့ကြသည်။ ပါတီတက်လေ့ရှိသည့် မြနန္ဒာနှင့် လင် တွေ့ရပုံကတော့ ဆန်းဆန်းပဲ။ လင်းက ငယ်ငယ်၊ ရှက်ကိုးရှက်ကန်း။ ပွဲလမ်းသဘင်မှာ အန်းနေတတ်သည့် လူစားမျိုး။ မြနန္ဒာ တစ်စုံတစ်ယောက်နှင့် ကနေတုန်း ယောကျ်ားဖော်ကို ပခုံးတို့ပြီး ဝင်ကချင်သည့် လူစားမျိုး မဟုတ်။ နိုင်ငံရေးသမားလိုလို လုံချည်တိုတိုနှင့် (ဘန်ကောက်တော့ ဝတ်သားပဲ) တိုက်ပုံ အကျႌနှင့်။ ဥရောပ ဝတ်စုံကို တစ်သက်လုံး ဝတ်တတ်သည့် လူမျိုးမဟုတ်။ အင်္ဂလိပ်စကား ပြောသည့် လူစားမျိုး မဟုတ်။ မြနန္ဒာအဖို့ လူဆန်းတစ်ယောက် ဖြစ်လေသည်။

ဘယ်လိုမှန်းလဲ မသိ။ မြန်ဆန်စွာ ရင်းနှီးသွားကြသည်။ မြနန္ဒာက အိမ်က မသိအောင် လုပ်တတ်နေသော၊ အတန်း မတက်ဘဲ အင်းလျားကန်ဘေး သွားထိုင်နေတတ်သော အကျင့်ကို ပြောမိသည်။ တကယ်တော့ ဘယ်သူမှ မြနန္ဒာသည်လို လုပ်နေတာ မသိ။ ကားနှင့် ကုလားဒရိုင်ဘာသည် မိန်းကလေးများ နားနေခန်းရှေ့မှာ စောင့်ဆဲ။ မြနန္ဒာက အတန်း တက်မလိုနှင့် ဘေးပေါက်မှ သုတ်သုတ် ထွက်ခွာ၍ ဘွဲ့နှင်းသဘင်ဘက် ခြံစည်းရိုးပေါက်မှ ငုံ့လျှိုးကာ အင်းလျားလမ်းသို့ လစ်ထွက်ခဲ့မြဲ။ သူငယ်ချင်းများကိုတော့ မုန့်သွားစားနေသည်လို့ သူ ပြောတတ်သည်။ ခုမှပဲ လွတ်လပ်စွာ တစ်ယောက်တည်း နေရသည်ကို ကြိုက်၍ လုပ်မိခြင်း။ လှောင်အိမ်က ခဏ လွတ်လာပြီး မြူးထူးနေသည့် ငှက်ကလေးလို ပျော်ရွှင်လှသည်။ အတောင်ကို ညှပ်ထားပြန်တော့ အဝေးသို့ ပျံသန်း မတတ်နိုင်ပါ။ ရေစပ်မှာပဲ ထိုင်သည်။ လှေတစ်ယောက်တည်း လှော်ကာ လူကင်းသော ဟိုတစ်ဖက်ကမ်း၌ ထိုင်ရသည်။ အဲသည်တုန်းက ကျောင်းသားများကလည်း ခုလောက် မများသေး။ အင်းလျားကန်၌ လူ မစည်သေး။ နန္ဒာသည် ကြောက်ရလန့်ရမှန်း မသိ။ အန္တရာယ် ရှိသည်၊ မရှိသည်လည်း မတွေးမိဘဲ ခွင့်ရတိုင်း မနက်ပိုင်းမှာ အင်းလျားကန်နှင့် မိတ်ဖြစ်လျက်နေသည်။
မကြာခင်ပဲ လင်းက သူ့ဘေးသို့ ရောက်လာသည်။
လင်းကို တခြား ယောကျ်ားများနှင့် မတူဘူးလို့ သူ ထင်ခဲ့၏။ လင်းက ငေးမောပါ၏။ သို့ပေမည့် ရိုင်းစိုင်းသော အကြည့်မျိုး မဟုတ်။ အိပ်မက်ထဲမှာလို အေးဆေးသည်။ လှပသည်။ မှုန်ဝါးသည်။ ဘာမှ တကယ် ဖြစ်နေတယ် မထင်ရ။ ပြီးတော့ နန္ဒာ့ မောင်လေးပဲ ဖြစ်လိုက်ပါတော့ဟု သူ မကြာခဏ တွေးတတ်လေ၏။

လင်းနှင့် စကား ပြောရသည်မျာ သိပ်ပျော်စရာ ကောင်းသည်။ တစ်ခါမှ မငြင်းခုံကြရ။ ပါးစပ်က မပြောဘဲနဲ့ တစ်မျိုးတည်း အတူတွေးက အတူ လုပ်ကိုင်နေတတ်ကြသည်။

ဥပမာ...

အဲသည်တုန်းက မိုးကဖွဲဖွဲလေးပဲ။ တကယ် မှုန်မှုန်သာသာလေး ရွာနေသည်။ ပါးပြင်ကို ထိလို့ထိမှန်း မသိ။ ဆံပင် စိုလို့မှ စိုမှန်းမသိ။ သည်အရွယ်ကျမှ (ဘီအေ နောက်ဆုံးနှစ်မှ၊ ယောကျ်ား ယူရမယ့်နှစ်မှ) အိမ်က မသိအောင် ရေပြင်နှင့် သစ်ပင်သာ ရှိသော အင်းလျားကန်ဘေးသို့ တစ်ယောက်တည်း လွတ်ကျွတ်လာတတ်ပြီး၊ မိုးရေထဲ ထွက်ခွင့်ရသည့် မြနန္ဒာကတော့ မိုးမိတာကိုပဲ ပျော်နေတယ်။ ထီးမပါတာကိုဘဲ ပျော်နေတယ်။ (တကယ်တော့ နန္ဒာ့မှာ ထီး မရှိ။ နန္ဒာတို့ သုံးယောက်လုံးမှာ ထီးမရှိ။) လင်းကလည်း ပျော်နေတယ်။ သူကတော့ ထီးကိုင်တတ်တယ်။ ထီးက မည်းမည်းကြီးပေါ့။ ထီးက အရုပ်ဆိုးဆိုး အကြီးကြီးပဲ။ ကုပ်လည်း ကုပ်တယ်။ ဒါပေမယ့် မိုးလုံတယ်။ သူက ထီးမဖွင့်ဘူး။ နန္ဒာ ထီးမဆောင်းချင်မှန်း သိလို့ပေါ့။

အရွက်သိပ်တဲ့ သရက်ပင်အောက်မှာ ထိုင်နေကြရင်း နန္ဒာရဲ့ ညာဘက် နားရွက်အောက်က အမာရွတ်ကလေးကို ဘာဖြစ်တာလဲလို့ မေးတယ် ထင်တာပဲ။ လင်းက မေးလိုက်တယ် ထင်တာပဲ။ စိတ်ထဲကတော့ ကြားမိတာပဲ။ ဒါနဲ့ “ အို... နန္ဒာ ငယ်ငယ်က ကားမှောက်တုန်းက ရတဲ့ အနာရွတ်ပါ”လို့ ပြောလိုက်တယ်။ လင်းကတော့ သနားသလိုနဲ့ “နာမှာပဲနော်”တဲ့။

နောက် သုံးမိနစ်လောက်ကြာမှ လင်းက အလန့်တကြား...
“နေပါဦး။ ကျွန်တော် မေးတဲ့စကားကို ဘယ်လိုလုပ် သိတာလဲ။ နန္ဒာ့ကို မေးတောင် မမေးရသေးဘူး။ ဘယ်လိုလုပ် သိတာလဲ”လို့ ဆိုလိုက်တော့ နန္ဒာလည်း လန့်သွားပြီး...

“အို... တကယ် မမေးဘူးလား၊ မေးပါတယ်။ နန္ဒာကြားလို့ ပြောတာပေါ့” ဆိုပြီး၊ နောက်တော့လည်း နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ခပ်ရှက်ရှက်ဖြင့်  ရယ်နေကြရတာပဲ။

လင်းနဲ့ နန္ဒာက တစ်ယောက်ကို တစ်ယောက် အဲသည်လောက် ရင်းနှီးတာ။
အိပ်မက်တောင် ဆင်ဆင်မက်ဖူးတာ။
လင်းက ပြောတယ်။ အိပ်မက်ထဲမှာ နှင်းဆီပန်တွေ၊ လိမ္မော်တို့၊ အပြာတို့၊ ချောကလက်ရောင်တို့ ဝေလှိုင်အောင် ပွင့်တယ်တဲ့။ နန္ဒာက နှင်းဆီပန်းတွေကြားမှာမေ့မြောနေသလို အသက် မရှိသလိုဘဲတဲ့။ လင်း မပြောပြခင်တကည်းကပဲ နန္ဒာကလည်း နှင်းဆီပန်း အရောင်ဆန်းဆန်းတွေကို မက်ထားတာ။ နန္ဒာ့ အိပ်မက်မှာတော့ လင်းက သေခါနီးလို့တဲ့ မေ့မြောနေတာပါ။ ပြီးတော့ နန္ဒာက ငိုနေတယ်။ သူ့ အိပ်မက်ထဲမှာ သူ ငိုသလားလို့ မေးချင်ရက်နဲ့ မမေးထွက်ခဲ့ဘူး။ မေးခဲ့ရင် ကောင်းမှာ။ မေးခဲ့ရင် နန္ဒာ့ ဘဝမှာ ပါပါ အစီအစဉ်ထဲ မပါတဲ့ တစ်ခုခုဖြစ်လိုက်ဦးမလား မသိဘူးနော်။

ဒါပေမယ့် လင်းကလည်း မပြောဘူး။ သူ့မှာ ပြောစရာ ရှိသေးတယ် ဆိုတာ နန္ဒာ သိပါတယ်။ သူကတော့ မပြောဘူး။ နန္ဒာကလည်း မမေးဘူး။ မာနမဟုတ်ပါဘူး။ မပြောချင်တာကို မမေးသင့်ဘူး ထင်လို့ပါ။ မရေရာတာကိုလည်း မစုံမက်လို့ပါ။ ပြီးတော့ လှေလှော်နေကြတာပဲ။
လင်းက နန္ဒာ့ကိုတော့ သိပ်ဆိုးချင်တာပဲ။ ကလေးဆိုးကြီးလိုပဲ။ စိတ်ကူးလည်း သိပ်ယဉ်တာပဲ။ သူက ကဗျာဆရာတဲ့။ နန္ဒာကလည်း ကဗျာကြိုက်တော့ သူ့ မြန်မာကဗျာတွေ လိုက်ဖတ်ရတာပေါ့။ ပထမတော့ နားမလည်ပါဘူး။ မြန်မာစာကို ဖတ်လေ့ မရှိတော့ သိပ်မနားမလည်ပါဘူး။ ဖတ်ဖန်များတော့လည်း သဘောပေါက်လာတယ်။ မြန်မာကဗျာလေးတွေကို ချစ်လာတယ်။ မြန်မာစာ ယူတဲ့ သူငယ်ချင်း မိန်းကလေးတွေကိုတောင် ကပ်ရတယ်။ သူတို့ကတော့ ပြောင်တာပေါ့။ လင်းနဲ့ နန္ဒာ့ကိုပဲ ပေးစားနေကြတော့တာပဲ။

သူ... သူ ကတော့ ကဗျာပဲ စပ်ပြီး နန္ဒာ့ကို ပြတတ်တယ်။

မောင်နှင့်တွေ့လျှင်
ချမ်းမြေ့ပျော်လည်း၊ သူ ဝမ်းနည်းပြန်
မသဲမကွဲ၊ နှစ်ယောက်တည်းပင်
မိုးဖွဲနုညက်၊ ဆံနွယ်ခက်ကြား
တစ်စက်တစ်စက်၊ လျောသက်တွယ်ခို
ညို့ညို့လဲ့မှောင်၊ ကော့မျက်တောင်မှ
ဝေ့ယောင်သီဝဲ၊ မျက်ရည်ပဲလား
မသဲမကွဲ၊ မိုးရေပဲလား
ဆိုရဲခက်ခက်၊ မမေးရက်လို့
ပင့်သက်ပူနွေး၊ မှိုင်မောငေးဆဲ
နွဲ့ထွေးနှမ၊ ပြုံးအေးမြတော့
နောင်တနောက်ကျ ရပြန်သည်။

နန္ဒာက ဘာပြောရမည်လဲ၊ နန္ဒာက ရင်ခုန်သည်ကို ထိန်း၍၊ အသံလည်း မတုန်အောင် ကြိုးစား၍ နှစ်သက်ဖူး၊ ကျက်ဖူးသော ဂျာမန်ကဗျာများကို ရွတ်ပြရပြန်သည်။
လင်းက “ကျွန်တော့်ကို ဂျာမန်လို သင်ပေးပါလား”လို့ ပြောပြန်တော့ နန္ဒာက ရယ်မောမိပြီး...
“အကြာကြီး သင်ရမှာ၊ သူကလည်း”
“တစ်သက်လုံးပေါ့”လို့ သူက မထိတထိ စတတ်သေးတော့ အဲသည်တုန်းက အသက် ၂၃ နှစ်ရွယ်။ ကိုကိုနဲ့ပဲ ယူရတော့မည့် မြနန္ဒာသည် တကယ်တော့ လောကကိစ္စ ဘာမှ နားလည်သည် မဟုတ်သဖြင့် မျက်နှာနီနီဖြင့်သာ ပြုံးနေရပြန်သည်။

“သူ တကယ် သင်ချင်တာလား”လို့ တောင် မမေးတတ်ပါဘူး။ သူ ... သူကတော့ ကဗျာစပ်နေရရင် ကျေနပ်နေနိုင်တဲ့ သူပေါ့နော်။ သူ့ကဗျာတစ်ပုဒ် နန္ဒာ ရပါသေးတယ်။

ပြတင်းဝမှ
ညနေငှက်ပြာ၊ မောင်နှံလာပြီး
ယှက်ဖြာလွန့်လူး၊ ထင်ရှူးရွက်ကြား
စကားတိုးတီး၊ ပြောမပြီးဘူး
နှုတ်သီးတေ့ဆက်၊ လည်ချင်းယှက်ဆဲ
တစ်ရက် တစ်ရက်၊ လှည့်စားခက်ခဲ့
ချစ်သက်ကျွမ်းဝင်၊ နေလိုက်ချင်လည်း
သခင်နှမ၊ နှင်းဆီမြပွင့်
အလှပျက်မည်၊ စိုးနှောင့်သည်ကြောင့်
နှုတ်ခြည်မလွန်၊ မောင့်တာဝန်ပင်
မပန်ဆင်ရက်၊ မတပ်မက်ရဲ
သစ်ရွက်ကြွေတော၊ အင်းလျားကြော၌
မမောပန်းသော၊ ရေပြင်လျောစီး
လှေမျောတက်မဲ့၊ လည်ချင်းနွဲ့မှီ
တစ်လှည့်စီမွှေး၊ လက်ချင်းထွေးဆုပ်
ငှက်တေးချိုပျား၊ ပန်းစကားကို
ပြောကြားမဆုံး၊ နှစ်ယောက်လုံးပဲ
အပြုံးလှယ်ကြ၊ ရယ်မောကြဖြင့်
တစ်ဘဝမျှ နေချင်သည်။

သည့်နောက်တော့ သူတို့ နှစ်ယောက်သည် အင်းလျားကန်ဘေး၌ ကဗျာ ဖတ်ရုံ မဟုတ်တော့ဘဲ ဘူးသီးကြော်ဆိုင်၊ ကြံရည်ဆိုင်များမှာ ထိုင်လာကြသည်။ မြနန္ဒာရဲ့ နေ့လယ်စာ ခြင်းတောင်းသည် ကားထဲမှာ အရာမယွင်း နေခဲ့သည်။ ပန်းသီး၊ စပျစ်သီးများ ပါလာရင်တော့ စားဖြစ်ကြသည်။

မိုး သိပ်ပြီးသည်းသည့် အခါမျိုးမှာတော့ မြနန္ဒာသည် ပျော်ရွှင်လျက်က မိုးခိုချင်လာပြီး ဂျပ်ဆင် ဘုရားရှိခိုးကျောင်းဝသို့ ပြေးဝင်လာတတ်သည်။ လင်က သူ့ ထီးကောက်ကြီး ဖွင့်လျက်သား တလွင့်လွင့်ဖြင့် အပြေးကလေး လိုက်တတ်သည်။ ပြီးတော့ သူတို့သည် အပူအပင် မရှိသည့် ကလေးသူငယ်များသဖွယ် ရယ်ပြီးရင် ရယ်ရင်း ရှိကြပြန်လေတော့သည်။

သူဌေးမျိုးလည်းဖြစ်ပြန်၊ တိုင်းမင်းကြီးသမီးလည်းဖြစ်ပြန်၊ အလှမှာလည်း စာဖွဲ့ရပြန်သည့် မြနန္ဒာနှင့် ငယ်ရွယ်သော၊ လောကီ မဆန်သော ကျောင်းသားသစ် ကဗျာဆရာ လင်းထင်တို့ တွဲဖက်မိဟန်သည် တက္ကသိုလ်၌ သတင်းလျှံ၍ မဆုံး။

မြနန္ဒာက ရှက်ပေမည့် သည်လို အလျင်က မလုပ်ဖူးတာတွေ လုပ်ရတာကို သဘောကျလို့နေ၏။ ကမာရွတ်ထိပ်အထိ လမ်းလျှောက်လာပြီး အပြန်ကျတော့ တိုးတိုးဝှေ့ဝှေ့ဖြင့် ဘတ်စကား တက်စီးရတာတွေ၊ ထမင်းသုပ်သည် အဒေါ်ကြီးက သူတို့ကို မြင်လျှင် “ဟော သမီးနဲ့သား လာပြီ”လို့ နှုတ်ဆက်တတ်တာတွေ၊ စံရိပ်ငြိမ်ဘက်ကို ထွက်ကြတော့ စံပယ်ရုံက စံပယ်ဖူး လေး ငါးဖူးကို လင်းက ခိုးခူးပေးတတ်တာတွေ။

ဆိုးနွဲ့ချင်တဲ့ လင်းက တစ်ခါ ရုပ်ရှင် အတူကြည့်ဖို့ ပူဆာသည်။ နန္ဒာကလည်း ရုတ်ခနဲ ဖြစ်ပေါ်သော စိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့သည် ရုပ်ရှင်ကြော်ငြာတော့ သေသေချာချာ မကြည့်ဘဲ နီးရာ ရုပ်ရှင်ရုံသို့ ဝင်လိုက်ကြရာ တစ်ဇာတ်လုံး လက်ဝှေ့ထိုးနေသော လက်ဝှေ့သမား၏ ဇာတ်ထုပ် ဖြစ်နေပါလေတော့သည်။ ရုပ်ရှင်လည်း ပြီးရော ဟမောလိုက်တာ၊ ကြည့်ရတာ”လို့ ပြိုင်တူ ဆိုကြပြီး ရယ်မောရ၏။ မှတ်မိတာပေါ့၊ အဲသည် တစ်ခဏမှာ မိုးတွေ ညို့မှောင်မည်းပိန်းလာပြီး ရွာချတာ။ လင်းရဲ့ လက်ချောင်းများ တုန်ယင်နေသည်ကို မြင်ရ၏။

လင်းက “ရှုပ်ပါတယ် နန္ဒာရယ်။ နောင်တစ်ရုံ ဆက်ကြည့်ရအောင်”တဲ့။
နန္ဒာက ထိတ်လန့်နေသည်။ ညနေ ၄ နာရီ မထိုးသေးပေမည့် မီးတွေ ထွန်းလာပြီး ညလို မှောင်လာတော့ ရင်ထဲ တဒိန်းဒိန်း မြည်အောင် ကြောက်လန့်နေသည်။
“ဟင့်အင်း၊ သူကလည်း မိုးချုပ်သွားမှာပေါ့၊ ၆ နာရီခွဲမှ ပြီးမှာမဟုတ်လား”
“မိုးတွေ လေတွေကလည်း အရမ်းပဲ။ တော်တော်နဲ့ တိတ်မှာ မဟုတ်ဘူး။ နန္ဒာ့ကိုလည်း မိုးတွေ ပက်ကုန်ပြီ၊ သည်နားတိုး”
သူတို့ ခဏ စောင့်နေကြပြီး မိုးက ထပ်သည်းလာပြန်သည်။
“မထူးပါဘူး၊ ရုံထဲ ဝင်နေတာကမှ နွေးဦးမယ်။ ဘယ်ကားဖြစ်ဖြစ် ဝင်ကြည့်ရအောင် နန္ဒာရယ်”
မြနန္ဒာသည် မိဘ မပါဘဲ ညနေစောင်းတောင် အပြင် မထွက်ဖူးသော ဓလေ့ကြောင့် ချွေးပြန်အောင် ကြောက်နေသည်။ ဟန်လုပ်၍ ဖုံးကွယ် နေသည်။ ရုပ်ရှင်တစ်ပွဲ ထပ်ကြည့်နေလိုက်လျှင် သူ့ဘဝ တစ်မျိုးတစ်ဖုံ ဖြစ်သွားမည်လို့ ထင်သည်။ မိုးချုပ်သွား၍ အိမ်မပြန်ဝံ့ဘဲ  လင် နောက်လိုက်ရသည့် ဇာတ်လမ်း တစ်ခုကို သတိရနေပြန်သည်။ ပြီးတော့ လင်းနှင့် နန္ဒာက သူငယ်ချင်း မောင်နှမမျှသာ မဟုတ်ဘူးလား။ သူတို့သည် အိမ်အကြောင်း၊ ကလေးအကြောင်း၊ ပိုက်ဆံအကြောင်း၊ အလုပ်အကြောင်း ပြောခဲ့ဖူးသည် မဟုတ်။

ထိုတစ်ခဏ အတွင်းမှာ ကံကြမ္မာသည် မိုးကို ဖြုန်းခနဲ တိတ်စေလိုက်ပြီး သူတို့နှစ်ယောက် ကျောင်းကို ပြန်လာကြသည်။ မိန်းကလေးများ နားနေ အခန်းရှေ့၌ ပါပါနှင့် မာမာသည် အိမ်က ကားတစ်စီးဖြင့် ရောက်လာပြီး စောင့်နေသည်။ ဣန္ဒြေမပျက်ပင် မြနန္ဒာ့ကို အိမ်သို့ ကြိုသွားကြသည်။

လင်းကို သူတို့ မြင်လိုက်လေသလားတော့ မသိ။ လင်းကတော့ ကော်ရစ်ဒါ အကွေ့က တစ်ခါတည်း လှည့်ပြီး “ပြန်မယ်နော်”ဟု တစ်လုံးသာ ပြောနိုင်ပြီး ထွက်သွားခဲ့သည်။ အိမ်ရောက်တော့ ၅ နာရီခွဲလေပြီ။
အဲသည်တုန်းက ရုပ်ရှင် နောက်တစ်ပွဲ ဆက်ကြည့်လိုက်လျှင် ဘာဖြစ်မလဲလို့တော့ မြနန္ဒာက မကြာခဏ တွေးမိလေသည်။
မကြာခင်မှာ ပါပါက စကားစလာသည်။
“သမီးအတွက် ပါပါတို့ စီမံထားတာတွေ သတိရတယ် မဟုတ်လား”ဟု စလာသည်။
“ဟုတ်ကဲ့ ပါပါ”ဟု ဟုတ်ကဲ့ လိုက်နေကျမို့ အလွယ်တကူ ထွက်မိသည်။
“တစ်ခါမှလည်း သမီး ဘယ်သူနဲ့မှ ခင်ခင်မင်မင် မဖြစ်ခဲ့ဘဲနဲ့ သမီးရယ်”ဟု မာမာက ပြောပြန်သည်။
“ခုလည်း သမီး ဘာမှ မဖြစ်ပါဘူး မာမာ”
“ဟုတ်ပါ့မလား မြနန္ဒာ” ဟု ပါပါက အသံမာမာဖြင့် မေးလျှင် မြနန္ဒာသည် နာကြည်းသွားပြီး “ဟုတ်ပါတယ်”ဟု ပြောရမည်ကို ဝမ်းနည်း စိတ်ဆိုးလျက် ရှိသည်။


“သူငယ်လေးက မြန်မာပဲ”ဟု မာမာက စစ်ဆေးပြန်၏။
“ကျောင်းသားလား၊ ဘယ်အတန်းကလဲ၊ ဘယ်သူ့သားလဲ”
“ဘယ်သူ့သားလဲတော့ မမေးမိပါဘူး။ သူ့မှာ အဖေလည်း မရှိပါဘူး။ သူက ကဗျာစပ်တယ်။ နန္ဒာလည်း ဝါသနာပါလို့ သိကြတာပဲ။ ပါတီတစ်ခုမှာ။ နန္ဒာ့ထက်လည်း ငယ်တာပဲ။ ၃၊ ၄ နှစ် ငယ်မှာ၊ ဟိုနေ့ကလည်း ဘင်တန်ရှေ့မှာ အကြော်သွားစားကြရင်း မိုးမိနေလို့ စောင့်နေရတာ”

ပါပါနှင့် မာမာကို ပထမဆုံးအကြိမ် ဝမ်းသာအားရ လိမ်ပြောလိုက်သည်။ ရှေ့လျှောက် မေးဦးမည်ဆိုလျှင် ၀တ္ထုတစ်ပုဒ်ဖြစ်အောင်ကို လိမ်လိုက်ဦးမည်။ မြနန္ဒာသည် ပါပါနှင့် မာမာ့ကို ပထမဆုံးအကြိမ်ပဲ စိတ်ဆိုးလျက် ရှိပြန်သည်။ နန္ဒာ့မှာ ဘာအခွင့်အရေးမှ မရှိပါကလားဟု စတင် တွေးတောခဲ့ပြီး နန္ဒာ၏ ဘဝကို သူတို့ သဘောကျ၊ ကာယကံရှင်ကို လူရယ်တို့မှ အရေးမထားဘဲ ဖန်တီးနေကြပါသည်လားလို့ စတင် သဘောပေါက်ခဲ့ပြီ။ အဲသည်တုန်းကတော့ မသိတတ်သေးသည်မို့ ဘယ်လိုငြင်းဆန်ရမည်၊ ပုန်ကန်ရမည်ဆိုတာ သတိမရ။ မစဉ်းစားတတ်။ ငြင်းဆန် ပုန်ကန်ကောင်းသည်လို့ပင် မသိခဲ့။

သည်လိုဖြင့် စာမေးပွဲ နီးလာ၏။ စာကျက်ကြရ၏။ အင်းလျားရေစပ်သို့ လင်းနှင့် ဆက်လက်ရောက်မြဲ။ လှေလှော်ကြမြဲ။ ဟိုတစ်ဖက်ကမ်းသို့ ရေမကူးတတ်သော လင်းက လှော်မြဲ။ သူ သိပ်ဆိုးတာ မိုက်တာပဲ။ ပါပါကဆို ရေမကူးတတ်ရင် ရေနား မသွားရဘူးတဲ့။ ဆုံးမမြဲ။

တက္ကသိုလ်တစ်ဝိုက်မှာ နှင်းတွေမှုန်လာပြီ။ စာမေးပွဲ ဖြေလိုက်ကြရ၏။ လင်းက ကျောင်းပိတ်ရက် ဘယ်လို တွေ့နိုင်ကြမလဲ ဆိုတာသာ ပြောနိုင်သည်။ ပါပါတို့ စီမံလေသမျှမှာ မြနန္ဒာကို သိစေသမျှသာ၊ သိစေချင်သော အချိန်ကျမှသာ သိရသည်။ ရခိုင်က ပြန်လာတော့ စာရေးလိုက်မယ်လို့သာ ဝန်ခံနိုင်၏။ လင်းရဲ့ လိပ်စာကို အလွတ်ကျက်၏။ စာမေးပွဲ ဖြေဆဲ ခဏတစ်ဖြုတ်မျှသာ တွေ့ကြပြီး ခွဲခွာကြရ၏။

ရခိုင်က ပြန်လာသော် မြနန္ဒာသည် ကိုကို့မယား ဖြစ်ခဲ့ပြီ။ နဂို ရည်ရွယ်သလို မဟုတ်ဘဲ ရခိုင်တွင်ပင် အကျဉ်းချူံး၍ လက်ထပ်ပေးလိုက်၏။ ကိုကို ပြန်လာတာတောင် လက်ထပ်ခါနီးမှ သိလိုက်ရ၏။ ပြီးတော့ ကိုကိုနှင့် လိုက်သွားရမည်တဲ့။ ကိုကိုက အင်္ဂလန်သို့ ကူးပြောင်းပြီး ဘွဲ့ယူဦးမည်။

လင်းကို စာမရေးလိုက်တော့ချေ။ ဘာလုပ်မှာလဲ။ လင်းထင်ဆိုတဲ့ လေး၊ ငါး၊ ခြောက်လ ခင်မင်လိုက်ရတဲ့ ကျောင်းသားသစ်ကလေးဟာ မြနန္ဒာ ကောလိပ် ကျောင်းသူဘဝရဲ့ ချစ်ချင်သူတို့ ဝိုင်းဝိုင်းလည်နေသည့် အကြားက လှပ လွမ်းဆွတ်ဖွယ်ကောင်းသော ကဗျာတစ်ပုဒ်မျှသာ ဖြစ်ည်။ အိပ်မက်မှန်း သိသာလှသော ချောကလက်ရောင်၊ အပြာရောင် နှင်းဆီပွင့်သည် အိပ်မက် တစ်ပိုဒ်မျှသာ ဖြစ်သည်။ ဘာမှ မည်မည်ရရ ရှိခဲ့သည် မဟုတ်၊ ကဗျာ ရွတ်ကြသည်။ ရောက်တတ်ရာရာ ပြောကြသည်။ လှေလှော်ကြသည်။ အကြော် စားကြသည်။ မိုး ခဏ ခဏ မိကြသည်။ အတူနေရသမျှ ပျော်ရွှင်လှသည်။ ဒါပဲ။

xxx

သို့သော် အိပ်မက် မဟုတ်သော၊ ကဗျာမဟုတ်သော၊ ကိုကိုနှင့် လက်ထပ်ရသော ဘဝဦးမှာတော့ ညတိုင်း မြနန္ဒာ အိပ်ဆေးသောက်ပြီးမှ အိပ်ရာ ဝင်နိုင်သည်။ (မြနန္ဒာ ရှန်ပိန်သောက်၍ မူးမှ အိပ်ရာဝင်နိုင်သည်။)
၀မ်းနည်းစရာလည်းကောင်း၊ ရယ်စရာလည်းကောင်းပြီး၊ တစ်နည်းအားဖြင့်တော့လည်း ပျော်စရာ သို့မဟုတ် ရယ်စရာပါ ကောင်းသည့် အိမ်ထောင်ဦး ညများပါပဲ။
လန်ဒန်မသွားခင် ရန်ကုန်မှာ လေးလမျှ နေကြ၏။ နေ့စဉ် စျေးဝယ်ထွက်ကြ၏။ ရုပ်ရှင်ကြည့်ကြ၏။ အိမ်လည်ကြ၏။ ညဦးပိုင်းမှာ ညစာကို အပြင်၌ စားပြီး ကိုယ့်အပေါင်းအသင်းသာ သန့်သန့်ရှိသော ကပွဲများ၌ တစ်နာရီခန့် ကကြ၏။ ကိုကိုက သိပ်မနာလို ဖြစ်တတ်သည်။ တစ်ချိန်လုံး ညားခါစ မယားလေးနှင့် တွဲကချင်သည်။ ပခုံးလာတို့သူ ဘယ်လောက် ခင်မင် ဘယ်သူကိုမျှ ဖယ်မပေး။ မြနန္ဒာ မကြာခဏ အားနာရကာ “အိမ်ပြန်ပါစို့ ကိုကိုရယ်။ အိမ်မှာ ဓာတ်ပြားဖွင့်ပြီးပဲ နှစ်ယောက်တည်း ကရအောင်”ဟု  စိတ်ညစ်ညူးသလို ပြောလျှင် လွယ်လင့်တကူ သဘောတူ၏။ အိမ်ကြီး တစ်လုံးလုံးမှာ သူတို့နှစ်ယောက်သာ ရှိသည်။ ပါပါ၊ မာမာတို့က ဟန်းနီးမွန်းအတွက် ရှောင်ဖယ်ပေးသည့်သဖွယ် ရခိုင်မှာ နေရစ်တာ သုံးလ ကြာဦးမည်။ လန်ဒန်သို့ သွားခါနီးမှ ဆင်းလာကြလိမ့်မည်။ (ပါပါ အငြိမ်းစားယူသည်။ သမီးကို လင်ပေးစားပြီးပြီဖြစ်၍ သူ့ဘဝ လုပ်စရာ မကျန်တော့ပြီ။) ပြီးတော့ မနာလိုတတ်သော ကိုကိုက ညနေစောင်းနေလျှင် ခိုင်းစရာ အိမ်ဖော်များပင် အိမ်မှာ မနေကြစေရ။

အစကတော့ တစ်ခါမှ တစ်နာရီပြည့်အောင် စကားထိုင်မပြောဖူးသူနှင့် ဘယ်လို ပေါင်းသင်းရပါမည်လဲဟု စဉ်းစား၍မရ။ လက်ထပ်ခါနီး နှစ်ပတ်လောက်ပဲ ယှဉ်တွဲ သွားလာရ၏။ ဖိတ်ကြားကျွေးမွေးသည်ကို နှစ်ယောက်တည်း ထွက်၍ စားသောက်ကြရ၏။
ကိုကိုက စကားပြော ကောင်း၏။ ကိုကိုရဲ့ အင်္ဂလိပ်စကား အသုံးအနှုန်းများက ဆန်းပြား၏။ အမူအယာက ယဉ်ကျေးသိမ်မွေ့၏။ မိန်းမကို အရေးပေးသော အလေ့ရှိ၏။ ကားတံခါးကို မြနန္ဒာ ဘယ်တော့မှ ဖွင့်မဆင်းရ။ ပဝါနှင့် အပေါ်ရုံ အကျႌများကို ခြုံပေးတတ်၏။ သိမ်းသွားတတ်၏။ မဆိုးပါဘူးဟု အောက်မေ့လာသည်ကို မထစ်မငေါ့ မျက်နှာမနီဘဲ ပြန်ပြောနိုင်လာ၏။ ပြီးတော့ လက်ထပ်ရသည်။

သို့သော် လက်ထပ်သောနေ့၊ ညစာစားပွဲမှာ မြနန္ဒာသည် တမင် ကြိုတင် ကြံစည်တာ သက်သက် မဟုတ်သော်လည်း သည်ည သူ လူမှန်း သူမှန်း မသိအောင် မူးပစ်လိုက်ချင်သည် နေလိုက်ချင်သည်လို့ စိတ်ကူးနေ၏။ ညစာစားပွဲများစွာ မာမာနှင့် ဧည့်ခံဖူးသူမို့ စပျစ်ရည်နှင့် အကျွမ်းဝင်ခဲ့ပေမည့် မြနန္ဒာသည် ယဉ်ကျေးဖွယ်ရာသာ နှုတ်ခမ်းနှင့် ဖန်ခွက် ထိခဲ့သူ ဖြစ်သည်။ ယခုတော့ သူသည် စားစရာ တစ်ခန်းပြီး တစ်ခန်း ချလာဆဲ။ ၀ိုင္နီကိုလဲ ကုန်အောင် သောက်၏။ ၀ိုင်ဖြူကိုလဲ ကုန်အောင် သောက်၏။ ဧည့်သည်များနှင့် စကားလှည့်လည် ပြောရပြန်တော့ ပေးအပ်လာသော ကိုကို့ လက်မောင်းကို လက်တစ်ဖက်က တ>ွဲရင်းလက်တဖက်က ရှန်ပိန်ခွက်ကိုမချဘဲ ထပ်ဖြည့်သမျှကို မငြင်းမဆန် လက်ခံလျက်ရှိခဲ့သည်။

ကိုကိုကပင် ပြောရသည်။ -ဒါလင် မူးနေတော့မယ် -

“ဟဲ... ဟဲ… မူးနေပြီကိုကိုရဲ့
” လို့ သူသည် မျက်ရည် လည်နေလျက်က ရယ်ပြီးရင်း ရယ်ချင်ရင်း ဖြစ်နေကာ ကိုကို့ကို မျက်နှာ ရဲရဲ ကြည့်ဝံ့ခဲ့သည်။ ထို့နောက်တော့ သူတို့ အားလုံး ကကြပြန်သည်။ နန္ဒာသည် မူးနေကာ ကိုကို ဦးဆောင်ခေါ်ရာသို့ အကွက်ကျအောင် လမ်းလျှောက်၍ လိုက်လျက်နေသည်။ သိပ်ရယ်စရာ ကောင်းတာပဲ။ နောက်တော့ ကိုကိုက လသာဆောင်ဘက် ခေါ်လာပြီး “မကချင်တော့လို့ ဒါလင့်ကို ညာခေါ်လာတာ”လို့ ပြောကာ တောင်ထန်းပင်ကြားမှာ နန္ဒာ့ကို နမ်းသည်။ မြနန္ဒာက သက်ပြင်းများ ရှိုက်ကာ မျက်ရည်လည်လာသည်။ ငိုချင်လာသည်။ တစ်ခါတုန်းက၊ ဟိုးရှေးသရော အခါ တစ်ပါးတုန်းက သည်လိုပဲ။ နန္ဒာက ဘယ်သူ့ကိုလည်း မသိ။ လသာဆောင်ကို ညာခေါ်လာဖူးတာပေါ့။ အဲ့သည်တုန်းကတော့ တောင်ထန်းပင်တွေကြားမှာ ဘယ်သူက ဘယ်သူ့ကိုမှ မနမ်းပါဘူး။ စကားတွေပဲ ပြောနေတာပဲ။ နမ်းစရာလည်း အကြောင်း မရှိတာ။ မြနန္ဒာသည် စိတ်ကူးနှင့် စကား မကွဲပြားဘဲ ကိုကို့ကို ဗလုံးဗထွေး ဘာတွေ ပြောမှန်းမသိ ပြောသည်။ “သိပ် ဝမ်းနည်းစရာကောင်းတာပဲ ကိုကိုရဲ့”လို့ ထပ်တလဲလဲ ပြောမိတာတော့ မှတ်မိသေး၏။ ကိုကိုကတော့၊ လည်ပတ်သော ကိုကိုကတော့ သတို့သမီးရဲ့ လက်ထပ်သောနေ့မှာ စိတ်အာရုံ ထွေပြားခြင်း တစ်မျိုးလို့ ယူဆဟန်တူပြီး သဘောကျလို့ ရယ်မောနေတော့သည်။

မြနန္ဒာကတော့ ရန်ကုန်မှာ နေကြသည့် လေးလစလုံး ညတိုင်းပင် ခပ္မူးမူး ဖြစ်နေသည်။ ပါပါ၊ မာမာတို့ ရခိုင်မှ ပြန်လာပြီး တစ်လနီးပါးမျှ အတူနေရဆဲမှာတောင် ဟန်မဆောင်နိုင်။ ညစဉ် သူ ရှန်ပိန်ပုလင်းကို အိမ်ပေါ် အိပ်ခန်းသို့သယ်ပြီး မူးနေသည်။ ပထမတော့ ပါပါ မာမာတို့သည် ကိုကိုဘို ့သယ်သည်ကို ထင်ကြသည်။ နောက်တော့ မူးသူမှာ သူတို့သမီး ဖြစ်နေသည်ကို တွေ့တော့ ပါပါ၊ မာမာတို့ရဲ့ မျက်နှာထား ဖြစ်သွားပုံက သိပ် သိပ်ကို ရယ်စရာကောင်းတာပဲ။ ဓာတ်ပုံရိုက်ထားဖို့ ကောင်းတယ်။

ရန်ကုန်မှာ နေသမျှ ညစဉ် သူ မေ့မေ့လျော့လျော့ နေချင်သည်။ သတိ ပျက်ပြယ်လို့ နေချင်သည်။ သူ ဖတ်နေကျ ဂျာမန် ကဗျာစာအုပ်များ၊ ပြင်သစ် အချစ်ဝတ္ထုများကို မမြင်ရသော အောက်ထပ် စာကြည့်ခန်းသို့ ပို့လိုက်သည်။ နဂိုက အပျိုခန်း။ ခုတော့ မင်္ဂလာခန်း ဖြစ်နေသည့် အိမ်၏ ညာဘက် အဆောင်တွင်းမှာ နှင်းဆီပန်းစိုက် အိုးများသာ ပြင်ဆင် ထားပြီး အားတိုင်း ဓာတ်ပြားဖွင့်လို့ နေသည်။ အောက်ထပ် မဆင်းမိ။ ညစာ ထမင်းစားရုံသာ ဆင်းသည်။ နံနက်ပိုင်း ကိုကိုက လန်ဒန်သွားဖို့အရေး ဆေးရုံသို့ ပြေးရ၊ ရုံးပေါင်းစုံသို့ ပြေးရနှင့်မို့ မြနန္ဒာ တစ်ယောက်တည်း ကျန်ခဲ့လျှင် အခန်းထဲ စားစရာ ပို့ခိုင်းပြီး ပြတင်းက ငေးမောရင်း စား၏။ ပီယာနိုခုံ၌ ထိုင်မိလျှင် သီချင်းဖြစ်အောင် တီးလိုစိတ် မရှိ။ လက်များ လေလွှင့်ပြီး အသံလျှောက်စမ်းလျှင် ကြေကွဲ ဝမ်းနည်းသံများသာ ထွက်ပေါ်လာလေ၏။ မာမာက ဖျောင်းဖျသလို ပြော၏။

“အိမ်ထောင်ပြုတယ်ဆိုတာ လူ့ရဲ့ တာဝန်ဝတ္တရား တစ်ခုကို ဆောင်ရွက်တာ မဟုတ်ဘူးလား သမီး။ စဉ်းစားချင့်ချိန် လုပ်ရတဲ့ အလုပ်ပဲ။ စိတ်လိုက်မာန်ပါ ဘယ်လို လုပ်လို့ရမလဲ။
မာမာက ပြောပြန်၏။
“လူ့ဘဝမှာ အိမ်ထောင်ကိစ္စဆိုတာ အရေးအကြီးဆုံးပဲ။ အိမ်ထောင်ကိစ္စမှာ အကောင်းဆုံးချည်းဖြစ်အောင် မိဘ ဆွေမျိုးအားလုံး ဝိုင်းဝန်း လုပ်ရတယ်။ သားသမီးများက လိမ္မာနာခံရတယ်။ ရှေ့လျှောက် သမီး လိမ္မာနာခံစရာတွေ ရှိသေးတယ်။ သမီး ခုလို မသိတတ်တဲ့ ကလေးလို လုပ်နေလို့ ဘယ်ဖြစ်မလဲ။ လင်နဲ့မယား သည်းခံတဲ့ ပညာကို သမီး သင်ရဦးမယ်”
မာမာက ပြောပြန်၏။

“သမီးကို ကိုကို့လက်ထဲ လွှဲလိုက်ပြီ။ ကိုကို့ကို သမီး ရိုသေရမယ်။ နာခံရမယ်။ သည်းခံရမယ်။ သည်လင်ပဲ အဖေ အမေလို့ မှတ်လာရမယ်”
မြနန္ဒာက ခေါင်းတစ်ချက်မော့ကာ ဖြေလျော့သဖြင့် ခွေပျော့ညိုမောင်းသော ဆံပင်များကို ခါပစ်ပြီး “တော်သေးတာပေါ့ မာမာ။ ချစ်ရမယ်လို့ မစီမံလိုက်တာ။ အဲ့ဒီစိတ်က စီမံပေးလို့မှ မရတာနော်။ ပြောစကား နားထောင်တတ်တဲ့ စိတ်မှ မဟုတ်တာ”
မာမာက ပြုံးပြီး “ သမီး နန္ဒာက သိပ်လှတာပဲ။ ဆံပင်ကအစ လှတာ။ ခေါင်းမမာစမ်းပါနဲ့ကွယ်။ အလှ ပျက်တတ်တယ်”ဟုသာ ပြောသည်။

xxx

လန်ဒန်ရောက်၍ နေသားကျသွားလျှင်တော့ မြနန္ဒာသည် ညအိပ်ရာဝင် ရှန်ပိန်မူးအောင် သောက်ဖို့ မလိုတော့ချေ။ သူသည် ကလေး ရတော့မည်ဆိုတာကို ကြက်သီးချမ်းမြ သိရ၏။ ဘဝအသစ်တစ်ခု သူ့ကို မှီ၍ စတင်ပြီဆိုတာကို အံ့သြမဆုံးနိုင်အောင် ဖြစ်နေမိ၏။ သူ့ခန္ဓာထဲမှာ သူနှင့်တူသော သတ္တဝါလေး တစ်ခု ဖြစ်ပေါ်နေပြီတဲ့။ ဘယ်နေရာက ဖြစ်ပါလိမ့်။ မျက်စိဖြင့် ကြည့်လို့ မမြင်နိုင်သေးပေမယ့် မိခင်ရဲ့ ရင်၌ လှုပ်ရှားလေပြီ။ မြနန္ဒာသည် ကိုကို့ကိုပါ နှစ်လိုလာသည်။ ချစ်ချင်လာသည်။ ဘဝကို နှစ်ယောက်ဝေငှယူရတော့မည်လို့ သဘောပေါက်လာသည်။
ကိုကို။ ပြီးတော့ ကိုကိုနှင့် နန္ဒာတို့က ဖြစ်တဲ့ကလေးတို့သာ အရေးကြီးလာသည်။ ကျန်သမျှအားလုးတို့သည် ချောက်ချားသော အိပ်မက်မျှသာဖြစ်သည်။ မြနန္ဒာ အရူးထခဲ့တာပေါ့။ မငယ်လှသော်လည်း မသိနားမလည်တာ များခဲ့တာပေါ့။ ယခုတော့ ယခုမှ မြနန္ဒာ၏ဘဝ တကယ် စတင်သည်။ အသစ် မွေးဖွားသည်။

ထို့ကြောင့် ၇ နာရီအမီ သွားရမည့် လင်သည် ကိုကို စားဖို့ရန် မြနန္ဒာ စောစော ထတတ်လာ၏။ နံနက်စာ စားသွားဖို့ နွားနို့ ကျိုရ၏။ ကြက်ဥနှင့် ဝက်ပေါင်ခြောက် ကြော်ရ၏။ ပေါင်မုန့်ကင်ကာ ထောပတ်သုတ်ရ၏။ ကိုကိုကြိုက်ရာ ရွေးစားနိုင်ရန် ပြောင်းဖူးလှော်ထုပ် စက္ကူဘူး ၃၊ ၄ မျိုး ဝယ်ထား၏။ ပြီးတော့ ကိုကိုနှင့်အတူ စားသောက်ရင်း လင်သည်မျက်နှာကို တစိမ့်စိမ့်ကြည့်တတ်လာသည်။ ကိုကို့ကို ပိုင်စိုးပိုင်နင်း ပြောတတ်လာသည်။ မနာလိုတတ်လာသည်။ ကိုကို တစ်ယောက်တည်း စာကျက်နေသည်ကို မနှောင့်ယှက်မိရန် မနည်း ချုပ်တည်းရသည်။ စိတ်ဆိုချင်သည်ကို တရားဖြင့် ဖြေရသည်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်။ သို့ပေသည့် အဖိုအမ အတူတွဲ နေထိုင်ခြင်းဆိုတာ အံ့သြဖွယ်ကောင်းအောင် လူ့ဘဝကို ပြောင်းလဲစေလိုက်သည် ထင်သည်။ ဒါမှမဟုတ် မြနန္ဒာက မိန်းမ ဖြစ်လို့လား မသိ။ ပြီးတော့ အတွေ့အကြုံ အင်မတန် နည်းလှတဲ့ မိန်းကလေး။ မမြင်ဘူးလို့လား မူးမြစ် ထင်တယ်ဆိုဆို အချစ်ဆိုတာ လင်နဲ့မယားမှာသာ ရှိနိုင်တာပါဟု တွေးတောစ ပြုလာသည်။

လန်ဒန်မှာ နေကြတာ သုံးနှစ်အချိန်မှာ မြနန္ဒာ အပျော်ရွှင်ဆုံးလို့ ဆိုရမလား။ ပါပါ၊ မာမာ တို့လက်က လွတ်လာပြီး ကိုကိုနှင့် သွားလာ လည်ပတ်ရတာတွေ ပျော်စရာကောင်းတာ အမှန်ပဲ။ မြနန္ဒာ လူကြီးဖြစ်လာသော နှစ်များပါပဲ။ ရန်ကုန်မှာလို၊ ခိုင်းစရာ လူတွေ အလယ်မှာလို ငေးမောနေလို့ မရ။ ဘာမဆို သာမန် ဆင်းရသားများလို ကိုယ်တိုင် လုပ်ရ၏။ နံနက်စာ နှစ်ယောက်စာ ချက်ရ၏။ နေ့လယ်စာတော့ ကိုကိုက ဆေးရုံမှာ စားသည်မို့ မြနန္ဒာသည် ကိုယ့်ဖို့သာ စီမံရ၏။ တစ်ယောက်တည်းဆိုတော့ သိပ်ဒုက္ခ မခံတော့ဘဲ သစ်သီးများ စားလိုက်၊ ချော့ကလက် စားလိုက်၊ ကိတ်မုန့် စားလိုက်ဖြင့် နေသည်။ မြန်မာ ထမင်းဟင်းကို သူ မစုံမက်။ ညနေကျတော့ ထွက်ဝယ်စားကြတာ များ၏။
(မာမာ၊ ပါပါတို့က အစိုးရထံက လဲရသမျှငွေကို အစဉ်ပို့နေ၏။ ကိုကိုကလည်း ဆေးရုံက အနည်းအကျဉ်းရ၏။)

သူတို့ ကပွဲ သွားကြ၏။ ဆောင်းဦးပေါက်တိုင်း ပွဲကြည့်ကြ၏။ မြနန္ဒာ ပြဇာတ်နှင့် ဂီတပွဲရုံများကို မလွတ်တမ်း ကြည့်သည်။ ကိုကို လိုက်မပို့နိုင်လျှင်တောင် တစ်ယောက်တည်း သွားတတ်လာတတ်ပြီမို့ မလွတ်တမ်း သွားခဲ့သည်။ ပီယာနို တီးသည် ပွဲများဆိုလျှင် တမက်မောမော နားထောင်ရသည်။ ပြီးတော့ ပီယာနိုတစ်လုံး ဝယ်လိုက်ပြီး ပြန်လည်လေ့ကျင့်ရသည်။

သားဦးကို မွေးဖွားတော့ တော်တော် ခက်တာပေါ့။ သားကို ၁၀ ရက် စောမွေးတာမို့ ကိုကိုလည်း မရှိ။ ကိုကိုက အဲသည်တုန်းက ပါရီကို သူငယ်ချင်း အပေါင်းအသင်းများနှင့် ခဏ ခဏ သွားတတ်သည်။

မြနန္ဒာ လိုက်ချင်တာကို အတင်း ထားခဲ့တတ်သည်။ စိတ်ကောက်လျှင် ရယ်မော၍ ခံသည်။ မြနန္ဒာကတော့ အဲ့သည်တုန်းက လောကီရေး၌ မသိ နားမလည်။ ကလေးသဖွယ်မျှသို့ ဘာမျှ မရိပ်မိ။ လင်ကို ချစ်ပြီး သားကို ချစ်ဖို့လောက်သာ သိသည်။ လင်နှင့် သားကလွဲ၍ အားလုံးကို မေ့ဖို့လောက်သာ သိသည်။

သားဦးကို ဗိုက်ခွဲ မွေးရမလိုတောင် ဖြစ်လေသည်။ ပြီးတော့ မေ့ဆေးပေးပြီး ညှပ်ဆွဲ မွေးကြရ၏။ မြနန္ဒာ မျက်နှာကို မေ့ဆေးပေးမယ်လို့ အုပ်ဆောင်းဖြင့် အုပ်တာကို ရုန်းဖယ်လို့ချည်းနေမိ၏။ အနာ သက်သာအောင် ဆေး လာလာထိုးပေးထားသဖြင့် လူမှန်းလည်း မသိတသိ ဖြစ်နေပြီး၊ ဝေဒနာသာရှိသည့် အိပ်မက် မက်နေသလို ခံစားရ၏။ ဓာတ်မှန်လည်း ခဏ ခဏ ရိုက်နေရသည်။ ဓာတ်မှန် ခဏလေး ရိုက်ဖို့ အငြိမ်နေနိုင်။ တွန့်လိမ်လူးလှိမ့်နေရ၏။ ရိုက်သူကို ရိုက်ခါနီးတိုင်း ရိုက်လို့မရဖြစ်နေသဖြင့် အားနာပြီး ဘာတွေ ပြောမှန်းမသိ၊ တောင်းပန်ပြီးလည်း နေမိသည်။ အဲသည့် အင်္ဂလိပ်ကလေးက သေးသေးသွယ်သွယ်ကလေး။ မြနန္ဒာလောက်တောင် အရပ်မရှည်ဘူး ထင်သည်။ အသက် ၂၀ လောက်ပဲ ရှိမည်။ မိန်းမလျာကလေးလိုပဲ။ သဘောကတော့ အင်မတန် ကောင်းပုံပဲ။ သူက မြနန္ဒာ သနားနေသည်။

“ရေမွှာ ဖောက်ပစ်လိုက်တော့မယ်”လို့ ဆရာဝန်ပြောသံ ကြားလိုက်၏။ မျက်နှာကို လာအုပ်သော မေ့ဆေးရည် ဆွတ်ဖျန်းသည့် အုပ်ဆောင်းကို မွန်းလှသဖြင့် မျက်နှာ ဟိုလှည့်သည်လှည့်ဖြင့် ရှောင်ဖယ်ဆဲ။ လက်က အကြောကို လာစမ်းကြ၏။ ပြီးတော့ ဆေးထိုးလိုက်၏။ ခဏချင်းပင် မြနန္ဒာ၏ လက်များသည် ပြုတ်ကျသွားသလို အစိုးမရဖြစ်ပြီး မေ့လျော့သွားခဲ့၏။

တစ်ချက်နိုးလာတော့ ဆရာဝန်သည် မြနန္ဒာ၏ ခြေရင်းမှာ ကျကျနန ထိုင်ပြီး ချုပ်လုပ်နေသည်။ ကပ်ကြေးသံ၊ ညှပ်သံ ကြားလိုက်သေး၏။ ဆရာဝန်၏ အဝတ်ဖြူများကြားမှ (အဲသည်တုန်းက ခွဲစိတ် ကုသသော ဆရာဝန်တို့သည် ယခုလို အစိမ်း မဝတ်ကြသေး။) မျက်လုံး နှစ်လုံးသာ ပေါ်သည်ကို သတိပြုမိ၏။ ကိုကို့ကို သတိမရချေ။ လောကမှာ မြနန္ဒာ တစ်ယောက်တည်းသာ ရှိသည် ထင်လေသည်။ သားလေးကို နည်းနည်း သတိရ၏။ ပြီးတော့ ပြန်လည် မေ့သွားပြန်၏။ မကြာခဏ သေဆုံးပြီး အသစ် မွေးဖွားနေပြန်၏။

တစ်ခါ နိုးလာပြန်တော့ မြနန္ဒာသည် ဆေးရုံခန်းထဲ ပြန်ရောက်နေသည်။ သားကလေးသည် ဘေးက ပုခက်ကလေးထဲမှာ ဇာအုပ်ထားသည့်ကြားက ခြေကလေးဖြင့် လှမ်းကန်နေဟန်၊ တလှုပ်လှုပ်ဖြင့်နေသည်။ ချက်ချင်းပင် ဆရာဝန် ရောက်လာပြီး ကလေးကို ကောက်ချီပြီး မြှောက်ပြသည်။ ဆရာဝန့် ကိုယ်မှာ သွေးစသွေးနများ ပေရေလျက် ရှိသေး၏။ ဆရာဝန့် မျက်နှာမှာ သွေးစက်ကလေးများ ခြောက်နေသည်ကို မြင်လိုက်ရ၏။ ဆရာဝန်သည် ကိုကို၏ သူငယ်ချင်းလို နေသော ဆရာပေါက်စဖြစ်သည်တဲ့။ သူက “ကိုကိုဟာ အင်မတန် ကံကောင်းတဲ့ သူပါ”လို့ ချီးမွမ်းလေသည်။ သည်လို သဘောကောင်းတဲ့ မယားနဲ့၊ အမေတူ လှပတဲ့ကလေးကို ရလို့တဲ့။

အဲသည်တုန်းက စိတ်အထင့်သား။ ဘာဖြစ်လို့ မြနန္ဒာဟာ သဘောကောင်းတဲ့ မယား ဖြစ်ရပါလိမ့်။ သဘောကောင်းသူလို့ ထင်ခဲ့သည်။ ကိုကို့ကို ပါရီမြို့မှ လေယာဉ်ပျံဖြင့် ချက်ချင်းပြန်ခဲ့ပါလို့ သံကြိုးမရိုက်ချင်တာကို ဆိုလိုတာလား။

ဆရာဝန်ကလည်း မြနန္ဒာကို သနားနေသည်။
တကယ်တော့ သနားစရာဆိုတာ မြနန္ဒာမှာ မရှိပါလို့ ထင်ခဲ့သည်။ ဝေဒနာ ပိုမို ခံစားရလို့ သနားကြတာလို့ ထင်ခဲ့သည်။ တကယ်တော့ မြနန္ဒာသည် ကိုယ့်ကိုယ်ကိုယ် သည်လောက် သတ္တိကောင်းမည်လို့ မထင်ခဲ့။ ကလေး မွေးရမှာ၊ နာကျင်ရမှာကို သူအမြဲ ကြောက်ခဲ့၏။ (ငယ်ငယ်တုန်းက ကျောင်းမှာ ဘယ်သူနှင့်မျှ ရန်မဖြစ်ရဲ။ မသတ်ပုတ်ဖူး။ သူငယ်ချင်းစွာစွာများကို မုန့်ပေး၊ ပိုက်ဆံပေး၊ ခဲတံ၊ စာအုပ် ပေးပြီး ပေါင်းခဲ့ရ၏။) ကလေးမွေးရလျှင် တကယ့် အချိန်မှာ သူသည် ငိုယို နေမိမည်လို့ ထင်၏။ ယခုတော့ လေး၊ ငါးရက်မျှ မမွေးနိုင်ခင် သူသည် မျက်စိ မဖွင့်နိုင်၊ အစားအစာ မစားနိုင်။ လောက၌ ရှိသမျှကို မေ့လျော့၍ ဝေဒနာ အာရုံသာ ပြင်းစွာထင်ဆဲ။ တစ်ချက်မျှ မညည်းညူ မအော်ဟစ်မိ။ ပါပါတို့ စီမံရာကို ခေါင်းငုံ့ခဲ့သလို၊ ဘဝက ပေးသော ဒဏ်ရာကိုလည်း ခေါင်းငုံ့ခံတတ်တာ ဖြစ်ပါလိမ့်မည် ကိုကို။ လက်ဆွဲထားစရာ ကိုကိုလည်း မရှိ။
လူ့ဘဝ၌ တစ်ချက်မျှ ကောင်းကောင်း နေဖူးပြန်ပြီလေ။
ထိုအချိန် အနားမှာ ကိုကို မရှိ။ တိုက်ပွဲ၌ ဆရာဝန်ကိုသာ အားကိုးခဲ့ရ၏။ ရင်းနှီးသော အဖော်ဖြစ်ခဲ့ရ၏။ လင်သည်ဖြစ်ရုံမက ဆရာဝန်ပါ ဖြစ်သော ကိုကိုက မယား ကလေးမွေးစဉ် အနားမှာ မရှိနိုင်အောင် ပါရီမြို့၌ ဘယ်လို အလုပ် များနေသည်ဆိုတာတော့ နောက် သုံး၊ လေးနှစ်မှာမှ ပြန်လည် ရိပ်မိရ၏။ အဲသည်လောက် မသိနားမလည်လိုက်သည့် မြနန္ဒာပါ။
မသိနားမလည်သေးသည့် မြနန္ဒာသည် ကိုကို့ကို သံကြိုးရိုက် အကြောင်းကြားရာ၌ အေးအေးဆေးဆေးမှ ပြန်လာဖို့၊ အလျင်မလိုဖို့ ပြောလိုက်သေး၏။ သို့သော် ကိုကိုက ချက်ချင်းပြန်လာ၏။ သစ်ခွပန်းရောင်စုံ တစ်ပွေ့ကြီးနှင့် ဝင်လာ၏။ မြနန္ဒာက နှင်းဆီကို ပိုကြိုက်သည်။ အလှမှာရော၊ ရနံ့မှာရော နှင်းဆီကို ဘယ်ပန်းမှ မသာနိုင်ဘူး ထင်သည်။ ကိုကိုက သစ်ခွပန်းများက ပိုစျေးကြီးသည်လို့ ဆိုသည်။
သို့ပေမည့် သည်နောက်တော့ ကိုကိုသည် နှင်းဆီရော၊ သစ်ခွရောမဝယ်လာတော့ချေ။
မြနန္ဒာက သားဦးကလေးနှင့် ရူးနေသည်။ ကလေးနှင့် ပြိုင်ပြီး လောကကို အသစ်မြင်သည်။ အသစ် မွေးဖွားသည်။ အသစ် ကြီးထွားသည်။ ကလေးကောင်းကောင်း လမ်းမလျှောက်နိုင်ခင် နှစ်နှစ်ကျော် သုံးနှစ်လောက် အိမ်မှာပဲ ကုပ်နေသည်။ လက်တွန်းလှည်းကလေးဖြင့် လမ်းထိပ်လောက်ထွက်တာပဲ ရှိမည်။ ကိုကိုက ညစာ အပြင်ထွက်စားမြဲ စားကာ မြနန္ဒာကလည်း လင်ကို ယခင်ကလောက် ဂရုမစိုက်နိုင်တော့။ မအားတော့ဘဲ သားဦးကလေးနှင့် ရူးနေသည်။
အဲ့ဒါ နန္ဒာ မိုက်တာလားမသိ။ ကလေး ကြည့်မည့်သူကို တစ်နာရီ ၃ သျှီလင်လောက် ပေးကြည့်ခိုင်းပြီး ကိုကိုနဲ့ ထွက်လည်မြဲ လည်ခဲ့ဖို့ကောင်းသလား မသိ။
သို့သော် ကလေး သုံးနှစ်သားအရွယ်လောက် အပြင်ခေါ်နိုင်တဲ့အချိန်လည်း ရောက်ရော ကိုကိုသည် မြနန္ဒာတို့ သားအမိကို အချိန်များစွာ မပေးနိုင်တော့ချေ။ သူ့မှာ ဆေးရုံ အလုပ်ရှိသည်တဲ့။ စာတစ်ဖက် ကျက်ရမည်။ ကျောင်းတက်ရမည်တဲ့။ ညတာဝန်တွေကလည်း များလှပါဘိ။ အဲ့သည်တုန်းကတော့ ကိုကိုဆိုတဲ့လူဟာ မယားနဲ့ သားကလေးကို အိမ်ခန်းတစ်ခုမှာ ထားခဲ့ပြီး ယောက္ခမပို့တဲ့ ပိုက်ဆံနဲ့ ပညာသင်ရင်း သူနာပြုမကလေးတွေ၊ လက်နှိပ်စက် စာရေးမကလေးတွေကို ညစာကျွေးပြီး သူတို့ရဲ့ အိပ်ခန်းမှာ စံမြန်းနေတာ  မြနန္ဒာက မသိခဲ့။
ချစ်ကြိုက်ပြီး ယူခဲ့ရတဲ့ လင်သာ သည်လိုလုပ်ရင် သိပ်စိတ်နာမှာပဲဟု မြနန္ဒာက အစဉ်တွေးတတ်၏။ ချစ်ကြိုက်ပြီး ယူခဲ့တဲ့ လင်ကတော့ သည်လို လုပ်မှာလား မသိ။ ချစ်ကြိုက်ပြီးမှ ယူဖူးတဲ့လင်မှ မရှိတာ ဘယ်သိနိုင်မလဲ။ ပြီးတော့ ကိုကို့ကို ချစ်ချင်လာတုန်း၊ အချစ် မကျွံခင်တုန်း သိလိုက်ရတာ တော်ပါသေးရဲ့။ ခုတောင် ငိုလည်း ငိုချင်၊ ရယ်လည်း ရယ်ချင်နဲ့ တစ်မျိုးကြီးပါ မာမာရယ်။
မာမာတို့ကို လှမ်းပြီး တိုင်တောလိုက်တော့ စာရှည်ကြီး ပြန်ရလေသည်။ မာမာ့ အဆိုအရ ယောကျ်ားဆိုတာ အရက်၊ လောင်းကစားနဲ့ မိန်းမ ဆိုတာ တစ်ခုမဟုတ် တစ်ခု ဝါသနာ ပါတတ်တယ်တဲ့။ ကောင်းပါပြီ။ မိန်းမ ဆိုတာကော။ အရက်၊ လောင်းကစားနဲ့ ယောကျ်ားဝါသနာပါလို့ မရဘူးလားဟု နာနာကြည်းကြည်း တွေးတောမိ၏။ မာမာရဲ့ ယောကျ်ားသာလျှင် အဓိက၊ ဘဝ၏ဘုရား ဆိုတဲ့ ဇာတ်တော်ထဲမှာတော့ နန္ဒာက စိဥ္စမာန ဖြစ်နေမှာပေါ့နော်။ နန္ဒာက ကိုကိုရဲ့ အဆာင်အယောင်မျှသာ၊ အလှထားသည့် ပစ္စည်းတစ်ရပ်မျှသာ။ ဒါ့ကြောင့် ပြောရက်တာပေါ့။ လူကို သက်မဲ့ ပစ္စည်းကျနေတာပဲ။ ပါပါတို့ လက်က ကိုကို့ လက်ကို လွှဲပေးလိုက်ပြီတဲ့။ အရက်၊ လောင်းကစားနှင့် မိန်းမဆိုတာကိုလည်း လူ့လောကရဲ့ တန်ဆာ မင်္ဂလသုတ်ကျနေတာပဲ။ လူတောထဲ ထည့်ပြောနေလိုက်တာ။
ကိုကိုနှင့် မကြာခဏ ရန်ဖြစ်ကြသည်။ မိန်းမတကာနှင့် အိပ်လာသော ကိုကို့ကို ရွံရှာလှ၏။ ရှန်ပိန်မူးပြီးတောင်မှ လက်မခံနိုင်တော့။ မြနန္ဒာကို မာမာကသာမက လောကီကိစ္စ လူပါးဝကြကုန်သော လူအများကတော့ ပြင်းထန်လှချည်ကလားလို့ ထင်အားမည်။ ကိုကို အခန်းတွင်း ဝင်လာလျှင် မြနန္ဒာသည် ကလေးကို ကောက်ချီ၍ ဧည့်ခန်း ဆိုဖာပေါ်မှာ အိပ်သည်။
“ကိုကိုဟာ မိန်းမ လိုက်စားသူသာ ဖြစ်ပါတယ်နော်။ မုဒိမ်းကောင်တော့ မဟုတ်ပါဘူးနော်”လို့ ပြောတော့ မြနန္ဒာဟာ ရုပ်ကလေးနဲ့ မလိုက်အောင် ရက်စက်ဆိုးရွားလှသည်တဲ့။
မြနန္ဒာသည် သားကလေးကို လက်တွဲ၍ ရာသီဥတု သာယာသည့် နွေရာသီမှာ လန်ဒန်မြို့လယ်က ပန်းခြံမှာ သွားထိုင်နေတတ်၏။ ရေသူမကျောက်ရုပ်များမှ ရေပန်း ဖြာကျသည့် သက်တံ သာယာလှသည်ကို ကလေးကို ပြပြီး အပြုံးမပျက် နေခဲ့၏။ ခိုများ ခေါင်းနှင့် ပခုံးပေါ်ပျံဝဲကျလာသည်ကို ကလေးနှင့် အတူ မျက်နှာ၊ နှာခေါင်း လက်ဝါးဖြင့် အုပ်၍ ခံယူခဲ့၏။

ပစ်ကယ်ဒီလီဘက် နီယွန်းမီးချောင်းရောင်စုံတွေ လင်းလိုက်မှိန်လိုက် အောက်မှာ လမ်းလျှောက်ကြ၏။ သားလေး၏ မျက်နှာ နီလိုက်စိမ်းလိုက် ရှိသည်ကို ကြည့်မဝရှိ၏။ ဆိုဟိုဘက်သွား၍ ရုပ်ရှင်ကြည့်ကြ၏။ “ဆွပ်ပြုတ် ဝယ်စားကြ၏။ သားလေးက လူကြီးပမာ အဖော်ရလှသည်။
“သားနဲ့ မေမေ နှစ်ယောက်တည်းလည်း နေလို့ရတာပဲနော် သား”ဟု ပြောမိ၏။
“ဘယ်သူမှ ပိုက်ဆံမပေးလည်း မေမေက အလုပ် လုပ်ကျွေးမှာပေါ့။ မေမေ လက်နှိပ်စက် သင်မှာပေါ့။ ကျောင်းဆရာမ ဝင်လုပ်မှာပေါ့။ အရောင်းစာရေး ဝင်လုပ်မှာပေါ့”ဟု ပြောမိ၏။
တစ်ပတ်ကို ၁၀ ပေါင်လောက်ရရင် နေလို့ရတာပဲ။ အခန်းကျဉ်းကလေး ငှားနိုင်မှာပဲ။ ကြက်ဥနဲ့ ထောပတ်၊ နို့ သည်လောက်ပေါတဲ့ ပြည်မှာ စားစရာ မခက်လှပါဘူး။ ကလေးကျောင်းနေတဲ့အရွယ် မြန်မြန်ရောက်ပါတော့ကွယ်။ ဒါပေမယ့် အခမဲ့ အစိုးရကျောင်းမှာ လမ်းပေါ်က ကလေးတွေနဲ့ ရောနေရတော့မှာနော်။ ကော့ကနီကလေး ဖြစ်သွားမလား။ ခုလို လန်ဒန် တစ်မြို့လုံး ဆိုင်ရှိသမျှ အနှံ့ ရှာဝယ်မှ ရလာတဲ့ နွားကလေးသားရေနု ဖိနပ်ပြာကလေးမျိုး စီးနိုင်မှာ မဟုတ်တော့ဘူး။ ရှက်တလင်း သိုးမွှေးဆွယ်တာ ၁၃ ပေါင်တန် ဝယ်နိုင်မှာ မဟုတ်တော့ဘူး။
မြနန္ဒာသည် ပထမဆုံးအကြိမ် အလုပ် လုပ်စားဖို့ သတိရမိ၏။ အလုပ် လုပ်စားပြီး နေထိုင်လို့ ဖြစ်သည်။ အလုပ် လုပ်စားနိုင်လျှင် လွတ်လပ်သည်လို့ သူ သိလာ၏။ ငယ်ငယ်က ပညာတွေ ခင်ခဲ့ပြီး သည်အကြံ ဘာဖြစ်လို့ မရပါလိမ့်။ ရန်ကုန်မှာကတည်းက ကျောင်းဆရာမလုပ်ပြီး အခန်းကလေး တစ်ခန်းငှားလို့ ဘတ်စကားဖြင့် အလုပ်သွားနေနိုင်သားပဲ။ အများတကာ သည်လို နေကြသည်ပင်။ ဘယ်လောက် ကျေနပ်စရာ ကောင်းတဲ့ ဘဝလဲ။ လောက၌ ဘာမှ အရေးမကြီးသော ဝန်ပိုလို့ပင်နေသော ချမ်းသာကြွယ်ဝခြင်းဆိုတာကို သူနေနေကျနေပြီး အတ္တစွဲများလှသည့် မိဘလက်မှ ရုန်းထွက်ရမှန်း မသိခဲ့။ မတတ်ခဲ့။ ကံဆိုးလှသည့် မြနန္ဒာပါတကား။ မရှိတာထက် မသိတာ ခက်လှသည်မှာ အမှန်ပါတကား။ ယခုတော့ ဘဝ၌ အနေတတ်ပြီ ထင်သည်။ သားကလေး အဖော်ရနေတော့ ပိုပြီး လူ့ပြည်မှာ နေလို့ ပျော်စရာ ကောင်းလာသည်။ မြနန္ဒာ သတ္တိရှိဖို့တော့လိုသည်။
ထို့ကြောင့် တစ်လ ပေါင် ၄၀ ဖြင့် လောက်အောင် သူ နေကြည့်သည်။ စရိတ်လျှော့ကြည့်သည်။ ရုပ်ရှင် လုံးဝ မကြည့်ဘဲ နေသည်။ ဂီတပွဲများကိုတော့ အစားအသောက်လိုပင် သူ့ဘဝ၌ အရေးကြီးသည်ဖြစ်၍ စျေးပေါသော ခုံလက်မှတ်များ ဝယ်၍သွားသည်။ အဲလဘတ်ဟောမှာဆိုလျှင် အလယ်ကောင်၌ ခုံမရှိဘဲ မတ်ရပ်သော်လည်းကောင်း၊ ကော်ဇောပေါ်၌ ထိုင်၍သော်လည်းကောင်း ဂီတနားထောင်နိုင်သည်။ အဲသည်မှာ ကောလိပ်ကျောင်းသား ကျောင်းသူများ လာကြသည်ကို တွေ့ရ၏။ အဝတ်အစား တောက်တောက်ပပ ဝတ်စရာ မလိုပြန်သည်မို့ လွတ်လပ်လှပြန်၏။ တီးမှုတ်ခြင်း ခဏနားသည့်ကြားမှာ ရုံ၏ အလယ် ရေပန်းကလေး၌ သက်တံရောင်များ မီးမောင်း ထိုးပေးသည်ကို သားကလေးနှင့်အတူ ပျော်ရွှင်စွာ ငေးကြည့်ရသေး၏။ ပြီးတော့ ဂီတကို နှစ်သက်၍သာ လာသူများကို ချစ်အားပိုကာ အလိုလို ဝမ်းသာနေတတ်၏။
သစ်ပင်အောက်မှာတောင် နေထိုင်လို့ ဖြစ်သည်လို့ ဟောပြောသော သော်ရို၏ အဘိဓမ္မာကို သက်ဝင်လျက်နေပြန်၏။ အင်္ဂလိပ် စာအုပ်များစွာ ဖတ်မိ၏။ လူ့ဘဝမှာ ပစ္စည်းဥစ္စာ ဆင်းရဲခြင်းဆိုတာ ကြောက်စရာ မရှိဟု သူ သဘောပေါက်လာ၏။ လူ့ဘဝ၌ နေနည်း အမျိုးမျိုး ရှိသည့်အနက် ကိုယ်ကြိုက်ရာ ရွေးချယ်၍ နေနိုင်သည် ဆိုတာလည်း သိမြင်လာ၏။ အေးချမ်းခြင်းကို လိုလားလာ၏။ စုံမက်ခြင်းနည်းပါးလျှင် အေးချမ်းမည်ပင်။
တဖြည်းဖြည်း ခင်မင်လာသော အိမ်နီးချင်း မစ္စမာတင်နှင့်လည်း စကားပြောလို့ ကောင်းလှ၏။ မစ္စမာတင်သည် အသား မစား။ ဘုရားရှိခိုးကျောင်း မသွား။ ချစ်သူနှင့် လက်မထပ်ဘဲ အတူနေ၏။ သားသမီးကို တားဆီးထား၏။ ပြီးတော့ ချစ်သူကို လင်သည်လို့ မပြော။ အတူနေသူယောကျ်ား၏ နာမည်ကို မယူ။ အပျိုကြီး နာမည်ခံပြီး အုပ်ချုပ်ရေး အရာရှိတစ်ယောက်အဖြစ် လုပ်ကိုင်စားကာ တောဘက်မှာ အိမ်ပိုင်ဖြင့် နေ၏။ လန်ဒန်မြို့ပေါ်မှာ အခန်းငှားပြီး တစ်ပတ်မှာ ငါးရက်မျှသာ နေလေသည်။
ထိမ်းမြားလက်ထပ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တဲ့ သဘောပါတယ်။ ချုပ်ချယ်စိုးမိုးလိုတဲ့ သဘောပါတယ်။ တခြားသူတော့ မသိဘူး။ ကျွန်မတော့ သည်းညည်း မခံနိုင်ပါဘူး”ဟု မစ္စမာတင်က ပြော၏။ “သည်ယောကျ်ား သည်မိန်းမ တစ်ယောက်ကို တစ်သက်လုံး ချစ်ကြိုက်နေမယ်ဆိုတာလည်း အင်မတန် မဖြစ်နိုင်တဲ့ အလုပ်ပဲ။ လင်မယားတိုင်းဟာ သားသမီးကို ငဲ့နေကြလို့ ဒါမှမဟုတ် စီးပွားရေး၊ ဂုဏ်သရေ ဆိုတာတွေ ငဲ့နေကြလို့သာ လင်နဲ့မယားအဖြစ် မြဲနေကြတယ် ထင်တာပဲ။ ဘယ်နည်းနဲ့မှ လေး၊ ငါး နှစ်ထက် ပိုပြီး ချစ်ခင်နေကြမယ် မထင်ပါဘူး”ဟု ပြော၏။
“ဒါပေမယ့် စိတ်မရှိပါနဲ့။ ရှင်တို့ကတော့ အတူနေတာ ဆယ်နှစ်ကျော်ပြီဆို”ဟု  မြနန္ဒာက အားနာသော်လည်း သိချင်သည်တစ်ကြောင်း၊ ဆွေးနွေးချင်သည် တစ်ကြောင်းကြောင့် ခွင့်တောင်းပြီး မေးလိုက်လျှင်...
“ကျွန်မတို့က လင်မယားမှ မဟုတ်တာ။ သူ လာချင်တဲ့အခါ လာနိုင်တယ်။ သွားချင်တဲ့အခါ သွားနိုင်တယ်။ သူ လာတဲ့အခါတိုင်းမှာ ကျွန်မ ရှိချင်လည်း ရှိမယ်။ ကျွန်မ သူ့ကို ချစ်နေသေးသမျှတော့ ရှိနေမှာပေါ့။ ကျွန်မတို့ နှစ်ယောက်ကြားမှာ ချစ်တဲ့စိတ် တစ်ခုပဲ အရင်းခံထားပြီး ဆက်ဆံကြတယ်။ ဒါပေမယ့် သူ့ကို ကျွန်မ ချုပ်ချယ်ခွင့် မရှိတော့ သူဟာ ဓာတ်ပုံ သတင်းထောက်ပီပီ သူ ဝါသနာပါရာ တစ်ကမ္ဘာလုံး လှည့်ပြီး သတင်းယူနေတာပဲ။ စစ်ပွဲတွေ ရှေ့ဆုံးက ပါသွားတယ်။ သူ ပြန်လာမှ မသေသေးဘူးလို့ သိရတယ်။ ကျွန်မ သိပ်ပူတတ်တာ မှန်တယ်။ ဒါပေမယ့် ရှင့်ကလေးတွေကို လုပ်ကိုင်ကျွေးဖို့ လိုသေးတယ်။ မသေပါနဲ့ဦးလို့ ကျွန်မ စာမရေးဘူး။ ကျွန်မတို့ ကလေး မရအောင် တားထားတာကိုး။ ဒါကတော့ ကျွန်မကြောင့်ပါ။ ကျွန်မတို့ ဂုဏ်တို့၊ စီးပွားရေးတို့ ဆိုတာကို ဂရုမစိုက်ပေမယ့် ကလေးတော့ ချစ်တတ်တယ်။ ကလေး ရလာရင် ကျွန်မဟာ သူ့အပေါ် ခုလောက် ကောင်းနိုင်လိမ့်မယ် မထင်ဘူး။ ကျွန်မဟာ ကလေးအတွက် သူ့ကို ချုပ်ချယ်ချင်လာတော့မယ်။ ဒါကြောင့် သူ့ကို ချစ်တဲ့အတွက် ကျွန်မ ချစ်ချင်တဲ့ ကလေးကိုတောင် မယူတော့ဘူး”
မြနန္ဒာကတော့ ခေါင်းယမ်းမိသည်။ သဘာဝမကျဘူးဟု ထင်သည်။ သို့သော် လူတိုင်းသည် ကိုယ်ကြိုက်သည့် ဘဝကို ရွေးချယ်နေထိုင်ရမည်လို့ သူ ယုံကြည်ခဲ့ပြီ။ မစွက်ဖက်လိုပါ။
“လက်မထပ်ဘဲ နေတဲ့ဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိဖို့ရော လိုသေးတယ် ထင်လား”ဟု နန္ဒာ မေးမိသေး၏။
“သစ္စာဆိုတာ အလကား စကားလုံးပါ။ ကျွန်မ ယုံတာက ယောကျ်ားနဲ့ မိန်းမဟာ အနည်းနဲ့ အများ တွေ့တိုင်း မြင်တိုင်း တပ်မက်ကြတယ်လို့ ထင်တယ်။ အဲဒီ လိင်စိတ်ကို တချို့က ချုပ်တည်းတယ်။ တချို့က မချုပ်တည်းဘူး။ ဒါပါပဲ။ ပြီးတော့ ယောကျ်ားဆိုတာက အဖိုဆိုတာက သတ္တဗေဒအရ ကိုယ်ဝန်မဆောင်ရဘူး။ မိခင်စိတ် ဆိုတာမျိုး ကိုယ့်သားမြေးကို တွယ်တာခြင်း မရှိ။ သူ့အဖို့ ဆန့်ကျင်ဘက် လိင်သာ ဘဝမှာ အရေးကြီးတယ်။ အဖို တစ်ယောက်တည်းက အမ များစွာကို  တပ်မက်နိုင်တယ်။ လိုက်စားနိုင်တယ်။ အမကတော့ ကိုယ့်ကလေးကို ချစ်ရတယ်။ စောင့်ရှောက်ရတယ်။ ကြီးပြင်းအောင် မွေးမြူရတယ်”
မြနန္ဒာက ရယ်မောကာ “ကဲ၊ ဒါဖြင့် သူက တစ်နိုင်ငံပြီး တစ်နိုင်ငံ လှည့်လည်နေတုန်း၊ အလှအချောတွေနဲ့ တွေ့နေတုန်း ရှင်ကတော့ ကလေးကိုတောင် မယူဘဲ နေတယ်။ ဘယ်လို နေနိုင်သလဲ။ ကျွန်မတော့ သားလေးသာ မရှိရင် ရူးလိမ့်မယ်လို့ ထင်တယ်”ဟု ပြောလေ၏။
“ကျွန်မလား”ဟု မစ္စမာတင်က အပြုံးမပျက်ပြော၏။ “ကျွန်မ ဗုဒ္ဓဘာသာအကြောင်း ဖတ်နေတယ်”ဟု ပြောလေ၏။
မစ္စမာတင်နှင့် စကားပြောရင်း မြနန္ဒာသည် ကိုကို့ကို မကြည့်ချင်စိတ် ခွဲခွာနေလိုစိတ်များ ပျောက်သွား၏။ ရှက်တာ၊ နာကြည်းတာတွေလည်း ပျောက်သွား၏။ ကိုကိုသည် ဘယ်လိုပင် မိန်းမ ဝါသနာပါ၍ လိုက်စားနေလည်း အိမ်နှင့်ယာနှင့် သားနှင့် မယားနှင့် နေချင်စိတ် ရှိပြန်သည် ဆိုတာကိုလည်း ခွင့်မလွှတ်နိုင်တောင် သဘောပေါက်လာ၏။ ခွဲခွာကြစို့ဆိုလျှင် မြနန္ဒာက စတင် ခွဲခွာရမည်ဖြစ်၏။ မြနန္ဒာက စွန့်ပစ်ခဲ့ရမည်ဖြစ်၏။ ငယ်ငယ်ကတည်းက စတင် လှုပ်ရှားတတ်သည် မဟုတ်သော၊ သူများ စီမံရာ ဘဝ၌ အလိုက်သင့် နေခဲ့သော မြနန္ဒာအဖို့ ဘယ်လိုက စပြီး လုပ်ကိုင်ရမယ်ဆိုတာကို မသိ။ ကိုကိုက စပြီး စွန့်ခွာပါစေဟု ဆုတောင်းပြန်၏။ သူ တကယ် ချစ်တဲ့ မိန်းမနဲ့ တွေ့ပါစေဟု ဆုတောင်းပြန်၏။
သို့သော် ကိုကို၌ မင်္ဂလာဦးဘဝက အယုအယမျိုးသာ ပျောက်ကွယ်သည်။ နန္ဒာ့ကို ချစ်မြဲ နှစ်လိုမြဲ ရှိသည်ဆိုတာ မငြင်းနိုင်။ နန္ဒာကပဲ လောကီမှု နားဝေးတာ ဖြစ်လေသလား မသိ။ ကိုကိုသည် သားလေးကိုလည်း ပွေ့ချီထိန်းကျောင်းနေတတ်ပြန်၏။
“သားသား၊ မေမေနဲ့ ဖေဖေ ဘယ်သူ့ ချစ်သလဲ”ဟု မေးတတ်၏။
“ေမေမ့ ခ်စ္တယ္”
“ဘာဖြစ်လို့”
“မေမေက အပြင်သွားတိုင်း ခေါ်တယ်။ ဖေဖေက ခေါ်ဘူး”
ကိုကိုက သဘောကျကာ သူ့သားကို ဖျစ်ညှစ် နမ်းလျှင် ကလေးက အတင်း ရုန်းထွက်တတ်၏။ ထို့နောက် နှစ်ယောက်သား မီးရထားတွဲနှင့် ကစားကြပြန်၏။ အိမ်ဆောက်ကြပြန်၏။ မြနန္ဒာသည် မျက်ရည် မဆည်နိုင်ဖြစ်ရ၏။ ဘာပဲဖြစ်ဖြစ် သည်လင်ကိုသာ အိုအောင်မင်းအောင် ပေါင်းတော့မည်ဟု စိတ်ကူးမိပြန်၏။
“ဖေဖေက အိမ်လည်း ပြန်ဘူး”ဟု သူ့သားက စွပ်စွဲပြန်၏။
“ျပန္ပါတယ္ကြ၊ အျမဲ ျပန္လာတာပဲ”
“ဟင့်အင်း။ ပြန်ဘူး”ဟု ငြင်းပြန်၏။ ကိုကို ညတိုင်း မပြန်တာတော့ ကလေးတောင် သိတယ်။ သူ ပြန်လာလည်း အိမ်မှာ ဆီးကြိုသော မယားသည် မရှိ။ မြနန္ဒာသည် ညနေတိုင်းလိုလိုပင် သားကို လက်တွဲ၍ တစ်နေလုံး လမ်းထွက်နေတတ်၏။ တစ်ခါတစ်ရံ စိတ်လိုလျှင် ကိုကိုက သူ့သော့ဖြင့် ဖွင့်ဝင်ကာ စောင့်နေတတ်သည်။ ကြည်ကြည်သာသာ ဆီးကြိုသည်။
“ကိုကို စားသောက်ပြီးရောပေါ့”ဟုသာ မြနန္ဒာက ပြောသည်။ သို့သော် ကိုကို့ မျက်နှာကို သူ ကြည့်မည် မဟုတ်။
ပြီးပြီဟု ပြောပြီး၊ မေးဖော်ရသည်ကို ကျေးဇူးစကား ဆိုတတ်သည်။
“မစားရသေးဘူး” ဆိုလျှင်တော့ မြနန္ဒာသည် စည်သွတ်ဘူးကို ဖောက်မည်။ မြနန္ဒာသည် ကောင်းမွန်စွာ ချက်ပြုတ် မစားသည်မှာ ကြာပြီ။ စျေးမသွားသည်မှာ ကြာပြီ။ သစ်သီး၊ ကြက်ဥ၊ နို့၊ ထောပတ်နှင့် ချောကလက်သာ စားနေရသည်။ မြနန္ဒာ တော်တော်လည်း ပိန်သွားသည်။
သူတို့ ပါရီသို့ ပြောင်းခါနီး ကိုကိုလည်း ညစဉ် မှန်မှန် ပြန်လာသည်။ ဆေးရုံတာဝန်ပဲ လျော့ပါးလေသလားဟု မြနန္ဒာက ရယ်မောလိုက်၏။ သူ့သားက ပြန်လာမည်ဆိုတော့ မျှော်သည်။ မျှော်သည့်သံ သူ့ဖေဖေကလည်း ပြန်သည်။ မြနန္ဒာသည် ကလေးအိပ်ခန်းကို သူ့အိပ်ခန်း လုပ်ခဲ့ပြီး၊ ထိုအခန်းထဲက ကိုကို့ သော့ဖွင့်သံ၊ ပြန်ပိတ်သံ၊ ခြေသံများကို နားထောင်နေသည်။ ရင်ထဲမှာ ပူလောင်လျက်ရှိကာ တဒိတ်ဒိတ် ခုန်မြဲ။ ပြီးတော့ ဖအေနှင့်သား နှုတ်ဆက်ရယ်မောကြလျှင် သူ စိတ်အနည်းငယ် အေးချမ်းသွားပြီး သိုးမွေးထိုင်ထိုးမြဲ။ လက်ငြိမ်ငြိမ်ဖြင့် ထိုးနိုင်လာလေ၏။
 သားလေးရဲ့ မျက်စိဖြင့် ကြည့်ရင်တော့ သူ့အဖေဟာ ခင်မင်နေစရာကောင်းမှာပဲ။ အားကိုးစရာ ကောင်းနေမှာပဲ။ အပြင်ဘက်က ကြီးကျယ်တဲ့ ကမ္ဘာကြီးက ပြန်ပြန်လာတဲ့ သူရဲကောင်းတောင် ဖြစ်နေမှာပဲ။ မီးရထားတွဲပျက်ရင် ပြင်ပေးတတ်တယ်။ ဘိုင်စကယ်ဘီးက ဝက်အူချောင်နေတာကို ကျပ်ပေးတတ်တယ်။ သားရဲ့ ဘဝမှာ ကိုကိုဟာ အရေးကြီးလာပြီ။ သူတို့ကို ခွဲပစ်လို့ သင့်တော်ပါ့မလားဟုလည်း မြနန္ဒာ တွေးပြန်၏။
သည်လိုပဲ တွေးတောရင်း၊ တစ်ယောက်တည်း စကားပြောရင်း သူတို့ ပါရီသို့ ပြောင်းဖို့ ဖြစ်လာ၏။ ပါပါက သူ့တူသမက် ကြီးပွားစေလိုပြန်၏။ ပါရီ၌ ပလပ်စတစ် ခွဲစိတ်ကုသခြင်းကို သင်စေလိုပြန်၏။  ငွေအပြင် ရောင်းချသုံးစားရန် မာမာ၏ ပတ္တမြား ဘယက်နှင့် လက်ကောက်များ ပို့လိုက်၏။ ပြီးတော့ မြနန္ဒာလည်း ပိုပြီး တတ်သိနားလည်လိမ့်မည်ဟု မျှော်လင့်၏။ ပြင်သစ် စာ၊ စကားကို ပို၍ ကျွမ်းကျင်ခွင့်လည်း ရလိမ့်မည်တဲ့။

ပြင်သစ်ပြည်သို့ ပြောင်းရွှေ့နေထိုင်ရပြန်တော့ ဟန်းနီးမွန်း ထွက်ရသလို အသစ်ပြန်ဖြစ်သည်။ ကိုကိုက မြနန္ဒာ စိတ်ချမ်းသာအောင် နေမည်လို့ တာဝန်ခံသည်။ မြနန္ဒာက ယုံလိုက်သည်။ လူ့ဘဝ၌ လူတစ်စုံတစ်ယောက်ကိုမျှ မယုံရဘဲ နေလို့မဖြစ်။ အထိန်းမခံရဘဲ နေလို့ မဖြစ်။ ပြီးတော့ ဘာပြောပြော ကိုကို့ကို ချစ်တယ်။ မြနန္ဒာမှာ ချစ်စရာ ကိုကိုသာ ရှိပါသည်။ ကိုကိုကလည်း မချစ်ရတာ မဟုတ်။ ဒါဖြင့်ရင် လင်မယား ဘဝမှာ ဘာလိုသေးသလဲ။ မစ္စမာတင်၏ အဘိဓမ္မာသည် ဒါပါပဲ။ အားလုံး အားလုံးကို မေ့ပြီး ကိုကိုဟာ မြနန္ဒာကို ချစ်သလား။ မြနန္ဒာက ကိုကို့ကို ချစ်သေးသလား ဆိုတာ သတိရ ရမည်။ ကိုကိုက မြနန္ဒာအပြင် ချစ်တတ်သေးသလား ဆိုတာကို မေးရမည်။
သို့သော် မရေးတစ်ချက်၊ ရေးတစ်ချက်ဖြင့် စျေးစာရင်းလည်းပါသော၊ တစ်ဝက်တစ်ပျက် မှတ်မိသည့် ဂျာမန်၊ ပြင်သစ် ကဗျာများလည်း ရေးချထားတတ်သော သားလေးအတွက် ကာကွယ်ရေးဆေးထိုးရမည့် အချိန်ဇယားကွက်လည်း ပါသော ဒိုင်ယာရီစာအုပ်၌ “မုန်တိုင်းထန်သောနေ့များ”လို့သာ စာလုံးကြီးကြီးနှင့် တစ်မျက်နှာလုံး မကြာခဏ ဖြတ်ရေး မှတ်သားထား၏။

တစ်ညနေကို မှတ်မိသည်။ လုဒ်ပန်းချီပြတိုက်မှ သားကလေးနှင့် ပြန်သည်။ (မြနန္ဒာသားက ပန်းချီဆရာဖြစ်မည် ထင်သည်။ တစ်နေ့ တစ်နေ့ အရုပ်ဆွဲပြီးသာ နေတတ်သည်။ ရေဆေးရောင်စုံ ခြယ်နေတတ်သည်။ ပြတိုက်ထဲမှ ပန်းချီကားများ မပျင်းမရိ ကြည့်တတ်သည်။ ကူးဆွဲချင်သည်ဟု ဆိုလေသည်။)
ကိုကို့ကို ပြင်သစ်သူ တစ်ယောက်နှင့် တွဲ၍ လမ်းဖြတ်ကူးတာ မြင်လိုက်၏။ ကိုကိုက ညပ်နေအောင် ဖက်ထားကာ သူငယ်မနှင့်တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လို့။ မြနန္ဒာ၏ ရင်တွင်းမှာ မနာလိုစိတ်များ အော်ဟစ် ဆူညံကာ တစ်လောကလုံး မုန်တိုင်းထန်နေတယ် ထင်ရ၏။ နန္ဒာသည် သားလေးကို လက်ဆွဲ၍ အိမ်သို့ အပြေးပြန်လာ၏။ လမ်းမှာ လူများက လှည့်ကြည့်ကြ၏။ သားလေးက “မေမေ.... မေမေ”ဟု အော်နေသည်ကို မကြား။ ကလေးသည် လဲပြိုလုလု အမီ ပြေးလိုက်ရရှာ၏။ အိမ်ခန်းသို့ ပြေးတက်ရောက်ခဲ့ပြီး မှန်ရှေ့၌ ကိုယ့်ကိုယ်ကိုယ် ကြည့်မိလျှင် မျက်ကွင်းများ ညို၍ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်။ အရုပ်ဆိုးလိုက်တဲ့ မြနန္ဒာ ကိုကို့ကို မြင်လိုက်စဉ်က သူသည် ခေါင်းစည်းပဝါကို ခေါင်း၌စတင် စည်းစဖြစ်၍ ကိုကို့ကို မြင်လိုက်ရာ၌ မေ့ပြီး လွှတ်ချခဲ့သည် ထင်သည်။ သူ့၌ ခေါင်းစည်းပဝါ မပါလာတော့။ လေပြင်း၌ သူ့ဆံပင်များသည် လျော့ပြေကာ ဖရိုဖရဲ ပွကုန်တာ ဖြစ်မည်။ လမ်းမမှာ ဖြတ်သန်းခဲ့ရသည့်လူတွေက ဘာထင်မလဲ။ ဆံပင်ကို တိုတို ဖြတ်ပစ်လိုက်ရလျှင် ကောင်းမည်လား။ ဆံပင်နှင့် လိုက်အောင် ဥရောပတိုက်သူလို ဝတ်ရလျှင် ကောင်းမည်လား။ ကိုကိုက သည်လိုမြင်လျှင် အသစ်အဆန်းထင်ပြီး တစ်မျိုး စုံမက်လို့လာမည်လား။

ကိုကို့ကို သတ်ပစ်ရရင် သိပ်ကောင်းမှာပဲ။ ဒါမှမဟုတ် ပါရီသူ တချို့ ထုံးကို လိုက်ပြီး အက်ဖယ်မျှော်စင်ပေါ်ကပဲ ခုန်ချရမည်လား။ လျှပ်စစ်ရထားလမ်းပေါ် ခုန်ချရမည်လား။ ထိုခဏ၌ တစ်ကိုယ်လုံး သွက်သွက်ခါအောင် ယိမ်းထိုး တုန်လှုပ်မိ၏။ သူ့ဘဝသည် ကြမ်းတမ်းလှသည်။ လိုလေသေးမရှိ ပြည့်စုံတယ်လို့ ဝိုင်းဝန်းချီးမွမ်းကြသည့် မြနန္ဒာဟာ ဆင်းရဲမွဲတေလှပါတကား။ သားလေးက “မေမေ... မေမေ”ဟု ခေါ်သည်။ မြနန္ဒာသည် မျက်ရည်များကို သုတ်၏။ ခေါင်းကို သန့်ရှင်းသပ်ရပ်စွာ ဖြီး၏။ မျက်နှာကို ပေါင်ဒါတို့၏။ သူ ပြန်လည် လှပလာသည်။ မေမေ့သားကို စိတ်ညစ်အောင်၊ ကြောက်လန့်အောင် မလုပ်တော့ဘူး။ ခွင့်လွှတ်ပါ သားရယ်၊ သားလေးကို ညင်သာယုယစွာ နမ်းလိုက်၏။ ပြီးတော့ ပြုံးရယ်ကာ “အလကားပါ မေမေ့ကို သရဲခြောက်တယ် ထင်လို့”ဟု ပြောလိုက်၏။ “တကယ်တော့ သရဲဆိုတာ မရှိပါဘူး၊ မကြောက်တတ်ရင် မရှိပါဘူး။ မေမေက အရင်တုန်းက ကြောက်တတ်တယ်။ ခု မကြောက်တတ်တော့ဘူးပေါ့။ ဟော... သရဲလည်း မရှိတော့ဘူး။ ပြီးတော့ သားက မေမေ့သူရဲကောင်းကြီး မဟုတ်လား။ သားက ရန်သူကို သေနတ်နဲ့ ပစ်မှာ မဟုတ်လား။ ကျည်ဆန်အိမ်ကလေး မွှတ်လည်နေအောင် လှည့်လို့ရတဲ့ သေနတ်ကလေး သွားယူပါဦးကွာ။ ကစားရအောင်ပါ”
ပါရီ၌ နေကြသော နှစ်နှစ်လောက်မှာ မြနန္ဒာသည် အရူးပမာ ဖြစ်နေ၏။ သူ့ ဘဝရေပြင်၌ ဂယက်များ ဆူပွက်လှုပ်ရှားကာ နားရသည်သို့ မရှိ။ ကြည်လင်သည်လို့ မရှိ။ ချစ်စဖွယ် သားငယ်ကလေး၏ အရိပ်ပင် ကြာရှည် ထင်လာနိုင်ခြင်း မရှိ။ ကိုကို့ကို အိပ်ရာထဲ၌ မေ့လျော့၍ မျက်နှာချင်းဟပ်နေရာက ဖြုန်းခနဲ ထထိုင်ကာ ဖျန်းခနဲ ပါးရိုက်မိ၏။ ကိုကိုက သူ့ကို တွန်းထိုးလိုက်သည်ကို နာကျင်ရမှန်း မသိဘဲ ရယ်မောသည့်အခါ ရယ်မော၍ ငိုယိုသည့်အခါ ငိုယိုနေလိုက်၏။ နှစ်ယောက်သား အလွန် တိတ်ဆိတ်ငြိမ်သက်သော ရန်ဖြစ်သည့်အမှု ပြုဆဲမှာလည်း မြနန္ဒာသည် စိတ်မချုပ်တည်းနိုင်ဘဲ ကိုကိုနှင့် အဝေးနိုင်ဆုံး အခန်းထောင့်၌ နေရာမှ ထလာကာ လင်သည်၏ မာကြမ်း၍ ကွေ့လိမ်သော၊ ဆံပင်ထူထဲ နက်မှောင်သော ခေါင်းကို ရင်ခွင်ထဲ ဆွဲယူသွင်းကာ စတင် ချော့မော့မိပြန်၏။
“နန္ဒာ ရူးသွားရင် သည်တိုင်းတော့ ကြည့်မနေနဲ့နော်။ နန္ဒာ ရှက်တယ်။ မောဖီးယား အများကြီး ထိုးပြီး အိပ်ခိုင်းလိုက်ပါ”ဟု ရယ်ဟဟနှင့် အတည် တောင်းပန် ပြန်၏။ “ခု မရူးခင်ကော မလုပ်ပေးနိုင်ဘူးလား”
ကိုကိုက ယခုတလော နန္ဒာ အမြဲသောက်နေရသော အိပ်ဆေးများကို အရေအတွက် အနည်းငယ်မျှသာ အိမ်မှာ ထားတော့သည်။ သူ နန္ဒာ့ကိုတော့ နှမြောသားပဲ။ နန္ဒာ့ကိုလည်း သူ ချစ်တာပဲ။ သနားတာပဲ။ နန္ဒာနဲ့သာ သူ့ဘဝပြည့်စုံနိုင်အောင် ကြိုးစားဟန်လည်း ရှိပါတယ်။ သူ့စိတ်သူ မနိုင်သူ၊ သူလည်း ဒုက္ခပဲ။ တစ်ကိုယ်ကောင်းစိတ်က အမြစ်တွယ်နေပြီး ဂီတသံ ကြားရင် နန္ဒာက ထမင်းမစားဘဲ နေနိုင်သလို မိန်းမမြင်ရင် သူ အသက်ရှူဖို့ မေ့နေဟန်တူပါရဲ့။ ဟား... ဟား။ ကိုယ်ချင်းစာရမည်။ ထို့နောက် ဒိုင်ယာရီ၌ များများ မရေး၊ “မုန်တိုင်းထန်သောနေ့များ”လို့သာ စာတစ်မျက်နှာလုံး စောင်းစောင်း ဖြတ်၍ စာလုံးကြီးကြီးနှင့် ရေးလိုက်တတ်၏။
ကိုကိုသည် ကလေးသူငယ် ခွဲစိတ်ကုသမှု ပညာအတွက် ဂျာမန်သို့ နှစ်နှစ် သွားချင်ပြန်၏။ ပါပါတို့က သဘောတူမြဲ။ ငွေပို့မြဲ။ ဂျာမနီ၌ရောက်လျှင် နေနည်းတစ်မျိုး ပြောင်းနေကြည့်၏။ ပွဲဝင် သုံးချောင်းထောက် ဂရင်းပီယာနိုကြီး တစ်လုံး ဝယ်လိုက်၏။ သီချင်းကြီးများ တက်၏။

ရှေးသီချင်း ဓာတ်ပြားများစွာ ဝယ်၏။ သားကိုလည်း သင်ရ၏။ သားလေး ကျောင်းပို့ရ၏။ သားကလေး တက်ခဲ့သော ပြင်သစ်စကား မေ့မသွားစေရန် သားနှင့် ပြင်သစ်စကား ပြောနေရပြီး ကလေးက ပြင်သစ်ရော၊ ဂျာမန်ရော၊ အင်္ဂလိပ်ရော ရောနှောပြောသည်ကို ရယ်မောရ၏။ ကိုကိုကလည်း ပါချင်သည်။ သူလည်း အဖေဖြစ်သည်။ သူလည်း သားကို ပိုင်ဆိုင်ချင်သည်။ မြနန္ဒာသည် အဖေ့ကို ဆန့်ကျင်လိုစိတ် သားကို မသင်ပေးမိရန် ကြိုးစားနေရ၏။ သားရှေ့၌ လင်မယား ရန်မဖြစ်အောင် နေရ၏။ သားရှေ့ လူသူရှေ့မှာ ဟန်ဆောင်ကောင်းစွာ တတ်လာ၏။ သို့သော် ကိုကို မိန်းမလိုက်စားခြင်းကို ဖုံးကွယ်လို့ ရသည် မဟုတ်။ ရောက်လေရာ ပတ်ဝန်းကျင်က မကြာခင်ပင် သိကြလေ၏။
ရိုးသွားတယ် ခေါ်ရမလား။ မြနန္ဒာ၏ ထိခိုက်ကျိုးပဲ့ခဲ့သော မာနသည်ပင် အသစ်တစ်ဖုံဆင်၍ ထလာသည်လား မသိ။ မြနန္ဒာသည် အနည်းငယ် ငြိမ်းအေးလာ၏။ မုန်တိုင်းစဲလေပြီ။ မနက်မိုးလင်းလျှင် ကိုကို စားသောက်ဖို့ မှန်မှန် ချက်ပြုတ်လာ၏။ ကိုကို ဆေးရုံသွားသည်ကို အပေါက်စအထိ လိုက်ပို့၏။ သား ကျောင်းသွားချိန်မှာ ကျောင်းအထိ လိုက်ပို့ ပြန်၏။ ပြီးတော့ တစ်ယောက်တည်း ကျန်လျှင် ပီယာနို တီး၍ နေ၏။ တစ်ရေးနိုးလည်း ထတီးချင် တီးသည်ဖြစ်၍ အိမ်နီးချင်းများက မကန့်ကွက်သာအောင်၊ အခန်းကို အသံလုံအောင် ပြုပြင်ရ၏။ ထူးဆန်းစွာ မြန်မာရှေးသီချင်းကြီးများကို သင်္ကေတနှင့် ရေးသည့် သီချင်းစာကို တွေ့ကြုံ တီးခတ်ကြည့်ရ၏။ မြန်မာပြည်က ပြန်ရောက်မှ မြန်မာ သီချင်းကြီးများကို တီးဦးမည်။ လင်းကို ဖျတ်ခနဲ သတိရတတ်၏။ လင်းက စောင်း၊ ပတ္တလား တီးတတ်တယ်။ တစ်ခါပြောဖူးတယ်။ ပတ္တလားတီး သင်ပေးမယ်တဲ့။
အဲဒီတုန်းက သင်လိုက်ရင် ဘယ်လို ဖြစ်မလဲနော်။ ကိုကိုနှင့် အိမ်ထောင် ပြုရသည်မှာ ခုနှစ်နှစ်ကျော် ရှစ်နှစ် ရှိလာခဲ့ပြီ။ ကိုကို တစ်ခါမှ ပီယာနိုပင် မခေါက်ကြည့်ဖူူးသည်ကို သတိရ၏။ သူ သီချင်းတော့ လေချွန်တတ်သားပဲ ဆိုသည့်အခါ တစ်ပိုင်းတစ်စ ဆိုတတ်သားပဲ။ ကလည်း  ကခဲ့ကြတယ်။ ဒါပေမယ့် သူ့နှလုံးသားမှာ ဂီတကို ဝါသနာပါတာတော့ မပါဘူး။ ဖေဖေ့လို ဆရာဝန် လုပ်မလားမေးတော့ ရွံတယ်တဲ့။ အနုပညာသမားပေါ့။ မြနန္ဒာ သားလေးပေါ့။ ဟုတ်သည်။ သိပြီ။ စိတ်ကို သိမ်မွေ့ယဉ်ကျေးစေရုံမက အထီးတည်းနိုင်စေသော၊ သူတကာနှင့် မရောနိုင်စေသော၊ တစ်ယောက်တည်း ဖယ်ခွာထွက်လာစေသော၊ ထိုအရာသည် သားကိုလည်း မအေလိုပင် ဝေဒနာ ခံစားရာ၌ ပြင်းပြစေဦးမည်။ အကောင်းကိုချည်း၊ အလှကိုချည်း၊ မျှော်မှန်းစေဦးမည်။ ခွင့်လွှတ်ခက်ခဲသော သဘောထားစေမည်။ စိတ်ကူးယဉ်တတ်စေဦးမည်။ ဟုတ်သည်။ သိပြီ။ ကိုကို့အပြစ် မဟုတ်။ မြနန္ဒာ၏ အမှား။ သို့သော် မြနန္ဒာ မပြုလုပ်ခဲ့ရသော အမှားသာ ရှိ၍ ထိုအမှားမှာ ကိုယ့်ကိုယ်ကိုယ် အချိန်မလွန်ခင်က ဘယ်သူမှန်း မသိခဲ့။ ဘဝ၌ ဘာလိုချင်မှန်း မသိခဲ့ခြင်းသာ ဖြစ်လေသည်။
ရာသီပွဲများ ကြုံလာလျှင် ကိုကိုနှင့် သားနှင့် လျှောက်လည်ကြ၏။ (ကားငှားပြီး ဥရောပ တောင်ပိုင်း တစ်ပိုင်းလုံး လည်ပစ်လိုက်သေး၏။) ကျော်ကြားသော အောက်တိုဘာ မြူးနစ်ပွဲတော်၌ ရောနှော ဝင်ရောက်ကာ စားသောက်မူးရူး ကြည့်သေး၏။
အထီးတည်းနိုင်သည့်စိတ်နှင့် မျက်နှာများစွာ၌ ကိုယ်နှင့်တူသော အဖော်ကို ရှာကြည့်သေး၏။ တွေ့သည့်အခါလည်း တွေ့၏။ သို့သော် အဖော် မလိုချင်ပြန်ပြီလို့ ထင်လာသည်။ ဘာသာ ကိုယ်တည်းနေတတ်လာပြီ။ လူ့ဘဝ၌ အဖန်ဖန်သေ၍ နေ့စဉ် ပြန်လည်မွေးဖွားခဲ့ရာ ညည်းညူးစရာ၊ မကျေနပ်စရာ ရယ်လို့ ရှိသေးသည် မထင်တော့။ ဘာမျှ ပြောပလောက်သည် မထင်တော့။ ပွဲတော် လူလယ်ကောင်၌ တိုးကြိတ်နေကြရင်း ကိုကို၏ တပ်မက်သော လူ့ဘဝ၌ လောဘကြီးသော မျက်လုံးများသည် မိန်းမ ကြီး ငယ်တို့၌ ၀ဲပျံလျှင် နန္ဒာသည် ဝမ်းနည်းလျက်က အပြုံးမပျက်ပင် တွဲထားသော ကိုကို့လက်ကို လွှတ်လိုက်သည်။ ကိုကိုက “နန္ဒာ နန္ဒာ” လို့ ခပ်အုပ်အုပ် ခေါ်ရင်း လူချင်းကွဲသွားမည်။ ပြီးတော့ မြနန္ဒာသည် ကလေးကို မထိခိုင်အောင် ကာကွယ်၍ လူအုပ်ပါးရာ ခေါ်လာပြီး ခဏ အမောဖြေမည်။ သစ်ပင်၊ ရေပန်း၊ ပန်းပွင့်နှင့် မီးရောင်စုံများကို ပြမည်။ ပူဖောင်းရောင်စုံ ဝယ်ပေးမည်။ ပြီးတော့ ခပ်သုတ်သုတ် အိမ်ပြန်ကြမည်။ ကိုကို နောက်တစ်နေ့မှ ပြန်လာသလား၊ ပြန်ပဲ လာသေးသလား ဆိုတာကို မစုံစမ်းတော့ချေ။
“ကိုကိုရယ်၊ သည်မှာပဲ တစ်သက်လုံး နေချင်ပါပြီ။ သည်မှာ မြနန္ဒာရဲ့ အိမ်ကို တွေ့ခဲ့ပြီ”ဟု သူ ညည်းတတ်၏။
ကဖ်ကာကို ဖတ်၏။ ဘရက်ရှ်ကို ဖတ်၏။ ဘိုးလ်ကို ဖတ်၏။  ရီလကီရဲ့ ကဗျာများကို ပီယာနိုနှင့် အသံသွင်းကြည့်၏။ ခို့အက်ခလာကို နှစ်သက်၏။ ဂျာမန် မိတ်ဆွေများကိုလည်း ခင်မင်လှ၏။ သည်မှာမှ စ၍ သူ ဘယ်လို နေထိုင်မည်လို့ သိမြင်လာသည်။
သို့သော် မြန်မာပြည်သို့ ပြန်ချိန်တန်လေပြီ။ ကိုကို ဘွဲ့တစ်ခု ရပြန်ပြီ။ ပါပါ၊ မာမာတို့က ပြန်လာစေချင်ပြီ။ ကိုကိုကလည်း ပြန်ပြီး ထိပ်သီးဆရာဝန်ကြီးအဖြစ် ခံယူရဦးမည်။ သို့သော် ယခုတလော ကိုကိုနှင့် “ချစ်”နေကြသည့် သူနာပြု ဆရာမကလေး အန်းနာ၏ ပြဿနာကို ဘယ်လို ဖြေရှင်းရမည်လဲတဲ့။ အန်းနာသည် ကလေး ရှိလေပြီ။ သားသမီး ချစ်တတ်သော ကိုကိုသည် မပြန်ခင် ကလေး မျက်နှာကိုတော့ ကြည့်ချင်သေးသည်။ ကျန်ရစ်မည့် အန်းနာသည် ကလေးကို တစ်ယောက်တည်း မွေးရဦးမည်ဆိုလျှင် ရက်စက်ရာ ကျလွန်းသည်။
ကိုကိုက ဘာမျှမပြောသော်လည်း မြနန္ဒာသည် ကိုကို့ဆေးရုံ၌ အသိမိတ်ဆွေများ ရှိသည်မို့ သတင်း စုံစေ့စွာ ရလေသည်။
ပထမဆုံး ပေါ်လာသော အတွေးမှာ သားကလေးကို နန္ဒာ တစ်ယောက်တည်း ခဲခဲယဉ်းယဉ်း မွေးရပုံဖြစ်၏။ သို့သော် စိတ်ကို ချုပ်တည်းလိုက်၏ အတိတ်နှင့် အနာဂတ်အတွက် မြနန္ဒာ အဆင်းရဲ မခံတော့။ မြနန္ဒာအဖို့ အရေးကြီးသည်မှာ လောလောဆယ် အသက်ရှူနေသော၊ မျက်တောင်ခတ်နေသော၊ အသက်ရှင်နေရေး ကိစ္စမျှ ဖြစ်သည်။
“ကိုကို ငွေ လိုသလား”ဟု မေးလိုက်၏။
ကိုကိုက အဖြေရခက်သလို မျက်နှာလည်း ပျက်ပျက်နှင့် ဘာမျှမဖြေ။
“ပါပါ့ဆီကတော့ နောက်အပတ်လာမှာပဲ။ ဘဏ်မှာလည်း ချေးနေရတော့ ထပ်ချေးလို့ မကောင်းဘူး ထင်တယ်။ နန္ဒာ့ လက်ထဲမှာတော့ သိပ်မရှိဘူး။ ဒါလေး ရောင်းပစ်လိုက်ပါလား”

မြနန္ဒာက ဘာမျှ မရည်ရွယ်ဘဲ လက်စွပ်ကို ချွတ်ပေးလိုက်မိ၏။ ထိုလက်စွပ်မှာ သူနှင့် ကိုကိုတို့ လက်ထပ်ခြင်း အထိမ်းအမှတ် ပလက်တီနမ် ကွင်းသော မျက်ရည်ပေါက်ပုံ စိန်ကွင်း မြလက်စွပ် ဖြစ်သည်။ ထိုလက်စွပ်ကို ကိုကို အမေရိကမှ ဝယ်လာသည်။ မြနန္ဒာနှင့် တစ်ခါမျှ မတော်ချေ။ မြနန္ဒာလက်ချောင်းကိုက အရွယ်ပြောင်းတတ်လား မသိ။ ပီယာနိုတီးလျှင် ကျပ်နေတတ်၍ ချွတ်ထားရ၏။ အိပ်ရာထလျှင် ချောင်ပြီးလျှောကျကာ အိပ်ရာထဲ၌ လိုက်လံ ရှာဖွေရတတ်သည်။ ကိုကိုက သူ့ကို ရွဲ့စောင်းသည်လို့ ထင်သည်။
ရွဲ့စောင်းသည် မဟုတ်ပါ။ မြက အရည်အသွေးလည်း ကောင်း၊ ဘဲဥပုံမျောမျောနှင့် အကွက်လည်း ညီပေမည့် ဘေးက စိန်များက ခပ်ပြူးပြူး မျက်ရည်ပေါက်သဏ္ဍာန် အပြင်သို့ ချွန်နေကြပြီး ကပ်လျက် လက်ချောင်းများကို ခဏ ခဏ စူးမိသည်။ ကိုကို့ကို စိတ်ဆိုးတိုင်း လက်စွပ်ကို မျက်မှောင်ကြုတ်မိတာလည်း အမှန်။ တစ်ခါက လန်ဒန် သိမ်းမြစ် နဖူးပေါ်မှာ ရပ်ပြီး ရေထဲ လွှင့်ပစ်ဖို့တောင် သူ ကြံစည်ခဲ့သေးသည်။ တကယ်တော့ မစုံမက်တော့သည့် လက်ဝတ်လက်စား တစ်ခုအနေနှင့် သူ ကိုကို့ကို ရောင်းချပစ်ဖို့ ပေးမိခြင်း ဖြစ်သည်။
ကိုကိုက လက်စွပ်ကို မယူ၊ “ပြန်ဝတ်ထားပါ”ဟုသာ ပြတ်ပြတ်ပြောပြီး သူငယ်ချင်း မိတ်ဆွေဆီက ငွေချေးသည် ထင်ပါရဲ့။ နောက်အပတ်မှာပဲ ဘဏ်တိုက်၌ ပါပါပို့သော ငွေများပြည့်လာပြီး ထိုငွေ ပြဿနာ(လက်စွပ် ပြဿနာ) ရှင်းသွားသည်။
ကိုကို့ အချစ်ဆုံး သူငယ်ချင်း ပွေဖော်ပွေဖက် ဂျူး ဆရာဝန်ကလေးကိုတော့ မြနန္ဒာက ရယ်စရာ ပြောမိသေး၏။
“ကိုကိုက အဲ့ဒါ ရှင်တို့ကို လက်စားချေတာသိလား။ ကျွန်မတို့ တိုင်းပြည်မှာ ရာဇဝင်ကြွေး ဆပ်တယ်ခေါ်တယ်။ ကျွန်မကို ကြည့်စမ်း။ မြနန္ဒာ အစစ် မဟုတ်ဘူး။ ဂျာမန်သွေး ပါတယ်။ ကျွန်မတို့ ဘိုးဘေးတစ်ယောက်ဟာ ဂျာမန် အစစ်တဲ့။ အိမ်မှာ ဓာတ်ပုံကြီး ရှိတယ်။ သေးသေးကလေးကို ပုံကြီး ချဲ့ထားလို့ သိပ်တော့ မပီသလှဘူး။ ကိုင်ဇာ နှုတ်ခမ်းမွေးဆိုလား” ကိုကိုနှင့် မိန်းမပွေဘက် ဂျူးဆရာက သဘောကျကာ “ တစ်ကမ္ဘာလုံး ဆွေမျိုးချည်းပါပဲ”ဟု ပြောသေး၏။
မြန်မာပြည်သို့ မနက်ပြန်တော့မည် ပြင်လျှင် ညပိုင်းမှာ မြနန္ဒာ တစ်မျိုး နှုတ်ဆက်ချင်သည်။ မိတ်ဆွေ အားလုံးတို့ နှုတ်ဆက်ပြီးပြီ။ နှင်းဆီပန်းများ သွားဝယ်ရင်း ပန်းရောင်းသော ကလေးမကိုပါ နှုတ်ဆက် လိုက်သေး၏။ ဂျာမန် ထုံးစံအတိုင်း နောက် ပြန်တွေ့သည့် တိုင်အောင်လို့ နှုတ်ဆက်ပြီး “နှင်းဆီ အပြာပွင့်တွေ ပေါ်တဲ့ နှစ်မှာ ကျွန်မ ပြန်လာမယ်”ဟု ရယ်စရာ ပြောခဲ့သေး၏။ (အန်းနာကိုပင် ဆေးရုံမှာ သွားကြည့်ခဲ့သည်။ အန်းနာကို သူတကာ မသိအောင် နာမည်လိမ်နှင့် သီးသန့် ဆေးရုံတစ်ခုမှာ တင်ထားရသည်။ အန်းနာ ဆိုသည်မှာ အသက်နှစ်ဆယ်ပင် ပြည့်တတ်သေးပုံ မရ။ ရိုးအပုံလည်း ရ၏။ လှလည်း မလှ။ မျက်လုံး အပြာရောင်နှင့် ရွှေရောင်ဆံပင်နှင့် ချစ်စရာတော့ ကောင်းသားဆိုရမည်။ အန်းနာ၏ ကလေးကိုတော့ မြနန္ဒာ ကြည့်နိုင်စိတ် မရှိ။ အန်းနာကို ရန်လိုစိတ် မရှိ။ တစ်လှေတည်း စီးလို့ပင် သဘောထားကာ သနားကြင်နာ လိုက်သေး၏။)
ကိုကိုနှင့် နှစ်ယောက်တည်း သားလေးတောင် မပါဘဲ ပွဲသွားကြမည်။ လက်မှတ် နှစ်စောင် ဝယ်ပြီးပြီ။ ပြီးတော့ အဆင်သင့်ရှိလျှင် ဟိုတုန်းကလို ကပွဲရုံ တစ်ခုမှာ သွားကကြမည်။
ကိုကိုက အန်းနာ ရှိရာ ဆေးရုံမှ လာခဲ့မည်။ မြနန္ဒာက ညနေစာ စားဖို့ ၇ နာရီတိတိမှာ ဇာတ်ရုံနှင့် တွဲထားသော စားသောက်ခန်းကစောင့်မည်။ ကိုကိုသည် ၇ နာရီ ထိုးလည်း မလာ။ ၇ နာရီခွဲလို့လည်း မလာ။ မြနန္ဒာသည် မှာထားသော အစားအစာများကို ဟန်လုပ်၍ စား၏။ မကြာခဏ နင်သည်ကို ဆိုဒါမျှောချရ၏။ တစ်ယောက်တည်း ညစာ စားနေသော အဖော်စောင့်ဟန်၊ အဖော်မလာဟန် သိသာလှသော မြနန္ဒာ ဖြစ်ပုံကို မျက်စောင်းထိုး စားပွဲမှ ယောကျ်ား တစ်ယောက်က စောင့်ကြည့်နေသည်ကို တွေ့ရ၏။ ဂျာမန်ပဲ ထင်ပါရဲ့။ အသားအရေ ပြေပြစ်ပြီး ဆံပင်နက်တယ်။ မိန်းမ နည်းနည်းဆန်တယ်။ လည်ပင်းမှာ တပ်တဲ့ နက်တိုင်ကလည်း အရောင်လွင်လွင်ပဲ။ ပြင်သစ်များလား။ မြနန္ဒာ သူ့ကို နောက် တစ်ခါ ကြည့်မိရင်တော့ သူ ထလာတော့မှာပဲ။ မိတ်ဖွဲ့တော့မှာပဲ။ ပျက်စီးဖို့ ဘယ်လောက် လွယ်ပါလိမ့်။ မြနန္ဒာက စိတ်နည်းနည်း လျှော့လိုက်ရင် တစ်ခါ ထပ်ကြည့်ရုံမက ပြုံးလို့တောင် ပြလိုက်နိုင်သည်။ ပြီးတော့ လက်မှတ် နှစ်စောင်နှင့် ပွဲအတူ ကြည့်လိုက်မည်။ ပြီးတော့ သူက ကော်ဖီသောက်ဖို့ ဖြစ်စေ ဖိတ်ကြားလိမ့်မည်။ ပြီးတော့...
မြနန္ဒာသည် မျက်တောင်များကို လျင်မြန်စွာ ခတ်လိုက်ရာ မျက်ရည်များ မျက်တောင်၌ ခိုကပ်ကုန်သဖြင့် စီးမကျတော့။ ပိုက်ဆံအိတ်ကို နှိုက်ပြီး နောက် ပွဲလက်မှတ်နှစ်စောင်ကို ပိုက်ဆံအိတ်ထဲမှာပင် ဆုတ်ချေပစ်လိုက်၏။ စားသောက် စာရင်း ရှင်းရန် ငွေစက္ကူ ထုတ်ပေးလိုက်ပြီး ပြန်မအမ်းခင် ခပ်သုတ်သုတ် ထလာခဲ့သည်။ လိုက်ခေါ်၍ ငွေအမ်းမည်ကို ကြောက်သဖြင့် သူခိုးပမာ ပြေးထွက်ခဲ့သည်။ ပြီးတော့ လမ်းမကြီးအတိုင်း ဘယ်လောက်ကြာကြာ လျှောက်နေမိပါလိမ့်။ ငါ ဘာလုပ်ရမလဲ။ ငါ ဘာလုပ်ရမလဲ။ ငါ ဘာမှလဲ မလုပ်တတ်ပါလား။ ဘယ်သူမှလည်း ငါ့ဘက်မှာ မရှိပါကလား။ အားငယ်လှသည့် အဆုံး၌ ကောလိပ်ရောက်မည့် နှစ်က နန္ဒာ့ကို စွဲမက်လှသည့် အိမ်ခြံကပ်လျက်က လူပျိုပေါက်စ ကလေးကို သွားသတိရ၏။ မြနန္ဒာ ကားနောက်က စက်ဘီးနှင့် တကောက်ကောက် လိုက်တတ်၏။ နားရွက်ကားကား၊ မျက်လုံး ပြူးပြူးကလေးဆိုတာပဲ မှတ်မိသည်။ အဲ့သည် ကောင်လေးပြဲဖစ်ဖြစ် ခုနေ တွေ့ရရင် ရင်ခွင်ထဲ မျက်နှာအပ်ပြီး အားရအောင် ငိုမိမည်။ အဲသည် ရုပ်ရည်တောင် ကောင်းကောင်း မမှတ်မိတော့ပြီ ဖြစ်သောလည်း မြနန္ဒာကိုတော့ ချစ်ခင်ကြင်နာမယ်လို့ ထင်ရသူကလေးကိုပဲ အားကိုးချင်လှပြီ။ မြနန္ဒာ၌ သတ္တိကုန်ပြီ ထင်သည်။ တစ်ယောက်တည်း အင်အားနှင့် ဆက်နေလို့ မရတော့ဘူး ထင်သည်။
မြနန္ဒာသည် လမ်းမကြီးအတိုင်း လျှောက်နေရာက ဘယ်လို တွေ့ပြီး ခေါက်တုံ့ခဲ့သည် မသိ။ ဇာတ်ရုံ လှေကားထစ်များသို့ ပြန်ရောက်မှ သတိရလာသည်။ ဇာတ်ရုံတွင်း၌ တီးမှုတ်နေပြီ။ သူ ဝင်ခွင့်ရတော့မည် မဟုတ်။ ဝင်လိုစိတ်လည်း မရှိ။ လေပြင်းတိုက်လာပြီး အပေါ်ရုံ သားမွေးကုတ်အကျႌ ပွင့်ထွက်လွင့်ပါးသည်ကို မနည်း ပြန်ပြီး ကြယ်သီးတပ်ရ၏။ ခေါင်းစည်းကျပ်ကျပ် ပြန်စည်းရပြန်၏။ အလှဆုံး ရွေးချယ်ကိုင်လာသော ငွေရောင်ဖိနပ်နှင့် ဆင်တူ ငွေရောင် ပိုက်ဆံအိတ်ကလေးကို အဓိပ္ပာယ်မရှိ သေသေချာချာ ကြည့်နေမိပြန်၏။
ထိုခဏ၌ ၁၂ နှစ်ရွယ် ရှိမှာပေါ့။ ကလေးတစ်ယောက်က အင်္ဂလိပ်စကား မတတ်တတတ်နှင့် ပိုက်ဆံ လာတောင်းသည်။ ပထမ အဓိပ္ပာယ် မပေါက်။ အိမ်မပြန်တတ်တာတော့ မဟုတ်ပါ။ ပိုက်ဆံ လိုချင်တာတော့ မှန်ပါလိမ့်မည်။ “သားရယ် ဘာမှ လိမ်ပြီး မပြောပါနဲ့ကွယ်”ဟု မြနန္ဒာက စတင် လိုက်၏။ “မင်းကို မုန့်ဖိုး ပေးမှာပေါ့။ အိမ်မြန်မြန်တော့ ပြန်ပေါ့နော်”ဟု ဘယ်လောက်မှန်း မသိ ပိုက်ဆံ အိတ်ထဲက ပါလာသော ငွေစက္ကူ သုံးလေးရွက်ကို ပေးလိုက်၏။ “ ဒါပေမယ့် မုန့်ဖိုးပေးလိုက်တဲ့ မိန်းမ တစ်ယောက် ကံကောင်းပါစေလို့ ဆုတောင်းပေးပါနော်”ဟု ပြောလိုက်၏။ ကလေးက ခပ်အမ်းအမ်းနှင့် ကံကောင်းပါစေဟု ချက်ချင်း ဆုတောင်း၏။ ပြီးတော့ မိမိကစ၍ ထိုသူငယ်ကလေးအဆုံး တစ်လောကလုံး၌ ရှိသမျှ အားလုံးဟာ အထီးတည်းပဲ။ အကူအညီ မဲ့ကြတယ်။ မိုက်မဲတွေဝေကြတယ်။ လူလာဖြစ်ကြတာ မှားတယ်ဟု တွေး၏။ ပြီးတော့ ကံကောင်းပါစေဟု အားလုံးကို ရည်ရွယ်၍ အရူးပမာ နှုတ်မှ ရေရွတ်ပြီး လျှောက်လာပြန်၏။ အိမ်ရောက်လို့ ရောက်မှန်း မသိ။ သားကလေးကို စောင့်သူကို ဘာပြောလိုက်၍ ဘယ်လောက် ပေးလိုက်မှန်းလည်း မသိ။ သားကလေး အိပ်ရာဘေး၌ ဒူးထောက်၍ ကလေးလက်ကို နမ်း၍ ကလေးလက်ဝါး၌ မျက်ရည်ပြည့်အောင် ဘယ်လောက်ကြာအောင် ငိုမိသည် မသိ။ ကိုကို ပြန်လာမှ သတိရ၏။

ပြီးတော့ သူတို့ ရန်ဖြစ်ကြ၏။ အဲသည်ညမှာပဲ ကိုကို သူ့ကို ရိုက်နှက်ထိုးကြိတ်သည်။ အရက်မူးသမား မယားလိုပဲ လင်ရိုက်တာ ခံရတာ။ ငါးစိမ်းသည်မလိုပဲ လင်ရိုက်တာ။ ကိုကိုက ပြော၏။ မင်းနဲ့ ငါနဲ့ ပြော၏။ “မင်းဟာ ဘဝတစ်ခုတည်းအကြောင်းပဲ စဉ်းစားတယ်။ ငါ့ဘဝကို စိတ်ဝင်စားတာ မဟုတ်ဘူး။ ငါ့ဘဝကို သာယာကွက်ကလေး တစ်ကွက်တောင် မပေးဘူး။ ငါ အမြဲ အပျော်ရှာ နေတယ်လို့သာ မင်း ထင်တယ်။ ငါ ဘယ်အချိန်မှာ စိတ်ညစ်နေတယ်။ ဒုက္ခရောက်နေတယ်ဆိုတာ မသိဘူး။ ခွဲစိတ်ခန်းထဲက သွေးသံရဲရဲနဲ့၊ ချွေးတလုံးလုံးနဲ့ ထွက်လာတာလည်း မင်းမမြင်ဖူးဘူး။ မရည်ရွယ်ပေမယ့်လည်း ငါ့ အပြစ်ကြောင့် ဖြစ်စေ၊ ငါ့ အပြစ်လုံးဝမပါဘဲ ဖြစ်စေ ခွဲစိတ်ခန်းမှာ ငါ လူသတ်မိတဲ့အခါမျိုးကို၊ မဖြစ်သင့်တာ ဖြစ်မိတဲ့အခါမျိုး မင်းသိတောင် မသိလိုက်ဘူး။ ငါ ဆောက်တည်ရာ မရလို့ ခြေဦးတည့်ရာ လျှောက်နေတဲ့ အခါမှာ ငါ အလေလိုက်နေတယ်လို့သာ မင်း ထင်တယ်။ ဘာဖြစ်လို့လဲလို့ တစ်ခွန်း မေးဖူးလား”
မြနန္ဒာသည် အံ့အားသင့်မိ၏ ဟုတ်သည်။ ကိုကိုနှင့် ရှစ်နှစ်မျှ ပေါင်းလာသည့် အချိန်အတွင်း ကိုကိုရဲ့ ဆရာဝန် အဖြစ်ကို သူ သတိမရခဲ့။ သူနဲ့ မတူသော၊ ပတ်စပ်နိုင်သော လင်ကို ယူခဲ့သည်လို့ သတိမရခဲ့။ ခွဲစိတ်ခန်းဆိုတာ ချောင်းမြောင်းလို့ပင် မကြည့်ခဲ့။ သွေးမြင်လျှင် မူးချင်သည်။ ဆေးရုံ၏ အနံ့ကို ရှူရလျှင် မူးချင်သည်။ ဆေးရုံထဲက လေကို ရှူရမှာ ရွံသည်။ ဆေးရုံ၏ အနံ့ကို ဖြူဖွေးစင်ကြယ် တောင့်တင်းခြင်းကို မခံမရပ်နိုင်။ အိမ်မှာလည်း ရေခဲသေတ္တာထဲ ကိုကို ထိုးဆေးများ လာထည့်လျှင် ရွံရှာ၍ ရန်ထောင်မြဲ။
“ကိုကို ဘာဖြစ်လို့ မပြောသလဲ”ဟုသာ မေးလိုက်၏။ ကိုကို့ကိုသာ အမြဲ အပြစ်တင်ခဲ့တာတော့ မြနန္ဒာရဲ့ အမှားပဲ ထင်ပါရဲ့။ ကိုကိုကလည်း ဆေးပညာအကြောင်း တစ်ခါမျှ မပြော။ စာအုပ်ယူခိုင်းလျှင်တောင်  “အစိမ်းရောင် စာအုပ် လက်တစ်ဝါးလောက် ထူတဲ့ဟာ မဟုတ်ဘူး။ လက်လေးလုံးလောက် ထူတဲ့ဟာ”လို့ ပြောပြတတ်၏။ စာအုပ်ပေါ်က ရှည်လျား၍ မရင်းနှီးသော စာတန်းများကို မြနန္ဒာ ကြိုးစား မဖတ်မိ။ စာအုပ်များ မတော်တဆ ပွင့်ဟနေလျှင် အမြင်မတော်ဘူးလို့ မြနန္ဒာ ထင်သည်။ မိန်းမ၊ ယောကျ်ား၊ ကလေးများ၏ ပုံကို မြင်ရတတ်၏။ သားကလေး လှန်ကြည့်မှာ စိုး၍ အမြဲသိမ်းဆည်းရ၏။ တစ်ခါက လည်ပင်း အကျိတ်ရောဂါကြောင့် မျက်လုံးကြီးပြူးထွက်နေသည့် မိန်းမ တစ်ယောက်၏ ပုံသည် မြနန္ဒာကို အိပ်ရာဝင်တိုင်း သီတင်းပတ်များစွာ ခြောက်လှန့်ခဲ့ဖူး၏။ သားကို မွေးဖွားရသော တိုက်ပွဲ၌ ကိုကို မရှိခဲ့ဘူးဟုဆိုလျှင် လူနာ့ အသက်များစွာကို လုယူရသော တိုက်ပွဲ၌ မြနန္ဒာမရှိဘူးဟု ကိုကိုကလည်း ပြောနိုင်မည်ပင်။ ကိုကိုနှင့် မြနန္ဒာသည် ကောင်းသော အဖော်များ မဟုတ်ကြ။

မြနန္ဒာသည် ကိုကို၏ ဘဝ၌ အလှထားရသော၊ အားမကိုးရသော၊ အသုံးမဝင်လှသော ပစ္စည်းမျှသာ ဖြစ်လိမ့်မည်။ သို့ပေမယ့် ကိုကိုရယ်၊ ဓလေ့ချင်း မတူတဲ့အတွက်၊ သဘောကွဲပြားတဲ့အတွက် ရိုက်နှက်ဖို့တော့ မလိုပါ။ သည်လောက် ဗိုလ်ဆန်တဲ့၊ မြန်မာ လုံချည် မဝတ်ဖူးတဲ့၊ မြန်မာစကားတင် မက ရခိုင်လို ဘယ်တော့မှ မပြောတဲ့ ကိုကိုဟာ မယားတော့ ရိုက်တတ်သားပဲ။ ဘာအကြောင်းကြောင့်နဲ့မှ လူလူချင်း မရိုက်သင့်ပါဘူးဟု ခေါင်းမာစွာ တွေးပြန်၏။
ရန်ကုန်ကို ပြန်ရောက်၍ လေး ငါးရက်ကြာမှ ပျောက်ပြယ်သည့် မျက်လုံး၌ သွေးခြည်ဥသော ဒဏ်ရာကို မာမာတို့က မေးတိုင်း လိမ်ပြောရ၏။ သားကလေး ခေါင်းဖြင့် ဆောင့်မိတာပါလို့။ မာမာက အလိုက်မသိဘဲ ကိုကို့ကို မျက်စဉ်း ခတ်ခိုင်းသေး၏။ လင်မယားနှစ်ယောက်သည် ထိုအခါမျိုးမှာ ဘယ်လိုမှန်း မသိ။ အားနာပြီး တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်မိအောင် ရှောင်နေကြရသည်။

xxx

ရန်ကုန်ပြန်ရောက်သော် မြနန္ဒာနှင့် ကိုကိုသည် ထင်ပေါ်ကျော်ကြားသော လင်မယားဖြစ်၍ ငွေလင်ပန်း၌ ထပ်ပုံနေသော ဖိတ်စာများကို နေ့စဉ်ဖတ်ကာ သွားရမည့် ပွဲကို ရွေးချယ်ကြရပြန်သည်။ အိမ်ကြီးကို ရောင်း၍ အိမ်သစ်ဆောက်သည်၌ မြနန္ဒာ အလုပ်များရပြန်သည်။ ပန်းခြံနှင့် အိမ်ကို စိတ်တိုင်ကျ ပြုပြင်ရ၏။ ခန်းဆီး၊ ကော်ဇောကအစ မြနန္ဒာ စိတ်ကြိုက်ချည်းပြင်၏။ ပန်းအိုး၊ ပန်းကန်၊ ဇွန်း၊ ခက်ရင်းက အစ စားပွဲခင်း၊ လက်သုတ်ပဝါကအစ မြနန္ဒာပါရသည်။ ဘဝတစ်ခု အသစ်ဆောက်သလို သူ့အိမ်ကို စိတ်တိုင်းကျ ဆောက်သည်။ မာမာ၊ ပါပါတို့က ချမ်းသာသမျှ မှောက်သွန်၍ ပေးခဲ့သည့် ဇာတ်လမ်း ဆုံးခန်းတိုင်လေပြီ။
မာမာ၌ လက်ဝတ်လက်စားသာ ကျန်တော့သည်။ အိမ်သစ် ဆောက်ရန် အိမ်ကြီးကို ရောင်းခဲ့သည်။ သူတို့ဘာသာ ခြံကျယ်သော်လည်း ပျဉ်ထောင်ဖြင့် ဆောက်သော အိမ်ကလေးတစ်ခု ဝယ်၍ နေကြ၏။ မာမာတို့၌ ရှိသမျှ ပစ္စည်းကို သမီးနှင့် တူသမက်အား ပုံ၍ ပေးကြသည်။ ကျေးဇူးတင်ဖွယ်ပါပဲ။ သို့ပေမယ့် သူတို့ ချစ်ပုံက တစ်မျိုးပဲ။ သူတို့ ပေးပုံက တစ်မျိုးပဲဟု တွေးမိ၏။ အေးလေ သူတို့လိုချင်ပုံက တစ်မျိုးဖြစ်လို့ ရှိမှာပေါ့ဟု စဉ်းစားမိ၏။ နန္ဒာ လိုချင်တာနဲ့မှ မတူဘဲ။ နန္ဒာ လိုချင်တာ ဘယ်သိတတ်ကြမလဲ။ ကိုကို၏ ဝင်ငွေ အလွန်ကောင်းလာ၏။ ကိုကို၌ ယောက္ခမ ငွေကို အားကိုးရခြင်းက လွတ်ကာ မာနပြည့်ဖြိုး၍ စိတ်ချမ်းသာတိုးဟန် တွေ့ရ၏။ မြနန္ဒာကို လစဉ် လိုသည်ထက် ပိုပြီး ပေးနိုင်လာ၏။ သားကို ပစ္စည်းနှင့် ငွေနှင့် ပို့ချင်ပြန်၏။ သို့သော် မြနန္ဒာ အလိုလိုက်ခြင်းကြောင့်ပဲ ထင်ပါရဲ့။ မြနန္ဒာ၏သားသည် ဘောင်းဘီတို ဝတ်ရမှာ ရှက်သည်။ ၇ နှစ် ရောက်ကတည်းက မြန်မာလုံချည် ဝတ်သည်။ တစ်ခါမျှ ဘောင်းဘီရှည် မဝတ်ဖူးတော့ချေ။ အတန်းထဲမှာ လူတိုင်း လုံချည်ဝတ်ကြသည်လို အကြောင်းပြသည်။ ပြီးတော့ သူ့အခန်းထဲမှာ ပန်းချီဆွဲနေသည်။ ၀တ္ထု၊ ကဗျာ ဖတ်နေသည်။ ပန်းချီကျောင်း တက်ချင်သည်။ ဆယ်တန်းအောင် အောင် မဖြေချင်တော့ဘူးလို့ ဆိုလာသည်။ ကျောင်းစာ မကျက်ချင်။ မြနန္ဒာကပင် ပြန်၍တင်းကျပ် လာရသည်။ ဂျာမန်နှင့် ပြင်သစ်စာကို မမေ့အောင် ကိုယ်တိုင် သင်ရသည်။ ပန်းချီဆရာ အောင်စိုးထံ ပို့ပေးမည်လို့ ဝန်ခံထားရသည်။ ကိုကိုက ဆရာဝန် ဖြစ်စေချင်တာ၊ ဖြစ်ပုံမရ၍ စိတ်ပျက်လေသည်။
အိမ်နှင့် သားကိစ္စဖြင့် အလုပ်များနေရကာ တော်တော်ကောင်းသားပဲဟု မြနန္ဒာတွေး၏။ ပိုပြီး မအားလပ်အောင် နှင်းဆီပင်များ စိုက်ပြန်၏။ သစ်ခွပင်များ စိုက်ပြန်၏။ အိမ်ရှေ့မြက်ခင်းကို ဂျပန်မြက်များဖြင့် ကော်ဇောလို ညီအောင် အကြိမ်ကြိမ် ညှိ၍စိုက်၏။ အလယ်က ဂျာမနီက ဝယ်လာသော ရေမြင်းရုပ်ကလေးဖြင့် ရေပန်း၊ ရေကန် သေးသေးသွယ်သွယ်ကလေး တည်၏။ ကျောက်ဥယျာဉ်ကို တစ်ထောင့်၌ ပြင်ဆင်ရသေး၏။ အိမ်ဘေး၌ သင်္ဘောပင်များ စီစိုက်ပြီး အိမ်နောက်၌ ဝက်မလွတ် အုန်းပင်၊ မိုးအုပ်သော နေဇာမြက်ခင်း ဖြစ်စေကာ သံပန်း ကြိမ်ခက် ပက်လက်ကုလားထိုင်များ၊ ခွာညိုပန်း ပေါင်းမိုးများဖြင့် ဒန်းဆင်သည်။ ရင်းနှီးသော မိတ်ဆွေများကို အုန်းလက်များအောက်မှာ ဆောင်းရာသီ၌ တရုတ်အိုးပူဖြင့် ဧည့်ခံနိုင်သည်။ ခရစ်စမတ်ကျလျှင်တော့ အိမ်ရှေ့မြက်ခင်း၌ အားးငယ်လှသော မီးပွင့်ပြာကလေးများဖြင့်သာ ထင်းရှူးပင်များ၌ ချိတ်ဆွဲထွန်းညှိ၍ ဖယောင်းတိုင်စိုက်သော စားပွဲများခင်း၍ ဧည့်ခံမည်။ နိုင်ငံခြားသား ဧည့်သည်များကိုတော့ သင်ဖြူးခန်းလုံးပြည့်ခင်းသော စောင်းကောက်၊ ပတ္တလား၊ ငွေယွန်းထည်တို့ဖြင့် အလှပြင်သည့် မြန်မာခန်း၌ ကြာဆံကြီးခေါက်ဆွဲဖြင့် ဧည့်ခံမည်။ (သားက ပတ္တလား တီးတတ်ပြီ၊ စောင်းကောက်ကတော့ အလှဝယ်ထားခြင်းသာ ဖြစ်သည်။)
ပီယာနို၊ ဓာတ်ပြားဖြင့် လူ့ဘဝ၌ အချိန်များစွာ ကုန်ဆုံးနိုင်၏။ ပြီးတော့ စီးကရက် တစ်လိပ်ပြီး တစ်လိပ် ဖွာနေနိုင်၏။ မြနန္ဒာ လက်ညှိုးနှင့် လက်ခလယ်မှာ ဝါညို၍နေသည်။ ရှန်ပိန် မလိုတော့ချေ။ သတိမလစ်တလစ်အနေမျိုး အလို မရှိတော့။ မလိုတော့။ သတိရှိရှိဖြင့် အပြုံးမပျက်ပင် မြင်လာသမျှကို ကြည့်တတ်ပြီ။ ခံယူတတ်ပြီ။ သားကို ကောလိပ်သို့ ပိုရသည့် နှစ်မှာ သမီးလေး မွေးဖွားခဲ့၏။ လိုလိုချင်ချင်ပင် မွေးဖွားခဲ့၏။ အဲသည်တုန်းက သားကလေး ကြီးသွားသဖြင့် ဟာနေသော ရင်ခွင်၌ ကလေးတစ်ယောက်ထည့်ထားချင်၏။ မာမာ၊ ပါပါက သဘောမကျ။ သူတို့ဝါဒီက တစ်ဦးတည်းသော သားဆိုတာမျိုး ဖြစ်သေးသည်။ ဒါမှ စည်းစိမ်ချမ်းသာကို ဘယ်သူနှင့်မျှ ခွဲဝေစရာ မလိုဘဲ ရနိုင်မည်။ သားသမီး ဆိုတာကအစ သူတို့အဖို့ စီမံကိန်းတစ်ရပ် ဖြစ်သည်။
“တကယ်တော့ နန္ဒာလေ ဒါဇင်ဝက်လောက် လိုချင်တာ။ ခု အသက်ကြီး သွားလို့၊ မမွေးဝံ့တော့လို့။ ခုသွေးတိုးလည်း နည်းနည်း ဖြစ်ချင်ပြီ မာမာရဲ့”ဟု အမြဲ ပြောကာ တိတ်ဆိတ်သွားသော မိဘတို့ကို ကြည့်၍ ရယ်မောပစ်လိုက်ပြန်၏။ ပြီးတော့ အရေတွန့်လာသော၊ ဆံပင်ဖြူဖွေး ပါးကျဲသော မိဘတို့ကို သနား၏။ ခွင့်လွှတ်ချင်၏။ ပါပါ မြန်မာလုံချည် ဝတ်စပြုသည်ကို အံ့သြပြန်၏။
ဘာဆိုလို့ ဘာမှ လုပ်စရာ မရှိတော့ဟု သူ ထင်လျှင်တော့ မြနန္ဒာတစ်ယောက်တည်းကို သုံးဖို့ ကိုကိုဝယ်ပေးသည့် ဗောက်ဝက်ဂွန်ကားကလေးကို လမ်းဖြူးဖြူး၌ မောင်း၏။ ပဲခူးဘက်သို့ ခဏ ခဏ မောင်း၏။ တစ်ခါတစ်ရံ မြန်ဆန်စွာ မသိလိုက် မသိသာ မောင်းမိလျှင် သတိရကာ အရှိန်လျှော့ရ၏။ မြန်မြန် သွားသည်ဖြစ်စေ၊ နှေးနှေး သွားသည် ဖြစ်စေ သင်္ချိုင်းဆိုတာက တစ်နေ့ ရောက်မှာပဲဟု ပြောမိ၏။ ပြီးတော့ သမီးလေး ငယ်သေးသည်။

ဖဲရိုက်လည်း ကောင်းစွာ တတ်လာသည်။ ကိုကိုက မကြိုက်။ ကိုကိုလည်း တစ်ချပ်မှောက်တတ်၏။ သို့သော် စိတ်မရှည်။ အားလည်း မအား။ ကိုကိုသည် မအားလပ်နိုင်အောင် နေထိုင် အသက်ရှင်ကောင်းဆဲပင်။ ကိုကို့၌ တိတိလင်းလင်း ယူထားသော မယားနှစ်ယောက် ရှိသေးသည်။ တစ်ယောက်က အစိမ်းဝတ် ကရင် သူနာပြု ဆရာမဖြစ်၍ နောက်တစ်ယောက်က တရုတ်ကပြား ကျောင်းဆရာမ ငယ်ငယ်ချောချောကလေး ဖြစ်သည်။ ရုံးတက် လက်ထပ်ကြသည်တဲ့။ မြနန္ဒာ အဲဒီတလောက ဖဲချည်း ရိုက်နေတာ တော်တော် ရှုံးနေသဖြင့် ကိုကို့ကို ရန်တောင် မဖြစ်ဝံ့။ ကိုကိုက ဖဲရိုက်ဖို့ဆိုပြီး ငွေပိုပေးသည်ကိုပင် ကျေးဇူးတင်ရသေး၏။ မာမာနှင့် ပါပါက ဆူပူသည်။ မြနန္ဒာကို အဖိုးတန်အောင် မနေဘူးလို့တောင် ဆိုရက်ကြသည်။ သို့ပေမယ့် နေပါဦး။ မြနန္ဒာက ဘာတွေများ အဖိုးတန်နေလို့လဲ။ လှလိုက်တာနဲ့ ပိုက်ဆံရှိတာက လွဲလို့ ဘာမှ မကြွယ်ဝတဲ့၊ အဖိုးမတန်တဲ့ နန္ဒာပါ။
မြနန္ဒာ စိန်ရွှေဝတ်လို့၊ ဥရောပဖြစ် ဘရိုကိတ်နှင့် ရွှေခြည်ငွေခြည် ပုလဲထိုး ဝတ်လို့၊ ပွဲထိုင်ကို လင်နဲ့တွဲလို့ ဖြစ်စေ၊ အခါများစွာပင် ကိုကို မလိုက်၍ တစ်ယောက်တည်းဖြစ်စေ၊ သွားသည့်အခါ ကိုယ့်ကိုယ်ကိုယ် အဖိုးတန်လှပြီ ထင်သလား။ အဲဒီ ပွဲထိုင်မှာ သီချင်းဆိုဖို့ လာသော မိန်းကလေးများကို အားကျခဲ့သည်။ မနာလိုခဲ့သည်။ ချီးမွမ်းမိသည်။ သူတို့ဟာ မြနန္ဒာထက် လိမ္မာပါးနပ်ကြသော၊ သိမြင်ကြသော၊ သတ္တိရှိကြသော သူများ ဖြစ်သည်လို့ ထင်သည်။ ဖြစ်နိုင်သေးလျှင် ဘဝချင်း လဲလိုက်ချင်သေးသည်။

တစ်ခါတုန်းက မှတ်မိသေးတာပေါ့။ ညစာစားပွဲ တစ်ခုမှာ ဂီတဆရာငြိမ်းကို ဆုံတွေ့ခဲ့ရတာ သတိရ၏။ ငြိမ်းရဲ့ သီချင်းတွေ ကြိုက်လှ၏။ (ယခု မြနန္ဒာသည် မြန်မာသီချင်းကြီးများကိုလည်း တီးခတ်တတ်ပြီ။) ရိုသေကျိုးနွံစွာ ပေါင်းသင်းဆက်ဆံချင်လှ၏။ ထမင်းစားပွဲမှာတော့ ငြိမ်းက သူ့တစ်ဝက်မျှ တန်ဖိုးမရှိဟု နန္ဒာ ထင်သော ဝတ်စားမော်ကြွားလာသူတွေ အရက်သောက်ကြ၊ ညစာစားကြသည်ဖြင့် မလှမ်းမကမ်းက ချောင်တစ်ချောင်မှာ တီးမှုတ်ဖျော်ဖြေနေသည်။ ဘယ်လောက် မခံချင်စရာ ကောင်းလိုက်ပါလိမ့်။ ငယ်ငယ်က ညစာစားပွဲများ အိမ်မှာ လုပ်လျှင် ပီယာနို တီးပြရတာကို သတိရပြီး အရှက်ကြီး ရှက်မိ၏။ ဘယ်သူမှလည်း သူ့ဂီတကို ရိုသေမည့်သူ ပါမည်မထင်။ နားထောင်ချင်ယောင်ဆောင်ပြီး အားနာဟန်ဖြင့်သာ စကားတိုးတိုး ပြောကြ၊ ခပ်ကျယ်ကျယ် ရယ်လိုက်ကြ လုပ်နေ၏။ မြနန္ဒာ တစ်ယောက်တည်းပဲ အပြစ်ရှိသည်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ပြီး အနေကျုံ့လှ၏။ ရှက်မောလှ၏။ ငြိမ်း၏ အပါးမှာ ကျံု့ကျံု့သွားထိုင်လိုက်ချင်၏။ နန္ဒာ့ထက်ကြီးသူမို့ သူ့ဂီတကို ကြည်ညိုသောအားဖြင့် ကန်တော့တောင် ကန်တော့လိုက်ချင်၏။ သို့သော် လူ့ဘဝမှာ လုပ်ချင်တာ ဘာရှိသည် ဆိုတာကို တွေးတောခွင့်မရခဲ့။ လွတ်လွတ်လပ်လပ် မလုပ်ခဲ့ရသူမို့ သည်တိုင်းပင် အရက်သောက်၊ ညစာစားပြီး စီးကရက်သောက်၊ စကားပြောနေသူများနှင့် ရောနေလိုက်၏။ နောက် နှစ်လ သုံးလကြာမှ ငြိမ်း သူ့ကိုယ်သူ သတ်သေသည်ဆိုတာ သတင်းစာ၌ ဖတ်ရ၏။ သူ သတ်သေတာ နန္ဒာ အပြစ်လည်း ပါသည်။
အသက် ၄၀ ပြည့်သည့်နေ့ကတော့ ရွှေတိဂုံသို့ သမီးရော သားပါ ခေါ်၍တက်ခဲ့၏။ ပန်းများစွာ ဝယ်၍ ပန်းအိုး၌ ထိုး၏။ အိမ်မှာ ပုံသွင်း ကျိုချက်သော ဖယောင်းတိုင် ရောင်စုံများ စီ၍ “ မြနန္ဒာ”ဟု စာလုံး ပုံဖော်ကာ ထွန်း၏။ (ဘုရားတော့ မကန်တော့မိ)။ သည်တစ်ခါပဲ ကိုယ့်နာမည်ကို အရေးတယူ ပြုဖူးသည်။ အရေးတယူပြုတယ်လို့လည်း မဟုတ်ပါဘူး။ ၀တ္ထုတစ်ပုဒ်ရဲ့ နာမည်ကို ဖတ်သလိုပါပဲ။ ဒိုင်ယာရီ၌ “မှတ်ချက်အထွေအထူးမရှိ”ဟုသာ ရေးခဲ့၏။ လူ့ဘဝ၌ တစ်ဖန် သေခဲ့ပြန်ပြီ။ တစ်ဖန် မွေးဖွားဦးမည်လား။ တစ်နေ့စီ နည်းနည်းချင်း သေသွားဖို့ရာသာ ရှိတော့သည် ထင်ပါရဲ့။ သည်တော့မှ နေ့စဉ် ဆက်လက်နေထိုင်လို့ ကောင်းသည်။ ရုပ်နာမ်ချုပ်ငြိမ်းသည့်နေ့၌  ဣန္ဒြေရလိမ့်မည်။ အင်မတန် ချစ်ရသော သားနှင့် သမီးကို အပြုံးမပျက် ထားခဲ့ရလေမည်။ ကိုကိုနှင့် မိဘတို့ကို ခွင့်လွှတ် နှုတ်ဆက်ခဲ့ရလေမည်။ သို့သော် ဆံပင်တစ်ချောင်းပင် မဖြူသေး။ အသားအရေများ ပြည့်တင်း စိုပြည်မြဲ၊ ရေကူးလို့ မောရမှန်း မသိ။ ကူးလို့ ကောင်းမြဲ၊ မြနန္ဒာကို ယောကျ်ားများ တပ်မက်မောဆဲ။ ငယ်ရွယ်သော မောင်အရွယ်၊ တူအရွယ်များကပင် သူ့ကို စုံမက်ကြသေး၏။ အသက် ၃၀ အောက်လို့ ထင်ကြ ပြောကြ၏။ သားနှင့်အတူသွားလျှင် မောင်နှမလို့ ထင်ကြ၏။ ဆံပင်ဖြူသဖြင့် ဆိုးဆေးမပြတ် ဆိုးနေရသော ကိုကိုက မနာလို ဖြစ်သေး၏။
မှတ်ချက် အထွေအထူးမရှိတာတော့ အမှန်ပင်။ ဘယ်နှနှစ် ပေါင်းစုမိသည်ဖြစ်စေ၊ မြနန္ဒာသည် သည်အရွယ် သည်စိတ်သာ ရှိမြဲရှိသည်။ ငြိမ်းချမ်းခြင်းကိုတော့ တစ်နေ့ထက် တစ်နေ့ တွေ့ရှိလာတာ အမှန်ပင်။ နန္ဒာက မိမိရဲ့ နှလုံးနွေးပူတတ်ခြင်းသည် ဒုက္ခ ရှိသည်လို့ ပြော၏။ ပါပါက “မြနန္ဒာ ငယ်ငယ်က သိပ်စကားများတာ။ ခု ဘယ်လို တိတ်ဆိတ်မှန်း မသိဘူး”ဟု ပြော၏။ သို့သော် သမီးလေးနှင့်တော့ အတောမသတ်အောင် ပြောချင်သည်။
“သမီး မြသီတာ၊ ကြီးလာရင် ဘာလုပ်မလဲ” ဆိုလျှင်...
“ဆရာဝန်ကြီး လုပ်မယ်”
မြနန္ဒာသည် ရင်ထဲထိတ်ခနဲ  ဖြစ်၏။ သို့ပေမည့် သမီး မြသီတာက သူ့ကံကို သူ စီမံနိုင်ရမည်။
“သမီး သီချင်း မဆိုချင်ဘူးလားကွယ်။ ဟိုတလောက ရတဲ့ ကဗျာကလေး ဆိုပြပါဦး”
သည်လိုဆိုတော့လည်း ကျကျနန ရွတ်ပြသည်။ အိမ်ထောင်ကျကာ သားသမီး များများ ရနေပြီလို့ သတင်းကြားရတဲ့ လင်းထင်ရဲ့ ကလေးကဗျာများကို မြသီတာ ရတတ်ပြီ။

မေမႊးထုံ မေမႊးထုံ
ပါးကွက်ကြားနဲ့ နပ်ခါးမှုန်။
မမွှေးထုံ ဘာကြောင့်မွှေး
ရှင်တောင်နပ်ခါး လိမ်းလို့မွှေး။

မေမႊးထုံ မေမႊးထုံ
စံပယ်ကုံးနဲ့ ဆံထုံးပုံ၊
မမွှေးထုံ ဘာကြောင့်မွှေး
တောစံပယ်လေး ပန်လို့မွှေး။

မေမႊးထုံ မေမႊးထုံ
နှုတ်ခမ်းပါးနဲ့ ကွမ်းဝါးငုံ၊
မမွှေးထုံ ဘာကြောင့်မွှေး
စမုံကွမ်းအေး ဝါးလို့မွှေး။

မေမႊးထုံ မေမႊးထုံ
နှုတ်ချိုအေးတဲ့ မမွှေးထုံ၊
မမွှေးထုံ ဘာကြောင့်မွှေး
လိမ္မာခြားရေး၊ သတင်းပြေး
သမီးမြကျေး၊ ကြာညိုသွေး
စိတ်သည်ကြည်လို့ နာမည်မွှေး... တဲ့။

“ဘာဖြစ်လို့ ဆရာဝန် လုပ်ချင်တာလဲ”လို့ မေးလျှင်တော့...
“မာမာ့ခြေမကြီး ရောင်နေတာ ဖြတ်ပေးချင်လို့” မာမာ့၌ ဂေါက်ခေါ် အဆစ်ရောင်ရောဂါ ရှိလေရာ နာလွန်း၍ အော်ရ၊ ဆေးသောက်ရ။ ထိုးရ၊ ဖျားနာ မဆုံးရသည်ကို မြသီတာ မကျေနပ်ဘူး ထင်သည်။
မြသီတာကို ဆရာဝန် မဖြစ်စေချင်ပေ။ သို့ပေမယ့် မြသီတာသည် ပီယာနို တီးရတာ ကြိုက်သော်လည်း ဖေဖေ့ နားကြပ်ဖြင့် ဆရာဝန် လုပ်တမ်း ကစားရတာကို ပိုကြိုက်၏။ အိမ်သားများရဲ့ နှလုံးခုန်သံကို ကလေးမက လိုက်လံ နားထောင်တတ်၏။ စာလည်း အင်မတန်တော်သည်။ ကျောင်းမထားခင် အိမ်မှာ ဆရာမဖြင့် သင်နေဆဲ စာကောင်းစွာ ဖတ်တတ်သည်။ အတွက်အချက် တတ်သည်။ အင်္ဂလိပ်စကား အမြဲ ပြောချင်သည်။ ဂျာမန်၊ ပြင်သစ်လည်း နားရည်ဝကာ နားလည်နေသည်။
ကောင်းပြီ။ မြသီတာ ဖြစ်ချင်တာ ဖြစ်စေရမည်ဟု နန္ဒာက ကတိပေးလိုက်၏။
လူ့ဘဝ၌ တစ်ခုတော့ မကျေနပ်သေး။ မာမာ၊ ပါပါတို့ တနင်္ဂနွေတိုင်း ကိုကိုနှင့် ညစာ လာစားကြတာကို မကျေနပ်။ သူတို့၏ စည်းစိမ်နှင့် သမီးပေး၍ မြှောက်စားလိုက်သော တူသမက်သည် ဘယ်လိုနေနေ၊ မြနန္ဒာ၏ ဘဝကို ဘယ်လို နှောက်နှောက် သူတို့ အစီအမံသည် မှန်ကန်မြဲ မှန်ကန်သည်လို့ ဆိုချင်တဲ့သဘောလို့ မြနန္ဒာထင်၏။
ဘာလုပ်နေနေ တင့်တယ်သော အစ်ကိုလင်ကို ကောင်းချီး ပေးကြဖို့ပေါ့။ တနင်္ဂနွေနေ့မှာ လာကြမြဲ။ ဘာမျှ အပြစ်ပြောစရာ မရှိသလို ချိုပြုံး စကားပြောကြားဦးမည်။ မြနန္ဒာသည် အိမ်ရှင်မပီပီ တစ်အိမ်လုံးကို ပြင်ဆင်သည်။ နှင်းဆီပန်း ရနံ့များဖြင့် ကြိုင်လှိုင်စေသည်။ မာမာ၊ ပါပါတို့၏ ဇာတ်ထုပ်ရည် ၀နေအောင် တိုက်ထားသော ထမင်းစားပွဲ ဇာတ်ထုပ်၌တော့ မြနန္ဒာ မပါဝင်ပါ။ ပါပါ၏ ယဉ်ကျေးဖွယ်ရာအဖြစ်၊ ကိုကို ခွဲစိတ်ကုသသည့် ပညာအကြောင်း၊ အစာအိမ် အနာပေါက်သည်ကို ဘယ်လောက် သေးငယ်သည် မျိုချရသော ရောင်စုံကင်မရာဖြင့် ရိုက်နိုင်သည့်အကြောင်း မေးမြန်းဆွေးနွေးဟန်ကို မနာခံနိုင်။ ကိုကိုက ပါပါရဲ့ ဗုဒ္ဓအဘိဓမ္မာ အကြောင်းသော်လည်းကောင်း၊ ဇာတိကို ဘယ်လို ဖြတ်နိုင်မည် ထင်ကြောင်း၊ မာမာရဲ့ ခြေမ ရောင်ရမ်းခြင်းအကြောင်းသော်လည်းကောင်း ကျကျနန ပြန်လည် ဆွေးနွေးဦးမည်။ မြနန္ဒာပါလျှင်လည်း ပြောစရာ မရှိပါ။ မြနန္ဒာနှင့် ဘာသာစကားချင်းတူကြသည် မဟုတ်။ ပိုပြီးမှန်တာက မြနန္ဒာ ပြောချင်သည့် အကြောင်းများစွာကို သူတို့ နားထောင်မည် မဟုတ်ပါ။
ထို့ကြောင့် ဖဲမရိုက်တာ ကြာပြီဖြစ်သော်လည်း အိမ်နှင့် နီးသော ဝင်ဒါမီယာက ဦးသန်းတင့် အိမ်သို့ တနင်္ဂနွေနေ့တိုင်း သွားရသည်။ ကိုးနာရီ ထိုးမှ ပြန်ရသည်။ မိဘနှစ်ပါးက ဆယ့်တစ်နာရီလောက်မှ ပြန်လေ့ရှိတော့ နှစ်နာရီမျှ တွေ့ရသည်။ တော်ရောပေါ့။

xxx

စိတ်မပါဘဲ လေလွင့် ဝင်ရောက်ခဲ့သော် ခါတိုင်းလိုပင် ဖဲဝိုင်းစနေပြီဆိုတာ တွေ့ရ၏။ မြနန္ဒာ ငြူစူမြဲ၊ ဒေါ်ယုယုခင်၏ ကြမ်းတမ်းသော ရုပ်ရည် စိတ်ထားနှင့် စကားသံတို့ကို သည်းခံရဦးမည်။ မာနကင်းမဲ့သော ဦးသန်းတင့်၏ ခိုးကြောင်ခိုးဝှက် တပ်မက်သော အကြည့်ကိုလည်း သည်းခံရဦးမည်။ ကိုကို့လိုပင် မိန်းမ လိုက်စားရာ၌ နာမည်ကျော်ကြားသော သူဌေးကလေး ကိုလှဦးကိုမူ ဒေါ်ယုယုခင်လိုပင် စိတ်အနှောင့်အယှက် ဖြစ်စေသော ရိုင်းပျမှု ရှိသူလို့ ထင်၏။ ကိုကို့အတွက် ဝဋ်ခံရခြင်းလို့ ထင်၏။ ရိုင်းပျခြင်းကို မြနန္ဒာ ဘယ်လို ဆက်ဆံရမည် မသိခဲ့။ အပြုံးမပျက် သည်းခံခြင်းပင် မမှားဘူးထင်၏။
ဒေါက်တာ ခင်အေးရီကို ခင်မင်နှစ်လို၏။ ကိုကို အင်မတန် ချီးမွမ်းသော ဆရာဝန်မ ဖြစ်သည်။ ကိုကို့ လက်အောက်မှာ လုပ်ဖူးသေးသည် ထင်သည်။ လူ့ဘဝ၌ အဓိပ္ပာယ်ရှိရှိ နေသော၊ ဘာလိုချင်ရမှန်း သိ၍ လိုချင်တာကို ရအောင် ယူတတ်သော မိန်းမပေပဲ။ လင်းကို ရအောင်ယူတာလည်း သတ္တိ ရှိလို့ပေါ့။ သူ့လမ်းကို သူထွင်သူ၊ မြနန္ဒာလို ကော်ဇောခင်းထားသော လမ်းမှ လျှောက်ဝံ့သူ မဟုတ်။
လင်းထင် သူနဲ့ နှစ်ပေါင်းများစွာ ကွဲသွားပြီး ပြန်တွေ့တော့ စိမ်း မသွားဘဲ နှစ်လိုခင်မင်လျက် ရှိသေးသည်။
သူကတော့ ငယ်ငယ်က ဘယ်လို မြနန္ဒာဆိုတဲ့၊ လူတိုင်း ပိုးပန်းဖူးတဲ့ မိန်းကလေး တစ်ယောက်ကို ရောနှောရောင်ရမ်း ပိုးပန်းခဲ့ဖူးတဲ့ အကြောင်း သူ့ မိန်းမကို ပြောနေမှာပဲ။
ရယ်မောစရာတော့ လုပ်မယ် မထင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ လင်းရဲ့ ကဗျာများဟာ ရယ်မောစရာမှ မဟုတ်တာ။ သူ့ကဗျာများကို မြနန္ဒာ ရခဲ့ဖူးတာလည်း အမှန်၊ ယခု ပြန်တွေ့တော့ ခင်မြဲ၊ နှစ်လိုမြဲ၊ စကားပြောလို့ ကောင်းမြဲ။
သို့ပေမည့် ဘဝများစွာကို လျင်မြန်စွာ ဖြတ်သန်းဝင်စားခဲ့ပြီလို့ ခံစားရသည်။
မြနန္ဒာအဖို့တော့ အင်းလျားမှ တစ်မနက်ခင်းလုံး နေ့စဉ်လိုလို အတူ ထိုင်ခဲ့ကြတာ၊ စကားပြောခဲ့ကြတာ၊ လှေလှော်ခဲ့ကြတာကို သဘောလောက်သာ မှတ်မိတော့သည်။
ကုန်ဆုံးသွားသော တစ်ဘဝပါပဲ။ သတိရသည့်အခါ ရဆဲ။
လွမ်းစရာ အိပ်မက်ပါပဲ လင်းထင်။
နှမမြနန္ဒာရဲ့ မောင်လေး လင်းထင်။
ယဉ်ကျေးလေ့ရှိသည့်အတွက် နေရာက ထပေးလိုက်သည့် ပန်းချီဆရာ ကိုတင်မောင်ရဲ့ ပန်းချီကား များစွာကို မြင်ခဲ့ဖူး၏။ အမေရိကန်မကြီး မစ္စအက်ဗော့ရဲ့ အိမ်မှာ ပန်းချီဆရာ၏ တစ်လက်ရာပြပွဲကို ကြည့်ခဲ့ရ၏။
မှောင်မိုက်သည့် တောအုပ်ဝက မီးတိုင်ကလေး ထွန်းညှိထားသည့် ကားချပ်ဝယ်ဖို့ ကြံစည်ခဲ့၏။ သူများ ဝယ်သွားနှင့်ပြီမို့ ဆုံးရှုံးလိုက်ရ၏။ ပုဂံဆိုသော ကားချပ်ကို ဝယ်ခဲ့ရ၏။ သားကို လက်ဆောင်ပေးလိုက်ရာ သားက ဘော်ဒါဆောင် အိပ်ရာခေါင်းရင်းမှာ ချိတ်ထားပြီး အမြဲကြည့်နေမိတယ်။ “စိတ်သိပ်ချမ်းသာစေတဲ့ ပုဂံပဲ မေမေ”လို့ စာရေးလိုက်၏။
လှေကားထစ်မှာ ထိုင်နေသော ဘင်္ဂါလီမလေး၏။ ခေါင်းပုံကိုလည်း သဘောကျသေး၏။ ပရော်ဖက်ဆာ လှငွေ ဝယ်သွားသည်လို့ဆိုတော့ ခင်မင်သူမို့ အတင်းလိုက်တောင်းဦးမည် စိတ်ကူး၏။
နောက်တော့လည်း ကိုယ့်စိတ်ကို ဆုံးမပြီး လိုချင်တာ မရဘဲ နေတတ်လိုက်သည်။ ကိုတင်မောင်နှင့် တွေ့ဆုံ စကားပြောဦးမည်။ အိမ်သို့ လက်ဖက်ရည်သောက်က စ၍ ဖိတ်ကြားဦးမည်။
ကိုတင်မောင်၏ မျက်လုံးများ၌ အရာရာကို မှန်ကန်စွာ သိမြင်တတ်သော သဏ္ဍာန်ကို တွေ့၏။ ရိုးဖြောင့်ခြင်း၊ ဖြူစင်ခြင်းကို တွေ့၏။ ကြင်နာတတ်ခြင်းကို တွေ့၏။
ယောကျ်ားတကာ၏ အပေါ်ယံ အလှသာ စုံမက်တတ်သော မိန်းမဖြစ်သည့်အတွက် ကာမကျူးလွန်လိုသော၊ သည်ထက်ပို၍ မြနန္ဒာ၌ စိတ်မဝင်စားသော စိတ်ထားများကိုသာ မကြာခဏ တွေ့ဆုံရသည့် မြနန္ဒာကတော့ ပန်းချီဆရာသည် မိမိကို လူအဖြစ်၊ ဘဝပြယုဂ်အဖြစ် မြင်လိမ့်မည်ဟု သိရတာ ဝမ်းသာစရာ ကောင်းလှ၏။
အမှန်တရားကို ခြယ်သမြဲ ခြယ်သချင်လိမ့်မည်။ သူတကာကိုတော့ ကျေနပ်အောင် ရှင်းလင်းရန် လာသည် မဟုတ်။
ပန်းချီဆရာကိုတော့ မြနန္ဒာသည် သူတို့နှစ်ဦး ကောင်းစွာ နားလည်သည့် ဘာသာစကားဖြင့် ပြောစရာ ရှိပြန်သည်။ ပြောပြချင်သေးသည်။
သည်လိုဆိုတော့လည်း အသစ်တစ်ဖန် မွေးဖွားဖို့ မပျင်းရိတော့ချေ။

xxx 

(ကြည်အေး)

မှတ်ချက် - ဒုတိယအကြိမ် (ပန်းရွှေပြည်စာအုပ်တိုက် ) ၊ တတိယအကြိမ် (Comet Books) ၊ စတုတ္ထအကြိမ် (စိတ်ကူးချိုချိုစာအုပ်တိုက်) များမှ ပြန်လည်ပုံနှိုပ်ထုတ်ဝေရာတွင် စာပေစိစစ်ရေးကြောင့်ဖြတ်တောက်ခံရသည့် စာသားများကို မူရင်း ပထမအကြိမ်အတိုင်းပြန်လည်ရှာဖွေထည့်သွင်းထားပါသည် ။

[ကျေးဇူးစကား X မောင် ကိုကို နှင့် မြနန္ဒာ အတွက် အလုပ်များသည့်ကြားက အားထုတ်ပေးခဲ့ကြသော မစန္ဒာလှိုင် မြတ်သန္တာ ညို တို့အား အထူး ကျေးဇူးတင်ရှိပါသည်။] 
source: http://kyiaye-literature.blogspot.com.au/2012/10/blog-post_3296.html ...