ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေ by ဒီဇိုင်း မျိုးဆွေသန်း
အဖေဆုံးတာ ၂၀၁၃ ခရစ္စမတ်အကြို
ဒီဇင်ဘာ ၂၄ ညက ဆိုတော့ ၄ နှစ်ပြည့်ပြီ။
သားတွေအားလုံးက အချိန်တန်အရွယ်ရောက်ရင် ကိုယ့်ကိုယ်ကို
ဖခင်ထက်မြတ်တဲ့အရာတွေ လုပ်နေတယ်လို့ အထင်ရောက်စမြဲ
ဖြစ်ကြတဲ့အထဲ ကိုယ်လည်းပါလို့ ဖခင်သေဆုံးပြီ ဆိုတာနဲ့ သွားပြီ၊
ပျက်ကွက်မှုတွေနဲ့ သင်ကြားစရာတွေက ကျန်ခဲ့ပြီဆိုတာက အရင်
ခေါင်းထဲရောက်တော့တာပဲ။
အဖေက ဆားလင်းကြီးမှာ ညကိုးနာရီဆယ့်ငါးမှာဆုံးတော့ ကိုယ်က
ရန်ကုန်မှာ၊ အမေက မင်းလာမယ်ဆိုလာလိုက်တော့ မင့်အဖေတော့
အခြေအနေမကောင်းလှဖူး၊ အအေးလှိုင်းလည်းဖြတ်နေတော့ ရာသီ
ဥတုကလည်း ပြင်းတယ်တဲ့၊ အမေက တော်တော်ကိစ္စဖုန်းဆက်လေ့
မရှိတော့ ဒါဆိုရင်သိပါပြီ၊ ပြီးခဲ့တဲ့လကလည်း အဖေနေမကောင်းလို့
သူ့အနား တစ်လသွားနေပြီးပြီ၊ နောက်လကြရင်ပြန်လာခဲ့မယ်ပြောပြီး
ပြန်သွားဖို့ပြင်ရင်းကားပြင်နေလို့ ဒီနေ့ နက်ဖန်လာပြီလို့လည်း ပြော
ထားပြီးသားပါ။
ညီဖြစ်သူက သူလည်းလိုက်မယ်ဆိုလို့ သူ့အခန်းသွားခေါ်ပြီး ၄၆လမ်း
ပေါ်ကနေ အနော်ရထာလမ်းပေါ် တက်တက်ခြင်းပဲ အဖေအခုပဲ ဆုံး
သွားပြီလို့ ဖုန်းဆက်လာတော့တာပဲ၊ အဖေသေဆုံးပုံပြောပါဆိုတော့
အိပ်ယာပေါ်လှဲပေးတဲ့ သားအလတ်ဖြစ်သူရဲ့ ခေါင်းကို နမ်းပြီး ခေါင်း
အုံးပေါ် ခေါင်းချတာနဲ့ လက်အုပ်လေးချီပြီး မျက်လုံးလေးမှိတ်ထားရင်း
သေဆုံးသွားတယ်၊ သေဆုံးပြီး လက်အုပ်ချီထားတဲ့ လက်ကို အတော်
ဖြုတ်ယူရတယ်တဲ့၊ ဒါဆို အဖေသတိလက်လွတ် သေဆုံးတာမဟုတ်
လို့ ကျေနပ်တယ်၊ ကျွန်တော်တို့ ရန်ကုန်က အခုထွက်လာပြီ၊ ကားကို
ဖြေးဖြေးပဲ မောင်းခဲ့မယ် စိတ်ချ၊ နောက်ထပ် ဖုန်းထပ်မဆက်နဲ့တော့။
ကားကမောင်းတတ်ကာစပဲရှိသေးပေမယ့်အဝေးပြေးလမ်းဇီးရိုးဂိတ်မှာ
ညီဖြစ်သူကို ငါကားမောင်းလိုက်မယ်၊ သတိက ကြီးချင်ရင် ဒီနားပိုပြီး
ဆင်ခြင်ဉာဏ်ပိုလိမ့်ဦးမယ်၊ ပြီးတော့ ငါအဖေ့ဆီ ကိုယ်တိုင်မောင်းသွား
ချင်တယ်ဆိုတော့ ညီဖြစ်သူက အေးဟုတ်တယ် မောင်းတဲ့၊ အဲဒါ
အဝေးပြေးလမ်းပေါ်ပထမဆုံးစမောင်းဖူးခြင်းပဲ၊ တစ်ညလုံး ညီဖြစ်သူနဲ့
အဖေ့အကြောင်းတွေပြောပြီး ကားကိုမောင်းလာခဲ့တာပဲ၊ နောင်တော့
တားယူရအောင် နေ့နေ့ညည အဝေးပြေးလမ်းပေါ် တစ်ယောက်တည်း
ကားမောင်းပြီး သွားလိုက်ပြန်လိုက် လုပ်တော့တာပဲ၊ ပြောလိုက်သေး
တယ် အဝေးပြေးလမ်းပေါ် ည တစ်ယောက်တည်း ကားမောင်းကြည့်
စမ်းပါ၊ နှိုင်းဆဓမ္မကနေ အတွေးအခေါ်တောင်ပြောင်းနိုင်ပါတယ်လို့။
အိမ်ရောက်တော့ အဖေ့အလောင်းကို ကန်တော့ပြီး အဖေ့နဖူးကိုနမ်း
တယ်၊ အမေ အခြေအနေကောင်းလားဆိုတော ကောင်းပါတယ်ဟဲ့
ငါ့တရားရှိပါတယ်တဲ့၊ ပြီးတာပဲပြောပြီး အဖေ့အလောင်းနဘေးခွေပြီး
အိပ်နေလိုက်တယ်။
ခနနေတော့ ဧည့်သည်တွေတက်လာပြီး အဖေ့
အလောင်းကိုကန်တော့ကြလို့ ထပြီး အမေလို့ လှမ်းခေါ်မိတယ်။
ကိုယ်မသိတဲ့ဧည့်သည်တွေဖြစ်နေလို့ ဧည့်ခံစကားပြောဖို့ အမေ့ကို
ခေါ်ပြီး အကူအညီတောင်းတဲ့သဘောပါ၊
အမေက အဖေ့အလောင်းကို ကန်တော့နေတဲ့ ယောင်္ကျားမိန်းမ
၅ ယောက်ကိုကြည့်ပြီး အော်လို့ တစ်ခွန်းပဲပြောပြီး ပြန်ဆင်းသွားတယ်၊
အဖေ့အလောင်းကို ကန်တော့ပြီးတဲ့ ၅ ယောက်က ကိုယ့်လည်းနှုတ်မဆက်ဖူး၊
ပြုံးလည်း မပြဖူး၊ အိမ်အောက်ဆင်းသွားတဲ့ သူတို့ ၅ ယောက်ကို လိုက်ကြည့်
တော့လည်း အောက်မှာ ခင်းထားတဲ့ စားပွဲ ကုလားထိုင်တွေမှာလည်း
မထိုင်ဖူး အမေ့ရှေ့ဖြတ်လျောက်သွားတော့လည်း နှုတ်မဆက်ဖူး
ခေါင်းလေးတွေငုံ့ပြီး ခါးလေးတွေညွှတ်ရင်းသာ အသိအမှတ်ပြုသွား
ကြတာ၊ သူတို့ အိမ်ဝင်းထဲကထွက် တော့မှ ဖိနပ်တွေက အိမ်ဝင်း
အဝင်မှာကတည်းက ချွတ်ထားခဲ့ကြတာ၊ သူတို့ ဖိနပ်စီးနေတုန်းပဲ
နောက် ၃ ယောက် ရောက်လာပြီး ဖိနပ်ချွတ်နေကြပြန်တယ်၊
ဒီလိုပဲ အဲဒီ ၃ ယောက်က အိမ်ပေါ်တက်လာပြီး အဖေ့အလောင်းကို
ကန်တော့ကြတယ်၊ ပြီးတော့ ရှေ့က ၅ ယောက်လိုပဲ၊ တိတ်ဆိတ်စွာ
ပြန်ထွက်သွးကြတယ်၊ အဲဒါ ကိုယ်ရောက်တဲ့ ညနေ ၂ နာရီလောက်
ကနေ ည ဆယ်နာရီလောက်ထိ တစ်ယောက်ခြင်းစီ၊ အစုလိုက် လာ
ကန်တော့နေကြတာပဲ။
အမေက ပြောတယ် အဲဒါ မင့်အဖေတပည့်တွေတဲ့၊ အဖေက ကျောင်း
ဆရာ၊ ကိုယ့်မှာလည်း ကျေးဇူးကြီးလှတဲ့ ဆရာတွေ ရှိပါတယ်၊ အဲဒီ
ဆရာတွေ သေဆုံးလို့ အကန်တော့ရောက်ဖို့ ခနထား နောက်ဆုံးခရီး
ကို ရောက်အောင်လာပို့ပါမယ်လို့ အာမခံဖို့ မလွယ်ဖူး၊ အခုဟာက
အဖေက မူလတန်းကျောင်းအုပ်ဆရာဘဝက စခဲ့တာ ဆားလင်းကြီး
မြို့နယ်ထဲက ညောင်ပင်တို၊ ခွန်သာ၊ သရက်ကိုင်း၊ ညောင်ပင်သာ
ဒီလိုရွာလေးတွေမှာ ကျောင်းအုပ်ဆရာလုပ်လာခဲ့တာ ဆားလင်းကြီး
နဲ့ ခုနစ်မိုင်၊ ရှစ်မိုင် ကိုးမိုင် ဆယ်မိုင် ဝေးတဲ့ရွာကလေးတွေကနေ
စက်ဘီးတွေ၊ ဆိုင်ကယ်တွေစီးပြီး လာကန်တော့နေကြတာ။
အဖေ့လိုတော့ သေချင်သားပဲ အမေလို့ ပြောမိတော့ ဒါတော့ မင်း
ဆရာလှကို မမှီနိုင်ဖူးတဲ့ အခုမှတည်ဆောက်ချင်လို့ မရနိုင်တဲ့။
အဖေ့ကိုခေါ်ကြပုံရှိတယ်၊ ဆရာလေးတဲ့၊ ဆရာလှတဲ့၊ ဆရာကြီးတဲ့၊
ဆရာလေးခေါ်ရင် ဒါ ကျွန်တော်မမွေးခင်က သူမူလတန်းကျောင်
အုပ်ဆရာဘဝ တာဝန်စပြီးထမ်းတဲ့ ညောင်ပင်တိုရွာနားတစ်ဝိုက်စီက
လူတွေ၊ ဆရာကြီးဆိုရင် သူအသက်ကြီးတဲ့အရွယ်မှာ တာဝန်ထမ်းခဲ့
တဲ့ ခွန်သာ၊ မြေဇွန်တစ်ဝိုက်စီကပေါ့။
အဖေ ပထမဆုံးတာဝန်ထမ်းတဲ့ ညောင်ပင်တိုရွာကို မနှစ်က ရောက်
တော့ အဖေစပြီးဆောက်ခဲ့တဲ့ ရွာမူလတန်းကျောင်းလေးတဲ့ ဝင်ကြည့်
ခဲ့သေးတယ်၊ အလွမ်းပေါ့၊ ညောင်ပင်တိုက အဖေ့တပည့်ဆိုတာ ကိုယ့်
ထက်များစွာကြီးတာပေါ့၊ မရောက်ဖူးတာ ကိုယ့်တစ်သက်နီးပါးပဲ ပြော
ပါတော့၊ ရွာခေါင်းရင်း တောင်ပေါ် ကနေတက်ပြီး လက်ပတောင်း
တောင်ကို ဓါတ်ပုံရိုက်ရင် ကောင်းတယ်ပြောကြလို့ သွားတာ၊ ဓါတ်ပုံ
ရိုက်ပြီး တောင်ပေါ်ကဆင်းတာနဲ့ ရွာခေါင်းရင်းအိမ်ရဲ့ ခေါင်းရင်းက
လမ်းကနေ ပြန်ရုံပဲပေါ့၊ ရွာခေါင်းရင်းအိမ်ဝင်းကြီးထဲက လူအုပ်ကြီးက
လှမ်းတားပြီး ဆရာလေးသား အကြီးဆုံးဆိုလို့ တွေ့ချင်ကြလို့တဲ့
ဝင်စမ်းပါဦးတဲ့၊ အသက်၇၀ကျော် အဖွားကြီးက ဦးဆောင်ထားတယ်။
ရန်ကုန်နေတဲ့ မျိုးဆွေသန်းလားတဲ့ ဟုတ်တယ်၊ ဒါဘယ်သူ့အိမ်လည်း
မေးတော့ ကိုစိန်ညွန့်အိမ်တဲ့ ကိုစိန်ညွန့် ဆုံးတာကြာပြီတဲ့၊ ကိုစိန်ညွန့်
နာမည်က အဖေ့ဆီကနေ ကြားဖူနေကြပါ၊ ဒါ ကိုစိန်ညွန့် သမီး၊ ဒါ
သူ့မြေး စသည်ဖြင့်ပေါ့၊ အိမ်ဝင်းကြီးက ပြောင်ပြီး ရှင်းသန့်နေလိုက်
တာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကိုလည်း ဗီနိုင်းထုတ်ပြီး စားပွဲ၊
တန်းလျားနောက်က နံရံမှာ ချိတ်ထားတယ်၊ အမယ် ဒေါ်အောင်ဆန်း
စုကြည်ပုံပါလားဆိုတော့ ဟုတ်တယ် တို့က အမေစုပဲတဲ့။
ယောင်္ကျားမိန်းမ ကိုယ့်ထက်ကြီးတာတွေ အားလုံးက အဖေနဲ့ ပါတ်
သက်လို့ ပြောစရာတွေ ရှိနေကြတာမှ တောရွာကလေးကို ရောက်
လာတဲ့ မြို့ကကျောင်းဆရာလေးတစ်ယောက်အကြောင်း ရုပ်ရှင်ရိုက်
မယ်ဆိုရင်တောင် ဇာတ်လမ်းတွဲက ဒီတစ်ရွာနဲ့တင် တစ်ဘဝလုံး
ပြီးအောင်ရိုက်နိုင်မှာ မှာမဟုတ်ဖူး။
ပြောင်းဖူးဖက်ကြီးဖွာ နေတဲ့ အဖွားကြီးက စကားစတွေ ခနလေးပြတ်
သွားကြတဲ့ အခိုက်ကလေးမှာ လက်ဖက်စားဦးလို့ လက်ဖက်ခွက်ကို
တွန်းပို့ကာ ခေါင်းကိုစောင်းရက် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာရင်း
ငါတို့တော့ ဒီကောင်မကို မုန်းပြီလို့ စကားကို အဆက်အစပ်မရှိ
ပြောလိုက်တယ်၊ ဘယ်သူ့လည်းဗျလို့မေးတော့ တီဗီမှာလာရင်
ကြည့်ရတာ ပူလာတော့တာပဲတဲ့၊ ဘယ်သူတုန်း ဘာအတွက်တုန်း
မေးတော့ တင်ဇာမော်တဲ့၊ ကျွန်တော်နဲ့ ကွဲ သွားလို့တဲ့၊
ကယ်တော်မူကြပါ အော်ရတဲ့အပိုဒ်ပဲ၊ ဒါမျိုးရှိနေမယ်လည်း မထင်
ပါဖူး၊ အဖွားကြီးပြောတော့မှ ကျန်တဲ့သူတွေကလည်း ဟုတ်တယ်
ဟုတ်တယ်၊ အဖွားကမရဖူး၊ ထူးပါဖူးဟယ် ငါတို့လည်း ဒီကောင်မ
သီချင်း တီဗီကလာရင် တီဗီပိတ်ပစ်ကြတာပဲတဲ့။
ဘယ့်နှယ် ဒီလူတွေက ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့လူတွေ၊သူတို့ဆရာ
လေး သားနဲ့ကွဲတဲ့ မိန်းမလို့ မှတ်ထားပုံကလည်း သူတို့ရွာနဲ့ မိုင်
ငါးရာကျော်က အဖြစ်အပျက်၊ ကိုယ့်မှာ ညောင်ပင်တိုရွာရောက်မှ
သတင်းစာရှင်းရတော့တယ် ပြောရမှာပဲ။
အဲဒီလိုမဟုတ်ပါဖူး၊ တင်ဇာမော်ရော ကျွန်တော်ရော နောက်အိမ်ထောင်
တွေနဲ့ ကလေးတွေရပြီ၊ နှစ်ဖက်အိမ်ထောင်ဖက်တွေကလည်း ချစ်ချစ်
ခင်ခင်ပဲ၊ မိသားစုတွေလိုပဲ ဆက်ဆံရေးရှိတယ်၊ ကျွန်တော်နဲ့တင်ဇာမော်
လည်း မောင်နှစ်မလိုပါပဲ၊ ကျွန်တော်နဲ့တင်ဇာမော်နဲ့ ရတဲ့သားသားကို
ခင်ဗျားတို့ ဆရာလေးကို မဆုံးခင်က သူ့နောက်ဆုံးနှစ်တွေပဲလို့ ထင်လို့
သူ့မြေးက အင်္ဂလန်ကနေလာပြီးတွေ့တယ်လေ၊ ပြီးတော့ သားသားကို
လှုလည်း ဒီဆားလင်းကြီးကို ပြန်လာပြီးရှင်ပြုပေးမှာပဲ၊ အဲဒီလို လှုတော့
တင်ဇာမော်လည်း လိုက်လာဦးမှာ ဆိုတော့မှ ဟုတ်သလား ငါတို့ရော
ဖိတ်မှာလားတဲ့၊ ဖိတ်မှာပေါ့ ညောင်ပင်တိုက ရွာလုံးကျွတ်ပေါ့ ဆိုမှ
ပြီးတာပဲ ဒါဆိုနားထောင်ရမှာပေါ့၊ ဒီကောင်မ အသံကကြိုက်ပြီးသား
ပါတဲ့။
ဆရာလေးရဲ့ ညောင်ပင်တိုက ဒီလောက်နဲ့ ဘယ်ပြီးမှာလည်း ပြန်ပြီ
နှုတ်ဆက်ပြီဆိုမှ ဘယ်သူမှမသိဖူးလို့ ကိုယ့်ဖာသာကိုယ်ကျိတ်ကြိုက်
ဖူးတဲ့ မိန်းမတစ်ယောက်ရဲ့နာမည်ကို ရွတ်ပြီး အဲဒီတစ်ယောက်နဲ့
ကရောတဲ့၊ အိမ်ပေါက်ဝရောက်နေတဲ့ကိုယ့်မှာ သွားနေတဲ့ ခြေလှမ်း
တွေ တန့်ကနဲပဲ၊ အော် ဆရာလေးနဲ့ ညောင်ပင်တိုရယ်လို့ပဲ
ရေရွတ်နိုင်ယုံပဲတတ်နိုင် ခဲ့တော့တာပဲ။
ငယ်ငယ်က မိသားစု အိပ်နေချိန် အမေနဲ့ အဖေကြားက ကလေးတစ်
ယောက်ဘဝကတည်းက ကြားနေရတဲ့ နာမည်တွေ၊ ကိုစိန်ညွန့်တဲ့၊
ကိုကျော်သိန်းတဲ့ ကိုအောင်အေးတဲ့၊ ကိုထွန်းပြေတဲ့၊ များစွာသော
နာမည်တွေ၊ အညာဆောင်း မနက်ခင်းတွေမှာ အမေအဖေနဲ့ အိပ်
ယာထဲ ကွေးနေတုန်း လမ်းပေါ်ကနေ ဆရာလေး ကိုစိန်ညွန့်ဗျို့၊
ဆရာလေး ကိုကျော်သိန်းဗျို့ ဆရာလေး ကိုအောင်အေးဗျို့ လို့
အော်အော် သွားတဲ့ အသံတွေက မနက်လင်းလာရင် အိမ်ပေါက်ဝမှာ
ရာသီအလိုက်ပေါ်တဲ့ သီးနှံတွေ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲသီး
တောင်းလေးတွေက အခုလိုဆောင်းတွင်း မနက်ခင်းတွေမှာ
အိမ်ပေါက်ဝမှာစီလို့ပဲ။
အဲဒါ ခုနက လူတွေက ဆားလင်းကြီးစျေးထဲကို သူတို့ ယာထွက်
သီးနှံတွေ လာရောင်းဝယ်ကြရင်း သူတို့ဆရာလေး အိမ်ပေါက်ဝမှာ
ဆရာလေးအတွက်လာပို့ကြရင်း ဘယ်သူပို့သွားတာပါ လို့
အိပ်ယာထဲမှာ အိပ်နေမယ့် ဆရာလေးကို လှမ်းအော် သွားကြခြင်းပဲ။
အဲဒါ သူတို့ဆရာလေးလည်း သူတို့ရွာကနေ ပြောင်းသွားပြီး ဆရာကြီး
ဖြစ်သွားလည်း ဆောင်းမနက်တွေမှာ အိမ်ရှေ့မှာ သီးနှံတောင်းလေး
တွေက ရောက်စမြဲက အခု သူတို့ဆရာလေး ဆုံးသွားတာ လေးနှစ်
ရှိသွားပြီ ကိုစိန်ညွန့်တို့ ကိုကျော်သိန်းတို့ ကိုအောင်အေးတို့ ကိုထွန်း
ပြေ တို့လည်း ဆုံးပါးသွားကြပြီ၊ ဆရာလေး ဘယ်သူဗျို့လို့ နာမည်
တွေသာ အော်မသွားကြတာ သီးနှံတောင်းလေးတွေက အခုဆောင်း
မနက်တွေထိ မပျက်မကွက် အိမ်ရှေ့တံခါးဝမှာ ရောက်လာတုန်းပဲ၊
ဆန်းကျယ်လှပါတယ်၊ ဒီရွာတွေကမှန်း သိတယ်၊ ဘယ်သူဘယ်ဝါ
သူတို့ကို သိစရာမလိုဖူး၊ ဘာအကျိုးကျေးဇူး မျှော်မှန်းချက်မပါဖူး၊
သူတို့ရည်ရွယ်တဲ့ ဆရာလေးရဲ့ အိမ်ပေါက်ဝကို ဒီသီးနှံလေးတွေ
ရောက်ရင်တော်ပြီ၊ အခုဆရာလေး သေဆုံးခဲ့တာ လေးနှစ်ပြည့်
သွားခဲ့ပြီ၊ ဆရာလေးမိသားစုက သူတို့ကို သိတောင်မသိဖူး၊ သီးနှံ
တောင်းလေးတွေ ဆောင်းမနက်မှာ ရောက်မြဲပဲဆိုတာ ကိုယ့်ပျက်
ကွက်မှုတွေ မြင်ရမှာစိုးလို့ ဆက်မတွေးတော့တဲ့အရာပါ၊
ကုသိုလ်ဆိုတာ ရေထဲ ခဲတစ်လုံးကျသလိုပဲ ဂယက်တွေများစွာ
ဆက်ပြီးကျန်နေတတ်ပါတယ်လို့ပဲ ပြောစကားလေး ရလိုက်ပါတယ်
ဆိုတာလောက် ပြောနိုင်ပါတယ်။
အဖေ့နောက်ဆုံးခရီးက ခင်မောင်စီက ပျော်ပါတယ်၊
သူ့အကြောင်းကျွန်တော်ရေးပေးလို့ သူ့ဆိုင်ကယ်နောက်က
အလောင်းကိုတင်ပြီး လိုက်ပို့နေရာကနေ အလှုရှင်တွေက စုပြီး လှု
ကြလို့ ကားတစ်စင်းရတာ သူ့ဆရာ ကျွန်တော့်အဖေကို ပထမဆုံး
သူ့ကားနဲ့ ပို့ရမှာဖြစ်လို့ပါတဲ့၊ ဒုတိယပို့ရတာ ခင်မောင်စီရဲ့နှစ်မအရင်း
ဖြစ်တော့ ခင်မောင်စီ မင့်ကားလည်းတို့အထဲဒီလောက်နဲ့ လုံလောက်ပြီ
ရပ်ခိုင်းဦးပြောရပါတယ်။
မိသားစုထဲ သံသရာခရီးကို အရင်သွားနှင့်သူလို့ အဖေ့နောက်ဆုံးခရီး
ကို ဆင်ခြင်ထားကြပြီး မိသားစုက အသင့်ဖြစ်ပါတယ်၊ ဒီအထဲ
တောင်ပေါ်ကျောင်း ဆရာတော်ကလည်း ရေစက်ချတရားမှာ အဖေ့
အလောင်း ဘေးကနေ တရားပြပုံက
ဒါ ဆန်းတဲ့ကိစ္စမဟုတ်ပါဖူးတဲ့၊ ဒါက ကမ္ဘာ့ လက်ရိုး တရားပါတဲ့၊
ကိုယ့်မှ သူ့မှ ဒီကိစ္စရွေးပြီးဖြစ်တယ် မထင်ပါနဲ့
လူတိုင်းဖြစ်ရကြုံရမှာဖြစ်လို့ ဒီ့ထက်ဆန်းတဲ့ကစ္စရှိမှ လာပြောကြပါလို့
ဟောရင်း သူ့ကို သတိရလို့ ငိုရင် ကိုယ်ပဲပိန်မှာပေါ့ဆိုတဲ့
အသုဘတရားကို ဆင်ခြင်ရှုမြင်တတ်ဖို့ ဟောကြားပုံကလည်း ပြည့်စုံ
လွန်းခဲ့ပြီး ကိုယ့်ကိစ္စနဲ့တွဲပြီး ထင်လင်းစွာမြင်ခဲ့ရတဲ့ တရားပဲဖြစ်ခဲ့
ပါတယ်။
ဆရာတော်က အဖေ့အလောင်းဘေးက စောင့်နေတဲ့ ဧည့်ပရိတ်သတ်
ရှေ့ကြွလာပြီး ထိုင်လိုက်စဉ်ပဲ တရားချီးမြှင့်မယ်မှတ်နေတဲ့ ပရိတ်
သတ်မှာ ဆရာတော်က ကိုယ့်ကြည့်ပြီး ပထမဆုံးပြောလိုက်တာက
ငါ ရန်ကုန်ရောက်လို့ မင့်ဖုန်းကိုခေါ်တာ မင်းမကိုင်တာကို ငါမကျေနပ်
ဖူးဗျ ဆိုတော့၊ ကိုင်းကွာမျိုးဆွေသန်းရာဖြစ်ရသေးတယ်၊။
ကိုယ့်မှာလည်း ကိုင်းပါ ဘုန်းဘုန်းရယ်၊ အလောင်းရော ဧည့်သည်တွေ
ရော စောင့်နေကြတာပါ၊ နောက်မှ တပည့်တော်ကိုရန်ဖြစ်ပါ မတော်
မျိုးဆွေသန်း ဖုန်းမကိုင်တာကြောင့် သူ့အဖေ နောက်ဆုံးခရီး မဖြောင့်
ရှာဖူးပြောကြပါဦးမယ် အခု တရားအရင် ချီးမြှင့်ပါ လုပ်ရတာပဲ။
သုသာန်က အိမ်ကနေကြည့်ရင် မြင်လို့ရသေးတယ်၊ ပြဿနာက
ညကတည်းက ညီအငယ်ကပြောထားတယ်၊ အဖေ့အလောင်းကို
မြေဇွန်ရပ်ကွက်က သူ့တပည့်တွေက သူတို့ဆရာကို သူတို့ကိုယ်တိုင်
ထမ်းပြီး ပို့ချင်ပါတယ်တဲ့၊ အေး ခွင့်ပြုလိုက်ပေါ့၊ လွယ်ပါတယ်၊
ငါတို့ သားအရင်းတွေတောင် မစဉ်းစားသေးဖူး သူ့တပည့်တွေက
အရင်စဉ်းစားတာပဲ ခွင့်ပြုလိုက်ဆိုတော့၊ ခင်မောင်စီက ဟာ မရဖူးလေ
ကျွန်တော့်ကားက ပထမဆုံးကျွန်တော့်ဆရာနဲ့ စဖွင့်တာ၊ အလှုရှင်တွေ
ပြဖို့လည်း မှတ်တမ်းယူရဦးမယ်လေတဲ့၊ ပြီးတော့လည်း ဆရာရေး
ပေးလို့လည်း ဒီကားရလို့ သူ့ဆရာ ကျွန်တော့်အဖေနဲ့ ဖွင့်ရတာတဲ့။
မင်းနှယ်ကွာ ဒီနားရောက်မှ ငါရေးလို့ရတဲ့ကားနဲ့ ငါ့အဖေ အသုဘ
ပို့ရတာပဲ လုပ်နေသေးတယ် ပြောရတာပဲ။
ဒီတော့ ကျော်ဆွေမြင့်က ကားကို ဂီယာဝမ်းမှာထိုးပြီး ဆရာ့တပည့်
တွေကို ကြိုးနဲ့ဆွဲခိုင်းလိုက်ပေါ့ပြောပြီး ပြင်တယ်၊ နှစ်ဖက်လုံး ကျေနပ်
ရောပေါ့တဲ့ ဆရာကြီးတပည့်တွေ ကားကို ကြိုးနဲ့ဆွဲသွားတာ အတည်
ပေါက်ပဲ၊ ဒါပေမယ့် အ ပါလိမ့်မယ်၊ ခရီးတစ်ဝက်လည်းရောက်ရော
ကားရပ်တဲ့၊ အလောင်းကို ကားပေါ်ကချပြီး သူတို့ထမ်းတော့မယ်တဲ့၊
ခရီးတစ်ဝက်ရောက်ပြီတဲ့၊ လာပြောကြတော့ အဖေ့အလောင်းက
ကိုယ့်ရိုးကားယားဖြစ်တယ်လို့ မခံစားမိပါဖူး၊ ချပေးလိုက်ပဲပြောပြီး
သူတို့ထမ်းသွားတဲ့ အလောင်းနောက် ကိုယ်တောင် မနည်းလိုက်ရ
တာမှ မောလို့။
အခု အဖေဆုံးတာလေးနှစ်ပြည့်တော့ အဖေရယ်၊ တောင်ပေါ်ကျောင်း
ဆရာတော်ရယ်၊ ဆရာဖြစ်သူ မြန်မာ့ရိုးရာဒီဇိုင်းဦးအေးမြင့်ရယ် မရှိ
တော့ဖူးဆိုတာ ကိုယ့်မှာ ရုတ်တစ်ရက် အင်အားချိနဲ့ သွားသလိုခံစား
လိုက်ရပြီး ကမ္ဘာလောကကြီးက နေချင်စရာ မကောင်းတော့ဖူးလို့
ခံစားမိတဲ့ အဖြစ်မျိုးကို စပြီးခံစားမိလိုက်တဲ့ အတွေးပေါ်မိတယ်။
ဆရာဦးဝင်းမောင်က မင့်အဖေဆုံးတာ ငိုမှာ မဟုတ်ဖူးတဲ့၊ ဟုတ်လို့၊
အေးဒါပေမယ့် တစ်ချိန်မှာတော့ သည်းသည်းထန်ထန် ငိုကြွေးလိမ့်
မယ်တဲ့၊ အမှန်ပဲ အဖေ့နာရေးပြီး တစ်လအကြာမှ ရန်ကုန်ကိုပြန်
တော့ ကိုယ်တစ်ယောက်ထဲဖြစ်သွားပြီ၊ အဲဒီမှပဲ မုံရွာက သူငယ်ချင်း
သန်းလင်းကို လှမ်းမေးရတယ် သူငယ်ချင်း အမြန်လမ်းက ငါတစ်
ယောက်ထဲ ကားမောင်းပြန်လို့ ရလားမေးတော့ ရတယ် သူငယ်ချင်း
မောင်းတဲ့၊ မင်းက ဉာဏ်နဲ့မောင်းမှာပဲတဲ့၊
မန္တလေးရောက်တော့ ဦးကဲကို လှမ်းပြီးဖုန်းဆက်မေးတယ်၊
ဦးကဲ ငါတစ်ယောက်ထဲ အခုအမြန်လမ်းပေါ်ကနေ ရန်ကုန်ကို
ကားမောင်းပြီးပြန်မှာ ညွှန်ကြားချက် ပေးဆိုတော့၊ ဖြစ်တယ် မောင်းတဲ့၊
ရတယ်တဲ့၊ စမောင်းကာစဖြစ်ပြီး ညမောင်းတာ ဖြစ်လို့ လမ်းကို
အလယ်က ခွမောင်းတဲ့၊ ညာဖက်ကပ် မောင်းရမှာဖြစ်ပေမယ့်
စမောင်းတာ တစ်ယောက်ထဲဖြစ်လို့ အိပ်ငိုက်
ရင်လည်း ရုတ်တစ်ရက်လမ်းဘေးဆင်းသွားရင် အချိန်မီအောင်ရယ်
အမြန်လမ်းပေါ်မှာ ကိုယ့်ထက်ကျွမ်းကျင်တဲ့ သူတွေဖြစ်လို့ နောက်
ကားက ကျော်ချင်ရင်လည်း ကိုယ့်ကို အသိပေးပြီးမှ ကျော်မှာဖြစ်လို့
အခုတော့ လမ်းကို အလယ်က ခွမောင်းသွားတဲ့၊ လုတဲ့ယက်တဲ့သူ
တွေ့လည်း သူတို့ကသာ ကျောင်းဆရာကို လက်ဖက်ဖက်ရည်
တိုက်သွားရဦးမှာပဲ မောင်းတဲ့၊ အိုကေ နာနာဘာဝ တွေ့လည်းထင်
ထင်ရှားရှားပြ တွဲပြီး ဆယ်ဖီဆွဲပြီး ဖေ့စ်ဘုတ်တင်သေးတာပဆိုတော့
အိုကေမောင်းတဲ့။
မိတ္ထီလာ ဂိတ်ကိုဖြတ်ပြီး ကားကိုခနရပ်ရင်း နေဝင်ချိန်တောက်နေတဲ့
တိမ်တွေကို ခနငေးကြည့်နေမိသေးတယ်၊ ကားပေါ်ပြန်တက်တော့
မှောင်သွားပြီ၊ လမ်းအလယ်က မီးကျောက်ကလေးတွေကိုကြည့်ပြီး
ကားကို အမှောင်ထဲကို တိုးဝင်လိုက်တဲ့ အခိုက်မှာပဲ အဖေလို့ သတိရ
လိုက်ပြီး မျက်ရည်တွေက အလိုလိုကျလာတော့တာပဲ။
အင်း ဆရာဦးဝင်းမောင်ပြောတာ မှန်ပြီဟဲ့လို့လည်း သိလိုက်တယ်၊
ကားမီးရောင်တစ်ကမ်းမှာ မျက်ရည်တွေကြားက ဝိုးတဝါး မြင်ရတဲ့
လမ်းမအလယ်က မီးကျောက် ကလေးတွေကို ခွမောင်းရင်း ကားက
အမှောင်ထဲကို တိုးဝင်သွားတိုင်း အဖေကလမ်းပြနေတယ်လို့ခံစား
ရတယ်၊ ဒီတော့ အဖေ့ကိုမြင်အောင်ကြည့်ရတယ်၊ သင်ကြားဖို့ မေ့
လျော့ခဲ့တာတွေကို ဒီလမ်းမဆုံးခင် ဆင်ခြင်ကြည့်ရမယ်လို့ နားလည်
တယ်။
ကိုယ့်ပေါ့လျော့မှုတွေကို ဆင်ခြင်မိခဲ့သလို အဖေ့ကိုလည်း ထင်ရှားစွာ
မြင်တွေ့လိုက်ရပါတယ်။
လုံလောက်သားပဲ ပြောခဲဆိုခဲတဲ့ အဖေသင်ကြားမှုထဲမှာ မုံရွာကောလိပ်
ပထမနှစ်ကို စတက်ဖို့ မနက်သွားရတော့မယ့်ညမှာ အမေကစခွဲရမယ့်
သားကို စိတ်ပူစွာနဲ့ များစွာပြောနေတာတွေကို အဖေက မစန်းမြင့်
အများကြီးပြောမနေနဲ့တဲ့ ဒါသူ့ဘဝ ခရီးစတာ့တာတဲ့။
ဒီမှာတဲ့ ဒါကောလိပ်တက်လို့ မုံရွာသွားပြီးကျောင်းတက်တာက ဆယ်မိုင်ပဲရှိ
တာ ဆားလင်းကြီးနဲ့ မုံရွာ နီးနီးလေးပဲတဲ့၊ မိဘနဲ့ မိသားစုကို ပထမဆုံး
စခွဲဖူးတာ မနက်ဖန်က စမှာပဲတဲ့၊
ဒါ မင့်ဘဝခရီးကို စတာလည်းဖြစ်တယ်၊ ငါတို့က သားသမီးကို
ရှေ့စင်ထက် နောက်စင်က ပိုမြင့်တယ်ဆိုတာ မျိုးဖြစ်စေချင်တယ်၊
ကောလိပ်တက္ကသိုလ် စာမေးပွဲကကျလည်း ငါတို့တတ်နိုင်သေးရင်
နောက်နှစ် ဆက်ထားမှာပဲ၊ ၂နှစ်ဆက်တိုက်ကျလို့ ကျောင်းထွက်
ရရင်တော့ ငါတို့လည်း မတတ်နိုင်ဖူး မင်း ကျောင်းထွက်ရမှာပဲ၊
အဲဒါတော့ မင့်ဘဝနဲ့ မင်းဖြစ်သွားပြီ။
ဒီတော့ ဒါတွေ မမှာလိုဖူး ဒီခရီးက မင့်ဘဝခရီးကို မိသားစုနဲ့ခွဲပြီး
စတဲ့ခရီးလည်းဖြစ်လို့ အခုကစပြီး ဘဝခရီးအထိ တစ်ခုပဲမှာမယ်။
အဲဒါ ဘယ်တော့မှာ စာရိတ္တမပျက်ခဲ့စေနဲ့တဲ့၊ ကောင်းစွာပြောဆို
ကောင်းစွာကြံစည် ကောင်းစွာစိတ်ကူး သမ္မာအာဇီဝ ကောင်းစွာ
အသက်မွေးဝမ်းကြောင်းတဲ့၊
အဲဒီမှာ သမ္မာဆိုတာ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော တဲ့။
သွားတော့ ရပြီတဲ့၊ တစ်ဘဝလုံး ဘယ်တော့မှစာရိတ္တမပျက်ခဲ့စေနဲ့တဲ့။
အဖေထင်ထင်ရှားရှားမှာတာဆိုလို့ တစ်ဘဝလုံး ဒီတစ်ခုပဲ ရှိတယ်။
အမြန်လမ်းမပေါ်မှာပဲ အဖေ့ကို ထင်ရှားစွာမြင်ရပြီး နှုတ်ဆက်ကန်
တော့ပြီး ကျန်တဲ့ဘဝကို ဆက်ရတယ်ပြောပါတော့။
ကျေးဇူးကြီးလှပါတယ် ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေပေါ့။
သမ္မာတဲ့ သိတ်လှတယ် မြန်မာအဘိဒါန်ထဲမှာ အလှဆုံးစကားလုံးက
သမ္မာပဲ ငါထင်တယ်လို့ ဆရာဦးဝင်းမောင်(ရွှေရည်မင်းစံ) ကလည်း
ပြောဖူးတယ်၊ အဲဒါအမှန်ပဲ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်
သောတဲ့၊ အဖေက ခရစ္စမတ်အကြိုမှာဆုံးတာရယ်၊ ဒီနိုင်ငံကို ခရစ္စ
မတ်ဆိုတာ သယ်ဆောင် သာသနာပြုတဲ့ ယုဒသန်ရယ်ကြောင့်
အမှတ်ထင်ထင် သတိရနေမိတာလည်းပါတယ်။
အဖေဆုံးမခဲ့တဲ့ စကားလေးက
သမ္မာ တဲ့ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော တဲ့
ဆရာယုဒသန်က တော်လွန်းတော့ မြန်မာတွေရဲ့ အကောင်းဆုံး
စကားလုံးလေးကိုယူပြီး သူ့ခရာစ်ယာန် သာသနာပြုရာမှာ
Holley Bible ကို ဖြူစင်ဖြောင့်မတ် ကောင်းမြတ် စင်ကြယ်သော
ကျမ်း လို့ အဓိပ္ပါယ်ရအောင် သမ္မာကျမ်းလို့ မြန်မာလိုနာမည်ပေး
ခဲ့လိုက်တာ မြန်မာတွေတောင် သမ္မာကျမ်း ဆိုတာနဲ့ ကိုယ်နဲ့ မဆိုင်
တဲ့အရာ ကိုယ့်စာမဟုတ်တဲ့ဟာလို့ ထင်သွားကြပြီးကိုယ့်ရဲ့ စာလုံး
လို့တောင်မထင်မိတော့ပဲ မေ့လျော့သွားတဲ့အထိပဲ။
တစ်ခါတစ်ခါလည်း တွေးမိပါတယ် ဒီစာလုံးကို မေ့သွားကြလို့များ
သမ္မာအာဇီဝဆိုတဲ့ ကောင်းစွာ အသက်မွေးဝမ်းကြောင်းခြင်းကို
မေ့လျော့ခဲ့ပြီး ကျင့်ဝတ်ဆိုင်ရာ စာရိတ္တတွေကို ကျောခိုင်းခဲ့ကြလေ
သလားလို့ပါ။
ဘာပဲပြောပြောအဖေဆုံးတာ လေးနှစ်ရှိလို့ သတိရခြင်းက ခရစ္စမတ်
နဲ့လည်း တိုက်ဆိုင်နေတော့ ဆရာယုဒသန်ယူသွားတဲ့ ကိုယ့်စာလုံး
လေးကိုလည်း မမေ့စေလိုလို့ အသိပေးရင်း ညောင်ပင်တိုရွာကလေး
မှာ မူလတန်းကျောင်းအုပ်ဆရာဘဝနဲ့ စခဲ့တဲ့ ဆရာလေးက သူ့ရဲ့
သားဖြစ်သူ ကျွန်တော့်ကို သင်ကြားခဲ့တဲ့ သမ္မာဆိုတဲ့ စကားလေးကို
ကျွန်တော့်ထက် အငယ်တွေကို လက်ဆင့်ကမ်း မျှဝေရင်း
ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ် ကြနိုင်ရန်ပါ။
ဒီဇိုင်း မျိုးဆွေသန်း
၂၅၊ ဒီဇင်ဘာ၊ ၂၀၁၇။
Friday, January 29, 2021
ထူထောင်ခဲ့တဲ့ ကံတွေ
ကျွန်မမှာ လောဘ..ဒေါသ ..မောဟ တွေ အပြည့်ရှိတယ် ။ဘာကြောင့်လဲဆိုတော့ ပုထုဇဉ်မို့ဘဲ။
တခါက ကျွန်မကို အမတယောက်က မေးတယ်
မွန်မွန့်မှာ လောဘရှိလားတဲ့
လူကြီးကတော်ဆိုတော့ သူမေးတာကိုသတိထားရတယ်
ဒါပေမဲ့ ဟင့်အင်းအမ မရှိဘူး ဆိုရင် ကျွန်မ ညာရာရောက်တော့မယ်
လောဘရှိတယ်အမ ဒါပေမဲ့ မတော်လောဘတော့ သတိနဲ့ ထိန်းရတယ်လို့ ဖြေရတယ်
တကယ်လဲ မတော်လောဘ မရှိအောင် မဖြစ်အောင် နေခဲ့တယ်။
ပုထုဇဉ်မှန်ရင် အရိယာ မဟုတ်သေးရင် လောဘဒေါသမောဟ ဟာ ညာလို့မရဘူး ရှိတယ်
ဒီတော့ ကိုယ့်မှာ လောဘ ဒေါသ မောဟ တန်းလန်းကြီးနဲ့ သူတပါးကို လက်ညှိုးထိုးမယ်ဆို ဒါဟာရှက်စရာဘဲ
မတရားပါလားလို့ တွေးမိတယ်။
ဟိုးအရင်က သူတပါးအပြစ်တွေ့ရင် ကျွန်မက ရှုံ့ချတယ် ။ သူ့အပြစ်မျိုး ကိုယ်မှ မလုပ်ဘဲကိုး။
ဒါပေမဲ့ ကျွန်မပြုမိတဲ့ အပြစ်မျိုးမှာ တော့
သူက ဖြူစင်နေနိုင်တယ်လို့ မတွေးမိခဲ့ဘူး။ ငါမလုပ်လို့ ငါမှန်တယ်
နင်အပြစ်ရှိတယ်နင်မှားတယ်လို့ တဖက်စောင်းနင်း ပြောခဲ့ဖူးတယ်။ ကဲ့ရဲ့ခဲ့ဖူးတယ်။
FB မှာ တခါတရံ တွေ့ရတယ်
လက်ဝါးစောင်းကောင်းကောင်းနဲ့ သူများအကြောင်း
အပုတ်ချနေတဲ့ post တွေ
ကိလေသာတန်းလန်းနဲ့ ပုထုဇဉ်တယောက်က တခြားပုထုဇဉ်တယောက်ရဲ့ ကိလေသာတွေ ..တဏှာရာဂတွေကို လက်ညှိုးထိုးနေတာကို အားပေးတဲ့သူတွေကလည်း
ကိုယ့်ကိလေသာတွေဘေးချပြီးလက်ခုပ်တီးနေကြတယ်။
လူအမျိုးမျိုးရှိလို့ အကြိုက်ဆိုတာ အမျိုးမျိုးကွဲသွားနိုင်တယ် မဟုတ်လား
ဒီတော့ စိန်ဝတ်ပြီးဘဲကြွားကြွား
ရွှေဝတ်ပြီးဘဲကြွားကြွား
မျက်လုံးဟာ အပြင်မလှည့်ဘဲ အတွင်းကိုလှည့်ရင်
တနည်းမဟုတ်တနည်း ကိုယ်လည်းကိုယ့်အထာနဲ့ကိုယ် ကြွားနေတာတွေ မြင်လိမ့်မယ်
မေ့နေတဲ့ ကိုယ့် အနုသယတွေ ပေါ်လာလိမ့်မယ်
နှမ်းစေ့လောက်ရှိတဲ့ သူများအပြစ်တွေထက်
အုန်းသီးလောက်ကြီးတဲ့ ကိုယ့် အပြစ်ကိုယ် မြင်လာလိမ့်မယ်။
အနုသယတွေရှိနေသေးသရွေ့
သူများကိုကဲ့ရဲ့သလို ကိုယ့်မှာလည်း သူတပါးကဲ့ရဲ့ချင်စရာတွေ အများကြီးရှိတယ်လို့ ဆင်ခြင်နိုင်လာလိမ့်မယ်
ဒီတော့ ပစ္စည်းဥစ္စာ ချမ်းသာလို့ ကြွားချင်လည်းကြွားပါစေ
သားသမီးထက်မြက်လို့ ကြွားချင်လည်း ကြွားပါစေ
ယောက်ကျားကို ချယ်လှယ်ရလို့ ကြွားချင်လည်း ကြွားပါစေ။ သူ့အကြောင်းနဲ့ သူ့အကျိုး ဘဲ မဟုတ်လား
လူသတ်ဓါးမြတိုက် မုဒိန်းကျင့်နေတာမှ မဟုတ်ဘဲ။
နားမထောင်ချင်ရင် မမြင်ချင်ရင် အာရုံမပြုနဲ့ပေါ့
သူတို့ကြွားလို့ ကိုယ့်မှာစိတ်ဆင်းရဲတာကို ခံစားနေရတယ်ဆိုရင် ...လူ့ဘဝ ရတာမတန်ဘူး
မနုဿဘုံကို အလည်လာတုန်းခဏ အကုသိုလ်ကံတွေ
နဲ့ သွားနေရင်ကံမှာလည်း ကံနဲ့ ကံကို ဖျက်ဆီးတာတွေရှိတယ်။
ဒီတော့ ဘယ်သူကတော့ကြွားလိုက်တာ
ငါက အဲလိုမကြွားတတ်ဘူးလို့ ရေးလာခဲ့ရင်
အဲဒါဥာဏ်ကြီးတာမဟုတ်ဘူး
ပါပဇာတိ စေတသိတ် ၁၄ ပါးထဲက ဣဿာ လို့ခေါ်တယ်။သူတပါး ချမ်းသာတာကို မရှု့စိမ့်ခြင်း တမျိုးဘဲ။
ဖားအောက်ဆရာတော်ကြီးတရားမှာပါတယ်
အဲဒီလိုလူတွေဟာ ရုပ်ဆင်းအင်္ဂါ ညံ့တယ်။ မကြည်လင်ဘူး ။
ဒါမှမဟုတ် ရင် မပြည့်စုံဘဲ နေရတယ်တဲ့။
ကုသိုလ်ကံလေးက ဦးသွားလို့ လူဖြစ်လာပေမဲ့ ကိုယ်စုခဲ့တဲ့ အကုသိုလ်ကံတွေက နေနှင့်ဦးဆိုပြီး အကွက်ကောင်းစောင့်နေတတ်တယ်။
ရရင် ရသလို အနှောင့်အယှက်ပေးတယ်
ကံနဲ့ပတ်သတ်လာရင် သပ္ပတ္တိနဲ့ ဝိပ္ပတ္တိဆိုတာရှိတယ်
ဥပဓိဝိပ္ပတ္တိနဲ့ ဥပဓိသပ္ပတ္တိ မှာ
ဥပဓိသပ္ပတ္တိက ရုပ်ချောတယ်
ဥပဓိဝိပ္ပတ္တိက ရုပ်အဆင်းချို့တဲ့တယ်
သီဟိုဠ်ကျွန်းက ဘုရင့်သားတဦး ကြက်တိုက်တာဝါသနာပါတော့ ကြက်တိုက်ရင်း ကြက်အတက်နဲ့ ထိုးမိလို့ မျက်စိကွယ်သွားတယ်
အရွယ်ရောက်တဲ့အခါကျတော့ မျက်စိတဖက်ကန်းနေလို့ ဘုရင် မဖြစ်ခဲ့ရဘူး ဘုရင့်သားဘဝနဲ့ ကုသိုလ်ကံက အကျိုးပေးပေမဲ့ ဝိပ္ပတ္တိနဲ့ ကြုံတော့ဘုရင်ဘဝကိုသူ မခံစားရဘူး
ဒါသူထူထောင်ခဲ့တဲ့ ကံတွေ ပါဘဲ
ဘယ်သူမှ လုပ်တာမဟုတ်ဘူး ။
ပါချူပ်ဆရာတော်ကြီး တရားတွေမှာပါတယ်
အဲဒီသီဟိုဠ်ကျွန်းမှာဘဲ အမတ်ကြီးတယောက်ဇနီး
ရုပ်ဆိုးလွန်းလို့ ပွဲနေပွဲထိုင်သွားရင် အိမ်က ကျွန်မဘဲ ထင်ကြတယ် ဘယ်သူမှ အရေးတယူမလုပ်ဘူးတဲ့။
ဘုရားလောင်းကုသဟာ
တိုင်းခန်းလှည့်လည်ရင် သူ့ညီကို ရှေ့ကတင်ပြီးသွားရတယ်။သူက ရုပ်ဆိုးလွန်းလို့ ဆင်ထိန်းမြင်းထိန်းပုံနေရတယ်။
ဘီမသေန စစ်သူကြီး လေးပစ်မှာ တဖက်ကမ်းခတ်တော်တယ်ဒါပေမဲ့ ရုပ်ဆင်းအင်္ဂါမှာ ကျတော့
လူက ပုပုလေးမှာ ပုကွနေတော့ ဘုရင့်လေးသည်တော်
ဆိုရင် လူရီစရာဖြစ်မှာ အမြင်မတင့်တယ်လို့ ရုပ်ချောတဲ့သူကို ရှေ့မှာထား ခစားရတယ်။
အလုပ်လုပ်စရာရှိရင် နောက်ကွယ်က လုပ်ပေးရတယ်။
အဲဒီကံတွေက ကိုယ့်ဖာသာ ထူထောင်လာတာပါ
ဒါ့ကြောင့် အလကားနေအလကား သူ့များကိုကဲ့ရဲ့လိုက်ရမှ အတင်းလေးပြောလိုက်ရမှ ပါးစပ်ထဲအရသာရှိတဲ့သူတွေ ဥပဓိဝိပ္ပတ္တိ နဲ့ ကြုံတဲ့ဘဝမှာ ပြန်ဆပ်ရတာစိတ်ရောခန္ဓာရောဆင်းရဲပါတယ်။
ကဲ့ရဲ့တာလေးက စကားလေး ပါးစပ်က ပြောလိုက်တာဘဲ ဘာမှ မကြာဘူး
ပြန်ဆပ်ရတာ ခန္ဓာနဲ့
မတန်ဘူးလို့ဘဲ ယူဆတယ်။
By Myat Yee Mon - Ellen Grace (Source)
Subscribe to:
Posts (Atom)
-
ဓဇဂ္ဂသုတ် (ပါဠိ + အနက်) ၁။ ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌမဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ၊ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်...
-
ဂုဏ်တော် ကွန်ချာ ၁၊ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ ...
-
ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေ by ဒီဇိုင်း မျိုးဆွေသန်း အဖေဆုံးတာ ၂၀၁၃ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ညက ဆိုတော့ ၄ နှစ်ပြည့်ပြီ။ သားတွေအ...