Thursday, May 3, 2012

ထိုင်စရာ (ဒေါက်တာအောင်ကြီး)

ထိုင်စရာ

၂ဝဝ၈ စက်တင်ဘာမှာ ကံကော်ဝတ်ရည် စာပေမှ သီရိဂန္ဓမာ စာစဉ် - (၂) အဖြစ် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေလိုက်တဲ့ ဒေါက်တာ အောင်ကြီးရဲ့ 'သီချင်းလူ၊ ပုံပြင်လူ၊ ငြိမ်းချမ်းလူ' စာအုပ်မှ ထိုင်စရာ ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ထိုင်စရာ

ကျနော် စ,တက်ရတဲ့ ကျောင်းက ယောက်ျားလေး နှင့် မိန်းကလေးတွေ ရောနှောနေရသည့် ကျောင်းဖြစ်သည်။ ဦးဘိုနီ၊ ဒေါ်မြငြိမ်းတို့ တည်ထောင် ဖွင့်လှစ်သည့် ကိုယ်ပိုင်ကျောင်း (Private School)။ အတန်းထဲတွင် ယောက်ျာလေး မိန်းကလေး ရောနှော ထိုင်ရသည်။ စကားများများ ပြောတတ်သည့် ဆော့တတ်သည့်ကောင်လေးတွေကို ဆရာတွေက ကောင်မလေးတွေကြားမှာ ညှပ်ကာ ထိုင်စေသည်။ ကျောင်းသူဦးရေက ယောက်ျားလေးတွေ ကြားမှာ ထိုင်ရတာ များသည်။ တခါတရံ ဆရာတွေက ကလေးတွေကို ဆုံးမချင်တာရော၊ ကျီစယ်ချင်တာရောကြောင့်ထင့်။ တယောက်နှင့် တယောက် မခေါ်မပြောဘဲ နေကြသော ရန်ဖြစ်ထားကြသော မိန်းကလေး ယောက်ျားလေးတွေကို တခုံတည်းမှာ ယှဉ်ထိုင် ခိုင်းတတ်သည်။ ကြာကြာထိုင်ရတော့ တဦးနှင့် တဦး စကားပြောဖြစ် သွားပြီး ပြန်ခေါ်ကြ ပြန်ခင်မင်ကြရတာပါပဲ။ သို့မို့ကြောင့်ထင်ရဲ့၊ ဆရာတွေက ထိုင်ခုံ အစီအစဉ်တွေကို မကြာခဏ ပြောင်းပစ်တတ်သည်။ ကျနော်တို့ တတွေကလည်း မကြာခဏ ရန်ဖြစ်တတ်ကြသည်ကိုး။

တခါက ခုံပြောင်းထိုင်ကြရတော့ ကျနော်တို့ အတန်းထဲတွင် အဝါရောင် လုံချည် ဝတ်လေ့ရှိသောကြောင့် မာနကြီးသူဟု အားလုံးက သတ်မှတ်ထားသော ကျောင်းသူ တဦးနှင့် ထိုင်ဖို့ နေရာချခံရသည်။ မိန်းကလေးက စာလည်းတော် ရုပ်လည်းချောသူ။ အစက တဦးနှင့် တဦး စကားမပြော ခပ်ရှိန်းရှိန်း နေရာမှ သချင်္ာချိန် ပုစ္ဆာတွေ တွက်အပြီး စာအုပ်တွေကို စားပွဲခုံစွန်းမှာ ထပ်ဖို့ တင်ရတော့ တဦးနှင့် တဦး စကား ပြောဖြစ်သွားသည်။ ကျနော့်ရင် လှပ်ခနဲ ဖြစ်သွားသည်ကို ယခုတိုင် မှတ်မိနေသေးသည်။ နောက်သုံးရက်လောက်ကြာတော့ ဆရာက ထိုင်ခုံတွေကို ထပ်လှည့်ပြန်ရာ ကျနော်နှင့် သူ ထပ်မဆုံစည်း ဖြစ်တော့ချေ။ စာသင်ခန်း ထိုင်ခုံတွေမှာ ထိုင်ရတိုင်း ကျနော်က အလယ် လူသွားလမ်းဘက်ကျတဲ့ ထိုင်ခုံကို ရှောင်လေ့ရှိသည်။ အပြင်ဘက် အစွန်းခုံမှာ ထိုင်ဖို့ ကြိုးစားရတာ ကျနော့် ဝေဒနာ။ သည်အကျင့်က ကြီးသည်အထိ ပါလာသည်။

တက္ကသိုလ် ရောက်တော့ သည်အကျင့်က ဖျောက်ဖျက်လို့ မရ။ အတန်းရဲ့ ရှေ့ဆုံးခုံတန်းမှာ ဘယ်သောအခါမှ နေရာယူလေ့ မရှိ။ အလယ်လောက်၊ ရှေ့နား သုံးပုံး တပုံလောက်မှာ ထိုင်လေ့ရှိသည်။ အတွင်းလျှောက်လမ်းနှင့် ဝေးဝေးမှာ နေရာယူမြဲ။ မိမိကိုယ်ကို Expose မလုပ်ချင်တဲ့ အတွင်းလှည့်စိတ် အားကောင်းနေလေသလား။ ပထမနှစ်၊ ဒုတိယနှစ် ကာလတွေမှာ အတန်းထဲမှ ယောက်ျားလေး လေးယောက်နှင့် မိန်းကလေး ငါးယောက်က တမူထူးခြားပြီး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေကြတာ သတိပြုမိသည်။ သူတို့ အချင်းချင်း စည်းလုံးကြတာ၊ ချစ်ခင်ကြတာက ပြဿနာ မရှိ။ ပြဿနာ ရှိတာက သူတို့၏ စည်းလုံးခြင်း ချစ်ခင်ခြင်းကို အများသူငါရှေ့မှာ သာသာထိုးထိုး ပိုပိုမိုမို လုပ်ပြ နေကြလေရာ အတန်းထဲက ယောက်ျားဘသားတွေက သဘာဝကျစွာပင် မျက်စိစပါးမွေး စူးပါလေတော့သည်။ ယောက်ျားလေး အုပ်စုက လက်ချာချိန် ဆိုလျှင် အတန်းထဲသို့ စောစီးစွာ အရောက်သွားကြပြီး သူတို သူငယ်ချင်းမတွေ အတွက် နေရာ ဦးထားလေ့ ရှိသည်။ မိန်းကလေးအုပ်စု စောရောက်လျှင်လည်း ထို့နည်းအတူ။ သူတို့အုပ်စုဝင်ချင်းပဲ အများအားဖြင့် စကားပြောကြ ဆက်ဆံကြသည်။ ကျန်တဲ့ ကျောင်းသားတွေက သူတို့ အုပ်စုကို နာမည်ပြောင် အမျိုးမျိုး ပေးပြီး ပြောင်ကြလှောင်ကြ တိုက်ခိုက်ကြ။ နာမည်ပြောင် အမျိုးမျိုးထဲမှာ EAG (ဆင့်ဖင် အုပ်စု) ဆိုတဲ့ နာမည်က တွင်ကျန်ရစ်သည်။ ထိုင်စရာနှင့် ပတ်သက်၍ ဆေးကျောင်းတလျှောက် မှတ်မှတ်ရရ ဖြစ်စရာများ။

ဘွဲ့လွန်တက်ရတုန်းကလည်း ထိုင်ခုံနှင့် ပတ်သက်၍ အမှတ်တရ ဖြစ်စရာ ကြုံရသေးသည်။ ကျနော်တို့ ဘွဲ့လွန်သင်တန်းသား သုံးဦး နွေနေ့လယ်ခင်းကြီး တခုမှာ ကထိက ဆရာမကြီး တဦးနှင့် စာသင်ဖို့ ဖျားနာရုံ (၂) သို့ သွားရသည်။ သည်အချိန်က ပါမောက္ခ/ ဌာနမှူးက ပင်စင် စတင် ခံစားနေချိန်။ သူ့အခန်းက အားနေတာက တကြောင်း၊ လေအေးစက်နှင့် အေးစိမ့်နေတာ တကြောင်းတို့ကြောင့် အဲသည်အခန်းမှာ စာသင်ဖို့ ဆရာမကြီးက ဆုံးဖြတ်သည်။ ကျနော်တို့ အသီးသီး အသက အသက နေရာယူကြတော့ ဆရာမကြီးက ဌာနမှူး၏ လွတ်နေသော ခုံမှာ မထိုင်ဘဲ ခုံလွတ်တခု ယူ၍ ထိုင်ကာ အေးဆေးစွာ စာသင်သည်။ ကျနော်က လျှာရှည်ပြီး "မမကလဲ ဌာနမှူးခုံ ယူထိုင်ရေးပေါ့၊ ဌာနမှူးမှ မရှိတော့တာကို" ဟု ပြောမိသည်။ ဆရာမကြီးက "ဒီထိုင်ခုံက တို့နဲ့ မတန်သေးဘူးဟဲ့၊ သူရှိရှိ မရှိရှိ၊ သူလာလာ မလာလာ ဒီထိုင်ခုံမှာ တို့ထိုင်ဖို့ မထိုက်သေးဘူး" ဟု ပြန်ပြောတာ သတိရမိသည်။ ရန်ကုန်က ဌာန တခုကို သွားလည်တော့ ဌာနမှူး၏ သမီးငယ်က သူ့အဖေထိုင်ခုံမှာ အကျအနထိုင်ပြီး နေ့လယ်စာ 'သုံးဆောင်' နေတာ မြင်လိုက်ရတဲ့ ကျနော့်မှာ ငိုရ ရယ်ရမလို။ ထိုင်ခုံရွေး ထိုင်တတ်သော ကျနော်တို့ ဆရာမကြီးကို စိတ်ထဲမှ ကန်တော့မိသည်။

ကျနော်ကိုယ်တိုင် ဌာနမှူးခုံမှာ ထိုင်ရတော့ ကိုယ့်ထက် ဝါကြီးသူတွေ ကိုယ့်ဆရာသမားတွေ လာရင် ဌာနမှူးခုံမှာ ထိုင်ပြီး ဧည့်ခံရတာ စိတ်ထဲ မလုံသလိုလို အားနာစရာလိုလို။ နယ်က သူငယ်ချင်းတွေ လာရင်လည်း ထို့အတူ။ ဒါကြောင့် သူတို့တတွေလာရင် သူတို့နားသွားပြီး အတူတူ ထိုင်စကားပြောရ ဧည့်ခံရသည်။ ဌာနမှူးခုံမှာ အခန့်သားကြီးထိုင် စားပွဲကြီး တလုံးခြားပြီး စကားဆိုဖို့ မသင့်ဟု ခံစားရသည်။ သူတို့က နယ်က တကူးတက လာတွေ့ရတာ။ ထို့ပြင် နယ်မှာ အနေကြာပြီး မြို့ပြနှင့် ဆေးရုံကြီးတွေနှင့် ဝေးကွာနေတော့ သိမ်ငယ်စိတ် တချို့က သူတို့ကိုယ်ပေါ်မှာ တံဆိပ်ကပ် ပါနေတာ မြင်ရသည်။ နေရာ အထိုင်မှားရင်း တဦးနဲ့ တဦးကြား စည်းခြားသွားသလို၊ ဌာနမှူး ထိုင်ခုံမှာ စထိုင်ရတုန်းက မိမိမှာ နေမထိ ထိုင်မသာ။ သမားတော်ကြီး ဦးထွန်းသင် ပြောတာ သတိရမိသေးသည်။ တိပိဋကဓရ ဆရာတော် တပါး ဘွဲ့ထူးဂုဏ်ထူး ရပြီးစ အပူဇော်ခံရတော့ နေမထိ ထိုင်မထိ ဖြစ်နေတာ မြင်ရသည့် ဆရာကြီးက "အသစ်ကျပ်ချွတ် ဆိုတော့ အထိုင်မကျသေးဘူးကွ၊ ကြာတော့ အထိုင်ကျ သွားလိမ့်မယ်" ဟု ကြိုတင် ဟောကိန်း ထုတ်ဖူးသည်။ ကျနော်လည်း ဘယ်သောအခါမှ ဌာနမှူး ထိုင်ခုံမှာ အထိုင်ကျလေမည် မသိ။

တလ တကြိမ် ကျင်းပသည့် မန္တလေး ဆရာဝန် အသင်း ဟောပြောပွဲတွေမှာ ကိုယ်တိုင် ဝင်ရောက် ဟောပြောရ၊ သဘာပတိ လုပ်ရ၊ နားထောင်သူ လုပ်ရသည်။ ဟောပြောသူ လုပ်ရတာ ရှင်းပါသည်။ ရှေ့ဆုံးခုံမှာ ထိုင်ပြီး သဘာပတိ အခေါ်ကို စောင့်ရုံ၊ ပို့ချပြီး မိမိမူလ ထိုင်မြဲနေရာမှာ ပြန်ထိုင်၊ မေးခွန်းမေးရင် ထဖြေ၊ ဒါပဲ။ သဘာပတိ လုပ်ရရင်လည်း ပြဿနာ မရှိဘူးဟု ထင်ရသည်။ သဘာပတိခုံ တက်ထိုင်၍ 'ဆက်လုပ်' ရုံပေါ့။ ယနေ့ခေတ် ထုံးစံက သဘာပတိ နှစ်ဦး ထားလေ့ရှိရာ ဤတွင် မမျှော်လင့်သော ပြဿနာအချို့ ကြုံရပြန်သည်။ (သဘာပတိ နှစ်ဦး ထားရခြင်းကလည်း ဟောပြောမည့် ပုဂ္ဂိုလ်နှင့် Topic များရင် သဘာပတိ တဦးတည်း ထိန်းနိုင်ဖို့ မလွယ်တာက တကြောင်း၊ သဘာပတိ လုပ်မိမည့်သူ ဆရာကြီး တဦးဦး အချိန်ကပ်ပြီးမှ မအားလပ်ခဲ့သော် ဆိုသည်က တကြောင်းကြောင့်ပါ။) ဒီမှာ သဘာပတိ နှစ်ဦး ဘယ်လိုထိုင်ကြမလဲ။ ဘယ်သူက စဖွင့်မလဲ။ နေရာပြဿနာ ပေါ်လာသည်။ ဝါရင့်သူက စဖွင့်ရတာ၊ နေရာကောင်းကောင်း ယူရတာ ထုံးစံပါပဲ။ သဘာပတိ (၁) လုပ်ရသူ တချို့က အခမ်းအနား တခုလုံး တဦးတည်း One-man show လုပ်သွားတာ ကြုံဖူးသည်။ တခါက ဝါရင့်သူ ဆရာကြီး တဦး ကို သဘာပတိ (၂) လုပ်ရတဲ့ ပွဲတခုမှာ သဘာပတိ ထိုင်စရာခုံက တလုံးတည်း ရှိနေလေတော့ ကျနော်မှာ ကသိကအောက်နှင့် မတ်တတ် ခပ်ကြာကြာ ရပ်နေရလေသည်။ နားထောင်သူ လုပ်ရတာကတော့ လွယ်ပါသည်။ ထိုင်ရတာပဲဟာ။ နားတော့ နည်းနည်း ပူရသပေါ့။ မီးလုံးတွေ မှိတ်ပြီး ဆလိုက်ထိုးပြလေ့ ရှိသည့် ခေတ်ကြီးမှာ ထိုင်ခုံမှာ ဇိမ်ကျကျ ဝင်ထိုင်ပြီး ငိုက်လိုက်၊ မှိန်းလိုက်၊ တခါတရံ ခေါင်းထောင် ထကြည့်လိုက်။ ပြီးရင် ဘူးဖေးစားပွဲ ဝင်စားပြီး ပြန်ရုံသာ။ ကျနော်က ဘယ်ဘက် တတိယတန်း အပြင်ဘတ်စွန်းခုံမှာ ထိုင်လေ့ရှိသည်။ ရှေ့ဆုံး ပထမ ဒုတိယတန်းမှာ ဝင်ထိုင်လေ့မရှိ။ ဒီအတန်းတွေက ဆရာကြီး ဆရာမကြီးတွေ၊ ဝါရင့် ဆရာကြီးတွေ အတွက် သတ်သတ်မှတ်မှတ် ချန်ထားရတာ။ တခါက ဆရာဝန်အသင်း အမှုဆောင် ရွေးကောက်ပွဲ အစည်းအဝေး လုပ်ရာမှာ ကျနော်က ထုံးစံအတိုင်း နောက်နား ခပ်ကျကျ ထိုင်နေလိုက်သည်။ ထိပ်ဆုံး နှစ်တန်းမှာ ဆရာ ဆရာမကြီးတွေ။ သူတို့နောက် အလယ်နှစ်တန်းမှာက လူကျိုးတိုးကျဲတဲ။ နောက်နား ခပ်ကျကျမှာ ကျနော်လို အမျိုးကောင်းသားတွေ စုထိုင်ကြသည်။ ဆရာကြီး တဦးက နောက်နား ထိုင်နေတဲ့ ကျနော်တို့တတွေကို ရှေ့တိုး ထိုင်ဖို့ ဖိတ်ခေါ်သည်။ ဓာတ်ပုံရိုက်ရင် အလယ်က နေရာ ကွက်လပ်ကြီး ဆိုတော့ ကြည့်မကောင်း၍ ပါတဲ့။ သို့နှင့် ဆရာတချို့က အားနာပါးနာ ရှေ့တိုး ထိုင်ကြ၊ နေရာ ရွှေ့ကြရသည်။ ကျနော်ကတော့ ခေါင်းမာစွာပဲ မိမိနေရာမှာ ထိုင်မြဲ။ အစည်းအဝေး စတင်ပြီး မကြာခင်မှာ ပုဂ္ဂိုလ်တချို့ နောက်ပါ အဖွဲ့နှင့် ရောက်လေရာ အရင်နေရာ ရွှေ့ထိုင်ထားသည့် ဆရာတွေခမျာ နောက်ကြောင်း ပြန်လှည့်ရသည်။ မိမိတို့ နဂိုနေရာ ပြန်ထိုင်ရသည်။ ကျနော်မှာ မဆီမဆိုင် မြန်မာ့ရိုးရာ ဟာသပုံပြင် တပုဒ်ကို သတိရမိသည်။ တခါက တောရွာ အလှူ တခုမှာ သံဃာတွေ ကြွလာပြီး သံဃာစင်မှာ နေရာ အသီးသီး ယူကြသည်။ အဦးဆုံး ကြွလာသူက ရဟန်းအိုကြီး တပါး။ အလှူရှင်တွေက ဆရာတော်ကြီးတွေ ထိုင်ရမည့် ထိပ်ဆုံးမှာ နေရာ ချထားလိုက်သည်။ ပြဿနာက အဆိုပါ ရဟန်းအိုကြီးမှာ မကြာမတင် ကာလကမှ ရဟန်းပြုလာသူ တောထွက်ကြီး ဖြစ်နေခြင်းပင်။ ရဟန်းတွေ တပါးပြီး တပါး ကြွလာပြီး နေရာယူကြတော့ သူ့ထက် ဝါကြီးသူတွေချည်း ဖြစ်နေသောကြောင့် တောထွက် ရဟန်းကြီးများ ခဏခဏ နေရာ ရွှေ့ပြောင်း ထိုင်ရသည်တဲ့။ သို့နှင့် ဒကာ တဦးက "ဟောဗျာ ဘုန်ကြီးကြီးက ဘယ့်နှယ် ဘယ့်နှယ် နေရာ ရွှေ့ရွှေ့ လာရသတုံး" လို့ ပြောတော့ တောထွက်ကြီးက စိတ်ချဉ်ချဉ်နှင့် "ဝါတဲ့ဗျာ၊ ဝါတဲ့" ဟု အငေါ်တူးသံနှင့် ပြန်ဖြေလိုက်သည်တဲ့။ ယခုလည်း ကျနော့် သူငယ်ချင်း ဆရာဝန် တစုမှာ "ဝါတဲ့ဗျာ၊ ဝါတဲ့" ဟုပဲ ကြွေးကြွော်ရမလို။

အိုင်တီ (IT) လို့ ခေါ်တဲ့ အင်ဖော်မေးရှင်း တက္ကနော်လော်ဂျီ (Information Techonology) ခေတ်ကြီးမှာ ကွန်ပျူတာရှေ့ထိုင်တဲ့ အချိန်တွေ ပိုပို များများလာသည်။ ကြာကြာထိုင်ရတော့ ခါးညောင်း နောက်ကြောတက် ဇက်ထိုး မျက်စိကိုက် ဖြစ်ရသည်။ ဒါကြောင့် ဘယ်လိုခုံနှင့် ထိုင်သင့်သလဲ။ ဘယ်လို ထိုင်ရမလဲ၊ ခါးကို ခေါင်းကို လက်ကို လည်ပင်းကို ဘယ်လို ထားရမလဲ။ ခုံအမြင့်က ဘယ်လောက် ရှိသင့်သလဲ။ ဒါတွေ လေ့လာသည့် ပညာရပ် (Ergonomics) ကို အဖွဲ့အစည်းတွေမှာ လက်တွေ့ အသုံးချနေကြရပြီ။ တရားအားထုတ်သည့် ပုဂ္ဂိုလ်တွေမှာလည်း အထိုင်မတတ်က အထိုင်မတည့်က အာရုံ စူးစိုက်စွာ တည်ငြိမ်စွာ ဆက်ထိုင်ဖို့ ခက်ခဲလှကြောင်း ပြောသံ ကြားရဖူးသည်။ ထိုင်စရာ နေရာအပြင် ထိုင်တတ်ဖို့ကလည်း အလားတူ အရေးပါလှကြောင်း ကောင်းကောင်းကြီး သိလိုက်ရသည်။

ကျနော့် ဆေးခန်းမှာလည်း ထိုင်စရာ ပြဿနာနှင့် မကင်းချေ။ ဆေးခန်း ဖွင့်ခါစက ဆေးခန်းမှာ လူနာ ထိုင်စရာခုံ မပါချေ။ လူနာက ရောက်ရောက်ချင်း လူနာ ခုတင်ပေါ် တန်းထိုင်ရသည်။ ကျနော်က စားပွဲနားကပ်လျက် ထိုင်ခုံမှာ ထိုင်ရင်း ခုတင်ပေါ် ထိုင်နေသည့် လူနာကို ရောဂါရာဇဝင် မေးသည်။ ကျနော့် စားပွဲက နံရံနှစ်ဖက်ကြားထောင့်မှာ ကပ်လျက်သား။ လွတ်နေသည့် စားပွဲတဖက်မှာ လူနာခုတင်၊ ကျန်တဖက်က ကျနော် ထိုင်တဲ့ခုံ ထားသည်။ ကျနော့် ထိုင်ခုံက လူနာ ဝင်ပေါက်နှင့် ကပ်လျက်သား။ ကျနော်က လူနာဘက် လှည့်မေးလိုက် စားပွဲပေါ်မှ မှတ်တမ်းစာအုပ်ထဲ လှည့်ရေးလိုက် လုပ်ရသည်။ ပြီးမှ လူနာကို ခုတင်ပေါ် လှဲလျောင်းစေပြီး စမ်းသပ်ရသည်။ ပြဿနာက ကျနော် ထလိုက်သည်နှင့် တချို့ လူနာရှင်တွေက ကျနော့်ထိုင်ခုံမှာ အကျအန ဝင်ထိုင်ပါလေတော့သည်။ တချို့ လူနာစောင့်တွေက သူတို့နှင့်အတူ သယ်လာသော ပစ္စည်းတချို့ကိုပင် ကျနော့် ထိုင်ခုံပေါ်မှာ နေရာ ချထားလိုက်သေးသည်။ ကျနော် လူနာကို စမ်းသပ် စစ်ဆေးပြီး ပြန်ထိုင်မှ လူနာရှင်တွေက ပစ္စည်းတချို့ ပြန်ကောက်သိမ်းနေလို့ ဆရာဝန်ခမျာ ခပ်စန့်စန့် မတ်မတ်ရပ်နေရတတ်သေးသည်။ သဟာကြောင့် ဆေးခန်း ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရသည်။ စားပွဲကို နံရံတဖက်မှ ခွာထုတ်ပြီး ကျနော့်ခုံကို နံရံနှင့် စားပွဲကြား သွင်းလိုက်သည်။ ထိုင်ခုံကို လူနာရှင်တွေရဲ့ စက်ကွင်းမှ လွတ်အောင်။ စားပွဲတဖက်မှာ လူနာထိုင်ဖို့ ထိုင်ခုံတလုံး၊ လူနာခုတင် ခြေရင်းမှာ လူနာရှင် အတွက် ထိုင်ခုံတလုံး ချထားပေးလိုက်သည်။ ထိုင်စရာ ပြဿနာ ပြီးပြီးဟု ယူဆလိုက်ချိန်မှာပဲ ပြဿနာ အသစ်က ပေါ်လာပြန်သည်။ လူနာရှင်တွေက ခြေရင်းနားက ထိုင်ခံမှာ ထိုင်ချင်ပုံမရ။ အထူးသဖြင့် လူနာစောင့် အဖြစ် လိုက်လာသည့် ယောက်ျားဘသားတွေ၊ လူနာမိန်းမက ခုတင်ပေါ် လျောင်းလိုက်ပြီး ခြေစန့်လိုက်သည်နှင့် မဟာပုရိသတို့က ချက်ချင်း ဆတ်ခနဲ့ မတ်တတ်ရပ်လိုက်ပြီး လွတ်နေသော လူနာထိုင်ခုံပေါ် စွေ့ခနဲ ပြောင်းထိုင်သည်။ မရှိတဲ့ဘုန်းတွေ လျော့ပါး ပျောက်ပျက်ကုန်မှာ စိုး၍ထင့်။ မိနစ်ပိုင်းမျှ ကြာသော 'ခြေဆင်း'ကလေးကိုပင် သူတို့ခမျာ နှစ်လိုပုံမရ။ ထို့ပြင် လူနာက ထိုင်ခုံမှာ ထိုင်ရင်း ရောဂါရာဇဝင် ချီနေရင်လည်း လူနာရှင်တွေက ခုတင်ခြေရင်းက ထိုင်ခုံကို ဆွဲယူလာပြီး လူနာဘေး ယှဉ်ထိုင်တတ်သည်။ လူနာကို မေးသမျှ ဆရာဝန် မေးခွန်းတွေကို သူတို့ကပဲ ဒိုင်ခံ ဝင်ဖြေကြသည်။ လူနာ ဖြေနေရင်းတန်းလန်း သူတို့က အတင်းဝင်ရောက် စွက်ဖက်တတ်သေးသည်။ အားလုံး စမ်းသပ်ပြီးစီး၍ လူနာရော လူနာရှင်ပါ ဖုန်ဖက်ခါ ထွက်သွားကြလျှင် ထိုင်ခုံတွေကို သည်အတိုင်း ထားပစ်ခဲ့တာ များသည်။ ကျနော့်မှာ လူနာတွေ ထွက်သွားတိုင်း ခုံတွေ ပြန်စီရတာ အကြိမ်ကြိမ်။ ကြာတော့လည်း ခံရဖန်များ၍ အားမနာနိုင်တော့ပြီ။ လူနာရှင်တွေကို ခုံတွေ သူ့နေရာသူ ပြန်ရွှေ့ခဲ့ဖို့ ခပ်တည်တည် ပြောရသည်။ မိမိအတွက် ပေးထားသည့် ခုံကို နေရာ ရွှေ့ချင်သူတွေ။

ထိုင်စရာ တနေရာနှင့် ပတ်သက်၍ နောက်ဆုံး မှတ်မှတ်ရရ ဖြစ်စရာ တခု ရှိလေသေးသည်။ တိုင်းအဆင့် အစည်းအဝေး တခု တက်ရတုန်းကပါ။ ကျန်းမာရေး ဌာနနှင့် တိ/မွေးကု ဌာနတို့ ဦးစီး ကျင်းပရသောပွဲ။ ယင်းအစည်းအဝေးပွဲမှာ ထုံးစံအတိုင်း ကျနော်က နောက်နား ခပ်ကျကျ ထိုင်လိုက်သည်။ ကျန်းမာရေး အဖွဲ့နှင့် ခပ်ဝေးဝေးမှာ။ အင်တာနက်မှ ကူးထားသည့် ပညာရပ်ဆိုင်ရာ စာကြွေးတချို့ကို ဖတ်ရှုရန် သို့ကလို နေရာယူခြင်း ဖြစ်သည်။ သဘာပတိက အမှာစကားပြော အပြီး ဆွေးနွေးပွဲကို ဖွင့်လိုက်သည်။ ထုံးစံအတိုင်း ရှေ့နားခပ်ကျကျ ထိုင်နေသည့် ဆရာကြီးတွေကပဲ စပြီး သူတို့ရဲ့ အာဘော်ကို တင်ပြသည်။ အရေးတကြီး ကိစ္စဖြစ်၍ ဆရာကြီးတွေ အားလုံးလိုလိုပင် ဝင်ရောက် ဆွေးနွေးကြ၊ ဝေဖန် သုံးသပ်ကြ၊ တဦးပြောတာ တဦးက အားမနာတမ်း ထောက်ခံကြ၊ သဘောတူကြပေါ့။ ကျနော်က အစည်းအဝေးတွေမှာ မိမိနှင့် မဆိုင်သည့် ကိစ္စတွေမှာ ရေငုံ နှုတ်ပိတ်နေလေ့ ရှိသူ။ မိမိက ဘာမှ ထူးထူးခြားခြား Contribute မလုပ်နိုင်ရင် ငုတ်တုတ် ထိုင်နေတတ်သူ။ သူများတတွေ ပြောကြ ဆိုကြတာနှင့် ပြောပုံ ဆိုပုံတွေကို စိတ်ဝင်တစား စောင့်ကြည့်လေ့ရှိသူ။ ထိုနေ့ကတော့ ပြောကြတောတွေ များပြီး ဝေ့လည်လည် ဖြစ်နေသည် ထင်၍ မိမိ ထပြောရန် ဆုံးဖြတ်လိုက်သည်။ 'ဆိုရေးရှိက ဆိုအပ်လှ၏' ဟု ရှင်ရဋ္ဌသာ မိန့်မှာခဲ့သည်လေ။ သဘာပတိက ကျနော် လက်မြှောက်ပြပြီး ခွင့်တောင်းနေသည်ကို တော်တော်နှင့် မမြင်။ နောက်နား ခပ်ကျကျမှာ ထိုင်ချင်ဦးဟဲ့ဟု မိမိကိုယ် မိမိ စတင် ကျိန်ဆဲမိသည်။ နောက်ဆုံး သဘာပတိ၏ ခွင့်ပြုချက်ရတော့ "ကျနော် ကျန်းမာရေး ဌာနကပါ" ဟု မိတ်ဆက်ပြီး ကျနော့်အမြင်ကို တင်ပြဖို့ စတင်ပါသည်။ ကျနော် စကားပြောလောနေ၍ တကြောင်း၊ နောက်နား ခပ်ကျကျမှာ နေပြီး 'မိုက်ခွက်' မပါဘဲ ပြောရသည်က တကြောင်းတို့ကြောင့် သဘာပတိက ကျနော့်ကို မည်သူမည်ဝါဟု စမ်းဝါးမိပုံ မရ။ နောက်နား ခပ်ကျကျ ထိုင်နေတော့ ဤအစည်းအဝေးနှင့် တိုက်ရိုက် မဆိုင်လှသော ဌာနက အရာရှိ ခပ်ငယ်ငယ်ပဲဟု ယူမှတ်ကာ "ကဲ မင်းက စည်ပင်က ထင်တယ်၊ ပြောကွာ" ဟု ပဋိသန္ဓရ ပြုပါလေသည်။ တကယ်က သည်အစည်းအဝေး ကျင်းပရခြင်း၏ ရင်းမြစ်မူလ တိုင်းအဆင့် ဆိုင်ရာ ကျန်းမာရေး ပြဿနာကြီးကို ကိုင်တွယ် ဖြေရှင်းဖို့ ဖွဲ့ထားသည့် ဆပ်ကော်မတီတွေမှာ ကျနော်က လက်ရင်းကျကျ ပါဝင်ပတ်သက် လှုပ်ရှားနေရသူ။ နေရာ၏ အရေးပါပုံကို ကျနော် သိလိုက်ရသည်။ ကျနော်က ကိုယ့်ကျန်းမာရေး အဖွဲ့နှင့်မှ သွားမထိုင်တာ။ အတူတူထိုင်ပါက သဘာပတိကြီးက ကျနော် မည်သူမည်ဝါ ဆိုတာ တန်းသိမည် ဖြစ်သည်။ ယခုဖြစ်ပုံက သူ မထင်မှတ်သည့် နေရာမှာ သိပ်အရေးမပါသည့် သူတွေနှင့် ကျနော်က ရောနှော ထိုင်မိပေသကိုး။ "အပျိုလို မနေမိလို့ ကိုယ်ယိတယ်လေး" ဖြစ်ရပုံ။ သြော် … ထိုင်စရာ … ထိုင်စရာ။ သြော် … နေရာ … နေရာ။

ဘယ်နေရာမှာ ထိုင်မလဲ။ ဘယ်လို ထိုင်မလဲ။ ဘယ်သူတွေနားမှာ ထိုင်မလဲ။ ဘယ်အချိန်မှာ ဘယ်ခုံမှာ ဘယ်သူတွေနဲ့ ဘယ်လို ထိုင်ရမယ် ဆိုတာ ကျနော် ကြိုးစား သင်ယူရဦးမည်။

ဒေါက်တာအောင်ကြီး

စာပြီးရက် - ၁၉၊ ၄၊ ၂ဝဝ၆။

source: myanmarisp

No comments:

Post a Comment