(နံ့သာလိမ်းကွက် လရောင်ပြက်မှာ)
ခါတစ်ခေါက် ရွာရောက်ကယ်လှမ်းခဲ့ပ၊
သာတမ်းဖြင့်ရှိစေတော့၊
အမိတို့ တောရွာအိမ် သည်ချိန်ကို
ပဲစဉ်အောက် လပြောက်မှာ ဗိုင်းငင်
ရွှေရင် အင်္ကျီသိုင်းလို့၊ တပိုင်းကပိုကရိုနှင့်၊
အစ်ကိုကို ပန်းပြလိုက်မယ်လေး။
တစ်ဖက်ကယ်မှောင်ကာ တစ်ခြမ်းဟာမှာ
နံ့သာလိမ်းကွက် လရောင်ပြက်မှာ
အသက်ကယ်နှင်းဆောင်၊ နွားခွံခင်းတဲ့
တန်လင်းပြောင်ဝယ်၊ ရိပ်ယောင်မထင်
လူခြေတိတ်ကိုမှ၊ ရွှေလိပ်ပြာရွှင်စေ့မယ်၊
ဦးရင်တို့ မြို့သူလို တို့တောမူ တယ်မကြမ်းပါဘူး၊
ခြေရေကုန် လည်ဆံကမ်းချိန်မှ ဖမ်းပါ့မယ်လေး။
ဦးကြီး(ကုန်းဘောင်ခေတ်)
တောဓလေ့။
သူ့ရွာကိုတစ်ခါ တော့ လာခဲ့ပါတဲ့။
သာတမ်းဖြင့်ရှိစေတော့
ဆိုတာက သူ့ရွာက သိတ်သာယာလှပါတယ်၊ အဲဒါကို
ပြောမနေပါနဲ့တော့တဲ့။
ကြည့်ရတာ ရွာသာယာပုံထက် သာယာတာရှိသေးတယ်လို့လည်း
ပြောချင်ပုံပါပဲလို့လည်း တွေးမိပါတယ်။
အမိတို့ တောရွာအိမ် သည်ချိန်ကို
ပဲစဉ်အောက် လပြောက်မှာ ဗိုင်းငင်
သည်ချိန်ဆိုရင်တဲ့
တောရွာက သူမအိမ်က လရောင်ပျိုးပြက် ကျရောက်နေတဲ့
ပဲစင်အောက်မှာ ဗိုင်းငင်နေမှာပဲတဲ့။
ရွှေရင် အင်္ကျီသိုင်းလို့၊ တပိုင်းကပိုကရိုနှင့်၊
အစ်ကိုကို ပန်းပြလိုက်မယ်လေး။
ဗိုင်းငင်နေပုံက ရွှေရင်ကိုအင်္ကျီသိုင်းလို့ တပိုင်းကပိုကရိုနဲ့ပါတဲ့။
ပြောစရာမလိုပဲနဲ့ ရွှေရင်ကို အင်္ကျီပိုင်းထားပုံက တစ်ပိုင်းတစ်စ
ကပိုကရိုဖြစ်နေတဲ့ပုံလို့ ပြောလိုက်ပြီး အဲဒီပုံနဲ့ ဟန်ပြလိုက်မယ်လို့
ပြောတာပါ။ ပန်းပြတယ်ဆိုတာ ပုံစံပြခြင်း ဟန်ပြခြင်းဖြစ်ပါတယ်။
တစ်ဖက်ကယ်မှောင်ကာ တစ်ခြမ်းဟာမှာ
နံ့သာလိမ်းကွက် လရောင်ပြက်မှာ တဲ့
ပဲစင်အောက် အခြေအနေက တစ်ဖက်က မှောင်နေပြီး
တစ်ဖက်ခြမ်းက သနပ်ခါးနံ့သာလိမ်းကျံထားတဲ့ ပါးကွက်ဝိုင်း
ပုံသဏ္ဍာန် လရောင်ပြောက်လေးတွေ ပျိုးပျိုးပြက်ပြက်
ကျရောက်နေပါတယ်တဲ့။
ပဲစင်အောက်က အဲဒီအခြေအနေမှာ
နွားသားရေခင်းထားပါတယ်တဲ့။
အသက်ကယ်နှင်းဆောင်၊ နွားခွံခင်းတဲ့
တန်လင်းပြောင်ဝယ်၊ ရိပ်ယောင်မထင်၊
လူခြေတိတ်ကိုမှ၊ ရွှေလိပ်ပြာရွှင်စေ့မယ်၊
အသက်ကယ်နှင်းဆောင်ဆိုတာ နွားကအသက်ပေးပြီးသေမှ
ရထားတဲ့ နွားသားရေကို နွားခွံလို့ သုံးထားပြီး
အဲဒီနွားသားရေကို ပဲစင် အောက်က ခုနအခြေအနေအောက်က
မြေတလင်းပြောင်ပြောင်မှာ ခင်းထားပြီး အရိပ်အယောင်
မထင်တော့တဲ့ လူခြေတိတ်ချိန်ရောက်တော့မှတဲ့
ဘာများလုပ်မှာပါလိမ့် ရွှေလိပ်ပြာရွှင်စေ့မယ်တဲ။
ညအချိန် ပဲစင်အောက်က တလင်းပြောင်မှာ
နွားသားရေခင်း ထားပြီး တစ်ခြမ်းမှောင်
တစ်ခြမ်းလရိပ်ပျိုးပြက် ကျရောက်လျက်မှာ
လူရိပ်လူယောင်မမြင်ရတော့တဲ့ လူခြေတိတ်တော့မှ
စိတ် ဘဝင်မှာပျော်ရွှင်စေရမယ် ဆိုတာ ချစ်မှုရေးရာကိစ္စလို့
လှလှပပပြောလိုက်တာပါပဲ။
တည့်တည့်ပြောရရင် မြေတလင်းက နွားရေခွံပေါ်မှာ
ချစ်ဗျူဟာခင်း ပြမယ်လို့ပြောတော့တာပါပဲ။
ဘယ်လိုများပါလိမ့်။
ဦးရင်တို့ မြို့သူလို တို့တောမူ တယ်မကြမ်းပါဘူး၊
ခြေရေကုန် လည်ဆံကမ်းချိန်မှ ဖမ်းပါ့မယ်လေး။
ကဲ မြို့သူတွေလို တို့တောမူက သိတ်မကြမ်းပါဘူးတဲ့။
ဘယ်လိုဆိုတာ စာဆိုဦးကြီးရဲ့ တောဓလေ့ကဗျာ နောက်ဆုံး
စာကြောင်းကိုပဲ ခက်ဆစ်အဖြေ ပြန်ပေးလိုက်ပါရစေ။
လည်ဆံကမ်း ဆိုတာ ကြက်ခွပ်တာပါတဲ့။
ခြေရေကုန်ဆိုတာ ခြေကုန် ရေကုန်၊ အစွမ်းကုန်ပါ။
ကြက်ခွပ်ရာမှာ ခြေစွမ်းရှိသလောက် ခွပ်တာကို ခြေကုန်အောင်
ခွပ်တယ်လို့ဆိုပါတယ်၊ တစ်ကြိမ်ခွပ်ပြီးလျင် ရေတစ်ခါပေးရလို့
သုံးကြိမ်တိုင်တိုင် ခွပ်တာကို ရေကုန်အောင် ခွပ်တယ်လို့ ဆိုပါတယ်။
တို့တောမူက သိတ်တော့မကြမ်းပါဘူး
သုံးကြိမ်တိုင်တိုင်ပြီးမှ ဖမ်းပါ့မယ်လေးလို့ဆိုတာတော့
ဦးကြီးရဲ့ တောဓလေ့ လွမ်းချင်းတွေကို ဖတ်ရှူသူ စိတ်မှာ
မြင်ယောင်သလိုသာ ဖွင့်ဆိုခံစားနိုင်ပါတယ်လို့ ဆိုပါရစေ။
ဒီဇိုင်းမျိုးဆွေသန်း
၂၈၊ဖေဖေါ်ဝါရီ၊၂၀၂၂။
ပဲခူးမြို့၊ဦးလူနီလမ်း၊ ဗာဒံပင်အောက်။
Source (Myo Swe Than)
Wednesday, November 23, 2022
Tuesday, November 8, 2022
ဆင်လည်းပစ်သလို ကြာဇံသုတ်လည်း ရောင်းတဲ့သူ
သူက စိတ်ဝင်စားဖွယ်ကောင်းတဲ့သူ.. ဘုန်းကြီးကျောင်းသား စားပွဲထိုးဘဝကနေ ဟိုတယ်၊စားသောက်ဆိုင်၊ဆောက်လုပ်ရေး၊သစ်လုပ်ငန်း၊ယာဉ်လုပ်ငန်း၊ရတနာ၊ မြေ၊ ဓါတ်ဆီဆိုင်လုပ်ငန်းတွေနဲ့ အောင်မြင်သူ...ကံ ဉာဏ် ရှိလို့ ဒီဘဝ ရောက်လာတာ .. သူ့ဝန်ထမ်း ငါးထောင်လောက်ရှိမည်ထင်..
တပည့်ရှားပြီးတပြားမှမရှိတဲ့ ဘုန်းကြီးကျောင်းသား၊ စားပွဲထိုးကနေ...ဒီဘဝ ရောက်ဖို့မလွယ်လှ..သူကလည်းဘဝအဟောင်းကို ကြွားကြွားဝံ့ဝံ့ နေ့တိုင်းရေရွတ်နေသူ..
မိုးကုတ်ဦးမြမောင်ထက် ပိုမချမ်းသာရင်သာနေမယ်.. လူ့စရိုက်ချင်း ယှဉ်နိုင်လောက်ပေတယ်..ငွေကို လေလိုသုံးသူ... ကျွန်တော်သူ့ကိုစိတ်ဝင်စားတယ်.. သူနဲ့ ကျွန်တော်ကြား ဘာ အပေးအယူမှမရှိ.. ခင်မင်ယုံသာ... ကျွန်တော်က သွားသွားအလှုခံတာပဲရှိတယ်.. သူကလည်း ကျွန်တော့်ထက်ချမ်းသာတဲ့ သူဋ္ဌေးတွေကြား.. ကျွန်တော့်တော့ခင်တယ်..
တနေ့ ကျွန်တော်မေးကြည့်သည်.... အကိုကြီးက အောင်မြင်တဲ့လုပ်ငန်းရှင်.. ကျွန်တော့်ထက်အများကြီးအောင်မြင်တယ်.. ကျွန်တော်နဲ့ အကိုကြီးနဲ့ရုန်းကန်ခဲ့ပုံခြင်း ဆင်တယ်ထင်တယ်..အကိုကြီးကျွန်တော့်စာဖတ်နေတဲ့လူငယ်တွေကို ကိုဘာပြောပေးနိုင်မလဲ လို့မေးလိုက်တယ်.. ကလေးတွေအတွက် အကို့စီးပွားရေး အယူအဆ သို့မဟုတ် အောင်မြင်လာပုံ ပြောပါ့လားဗျာ... ကျွန်တော်ရေးချင်လို့ လို့... ဆိုတော့ မင်းကွာ ငါက ဓါတ်ပုံတောင်အရိုက်မခံတာ... ပြောချင်ပါဘူး တဲ့... တခုတော့ပြောပါဗျ.. အကိုကြီးက စကားပြောကောင်းတယ်..ဆိုတာ့ သူစဉ်းစားတယ်.. ပုံမှန်ဆို ဒီလိုတောင်းရင်ပြောမှာမဟုတ်ဘူး...အခုတော့ နှစ်ယောက်သား ဝိုင် နှစ်လုံး ဆေးပြင်းလိပ်နှစ်လိပ် ကုန်ပြီ.. အဲ့ဒီကျမှ သူက .. အေး တခုတော့ပြောမယ်ကွ ... မင်း ပြောတဲ့ မင်းစာဖတ်တဲ့ ကလေးတွေကိုပြောလိုက် .. ငါ့နံမည်မထည့်နဲ့ တဲ့ ..
စီးပွားရှာရာမှာ နည်း နှစ်နည်းရှိတယ်.. ဆင်ပစ်မှာလား... ကြာဇံသုတ် မှာလား မေးလိုက်..ဆင်ပစ်တယ် ဆိုတာသိလား ဆိုတော့ ကျွန်တော်ခေါင်းခါပြတယ်.. မင်းကလည်းကွာ... ဆင်ပစ်ဖို့ ငါတို့ဆီမှာတော့ ပြောင်းရှည်တူးမီးသေနတ်လိုတာပေါ့ကွာ... တူးမီးသေနတ်ကို လေ့ကျင့်ရတယ်.. ဘယ်ကိုက်အကွာအဝေးကို ပစ်မလွဲ ထိအောင်ပစ်နိုင်သလဲ အကြိမ်ကြိမ်ကျင့်ရတယ်.. လေ အစုန် အဆန် နားလည်ရတယ်.. ဆင်ဖမ်းရင် လေအောက်က မဝင်ရဘူး... လေ အကြောင်းနားလည်ရတယ်.. တောအကြောင်းနားလည်ရတယ်.. ဆင်အုပ်အကြောင်းနားလည်ရတယ်..အကြိမ်ကြိမ်လေ့လာရတယ်..... လေညှာကနေ ဆင် ကို သေချာချိန်..နားထင်နေရာချိန်...ငြိမ်နေရမယ် မလှုပ်နဲ့..ဟိုးက မြက်တောထဲဆင်.. အေး... ပစ်ပြီဆိုရင် မင်းသေချာတွက်ချက်ပြီးပြီ ထိပြီ လို့မှတ်မှ မောင်းဆွဲဖြုတ်... ဒိုင်း ဆို သူ့ကိုမှန်ရင် ဆင်က ချက်ခြင်းမသေဘူး...သေနတ်ဘယ်ကလာသလဲ ကြည့်လိမ့်မယ်... ဆင်က တခြားသတ္တဝါနဲ့ မတူဘူး.. အသိဉာဏ်ကြီးတယ်.. ထွက်မပြေးဘူး... မင်းကို ချဖို့ပြေးလာမှာ...
ကိုယ်တွက်ချက်ထားမှာက ကိုယ်နဲ့ ကိုက် တရာမှာ လဲရမယ်.. ပြောင်းကို ပုခုံးပေါ်တင်ပြီး ပြေးလာတဲ့ဆင်ကိုအရသာရှိရှိကြည့်... မင်းတွက်ကိန်းမှန်ရင်၊ မင်းပစ်တာ ထိချက်မှန်ရင် ကိုယ့်ဆီပြေးလာတဲ့ဆင်.. ကိုက်တရာမှာ ဘိုင်းကနဲ လဲ ကျသွားလိမ့်မယ်.. မင်းထိချက်မမှန်ရင် မင်းပြေးလို့မလွတ်ဘူး... တူးမီးသေနတ်ထဲ ယမ်းထပ်သွင်းဖို့ အချိန်မရဘူး..ဒီတော့ ဆင်ပစ်မှာလား... သေချာလား... သေချာမှ ဆင်ပစ်ကွ...
စီးပွားရေးလည်းအဲ့လိုပဲ .. အကြီးကြီးထိချင် သေချာလေ့ကျင့်၊အကြိမ်ကြိမ်ကြိုးစား၊ အကြိမ်ကြိမ်ပြင်ဆင်.. ပြီးရင် သေချာမှ လုပ်... ဆင်ဆိုတာ ခဏ ခဏ ပစ်လို့မရဘူး...သူ့အသက် ကိုယ့်အသက် လဲရတာ.. စွန့်လုပ်ရတာ.. သေချာသက်လုံကောင်းအောင်ပြင်ထားမှ... အေး..ဆင်ရပြီဆိုရင် အစွယ်၊ အရေ၊ အသား၊ အရိုး၊ အမြှီး အများကြီးရလိမ့်မယ်...
ဘဝ မှာ ဒီအလုပ်ဟာ ငါ့ဘဝ ပြောင်းသွားနိုင်တယ် ဒါမရရင် သွားပြီ ဆိုတဲ့ ကိစ္စမျိုးတွေပေါ်လာတဲ့အခါ ဆင်ပစ်သလိုပဲ.. သေချာတွက်ချက်ပြင်ဆင်ပြီး မှ ပစ်ရတယ်.. ကိုယ့်ထက်အင်အား အဆ တရာလောက်ကြီးတဲ့ ဆင်ကြီး ကိုယ့်ရှေ့ ဘိုင်းကနဲ လဲစေချင်ရင် တော့ ပြင်တတ်မှပေါ့ကွ..
နောက်တနည်းက ကြာဆံသုတ်နည်း... မင်းကြာဇံသုတ်စားဖူးတယ်မို့လား... စားဖူးတာပေါ့အကိုကြီးရ.. အေး .. ကြာဇံသုပ်ရင် ကြာဇံလေးကိုပြုတ်.. မဆတ်မပျော့အောင်ပြုတ်.. ဆနွင်းလေးနဲ့ ကြက်သွန်ဖြူလေးနဲ့ ဆီချက်လေးချက်... မတူးစေနဲ့... ဆီချက်ဆီလေးနည်းနည်း၊ ဆားလေးနဲနဲ၊ ပဲမှုန့်လေးကို ကျက်အောင်လှော်၊ မတူးစေနဲ့ သေချာလှော်... ကြက်သွန်ဖြူ နီလေးနည်းနည်း.. ဂေါ်ဖီထုတ်လေးနည်းနည်း၊ အာလူးနည်းနည်း.. အချိုမှုန့် အသားမှုန့် ဒါမှ မဟုတ် သကြားလေးနည်းနည်း၊ ဆားလေးနည်းနည်း ငံပြာရည်လေးနဲနဲ ..မင်းအကုန်စပ်ပြီး သေချာနှံအောင်နယ်... မြည်းကြည့်.. လိုတာထည့်..စားကြည့်... ကောင်းလား.. အေး... ကောင်းရင်လာစားကြလိမ့်မယ်..မင်း အစပ်အဟပ်တည့်မှ ရောင်းရမယ်... မင်း ချိုစေချင်လွန်းလို့ စေတနာပိုပြီး အချိုတွေ စွတ်မထည့်ရဘူး.. တခူခုပိုလွန်းသွားရင် ပျက်သွားရော.. ကြာဇံဖတ်တွေအများကြီးထည့်ရင် စားမကောင်းဘူး..ဒါပဲကွ.. စီးပွားရေးမှာလည်း စပ်တတ်ရတယ်... တောင်လုပ်မြောက်လုပ် မရဘူး.. အစပ်အဟပ်ညီမှ..ကျင့်ထားမှ..
တခါတခါကျ တချို့ က အမြင်နဲ့စားလိမ့်မယ်... ကိုယ့်အသုတ်ကလေးက အမြင်လှလို့ လာစားတဲ့လူတွေ..စားတဲ့အခါ အရသာလည်းရှိမှ.. ဒါမှပြန်လာမှာ.. အမြင်တော့လှပါရဲ့.. ချိုပါစေတော့ ဆိုပြီး သကြားတွေ နင်းထည့်လို့မရဘူး.. ဟိုက နောက်လာမှာမဟုတ်တော့ဘူး.. တောင်ပြောမြောက်ပြော မဟုတ်က ဟုတ်က လုပ် ဆိုရင် အမြင်ကြည့်ပြီး လာစားတဲ့ပရိဿတ်လို တခါပဲစားလိမ့်မယ်..အချိုမှုန့်တွေ များတဲ့ ဆိုင်လိုပဲ.. နောက်လာမစားတော့ဘူး..အရာရာ အစပ်အဟပ်တည့်မှ စားကောင်းတာ..စေတနာနဲ့ ငံမှာစိုးလို့ ဆားလျော့လို့မရသလို ပိုလို့လည်းမရဘူး..
အလုပ်ထက်အပြောများတဲ့လူတွေက အချိုမှုန့်သိပ်များသွားသလိုပဲ .. တခါပဲ..အရသာရှိပြီး အမြင်မလှလည်း ရောင်းမကောင်းဘူးကွ.. သန့်သန့်ရှင်းရှင်း လှလှပပ အစပ်အဟပ်တည့်တည့် လုပ်နိုင်မှ.. စီးပွားရေးမှာလည်း အဲ့လိုပဲ... မဟုတ်က ဟုတ်က ပြော မဟုတ်က ဟုတ်က လုပ်ရင် တကြိမ်ပဲ.. ကြာကြာမခံဘူး.. အပြော၊ အလုပ်၊ အားထုတ်မှု၊ ကြော်ငြာ၊နေရာ၊အချိန် အစပ်အဟပ်တည့်တည့်လုပ်တတ်အောင်လေ့ကျင့်ထား၊ တခု ပိုသွားရင် ပျက်တတ်တယ်..
လူဆိုတာ တယောက်နဲ့တယောက် တစီးပွားနဲ့ တစီးပွား .. ဘယ်သူ က အချို့မှုန့်များတယ်၊ ပဲမှုန့်များတယ်၊ ဘယ်သူက ဆားငံတယ် ဆိုတာ ကြာရင် သိလာ ကြတာပဲ.. ကိုယ့်ဘဝ ကိုယ့်အလုပ် ကို ကြာဇံသုတ်ကောင်းကောင်းလို နေတတ်ထိုင်တတ်မှ ဝယ်သူလာမယ်... အေး...အဲ့လိုရေးလိုက်... ငါ့နံမည် မထည့်နဲ့..
သူက ဆင်လည်းပစ်သလို ကြာဇံသုတ်လည်း ရောင်းတဲ့သူ..
source: Kyaw Swar Min FB
Tuesday, November 1, 2022
တံကဲ တခု၏ ရာဇဝင် - ပခုက္ကူ ရွှေကူတံကဲ
တံကဲ တခု၏ရာဇဝင် ပခုက္ကူ ရွှေကူတံကဲ
သမိုင်းရာဇဝင်နှင့်ပတ်သက်သော် လူတို့၏သမိုင်းရာဇဝင်အပြင် ပစ္စည်းများ၏ရာဇဝင်ကိုလည်းပြောပြချင်သည်။ ပခုက္ကူမြို့သို့ အလည်ရောက်ခိုက် ဆရာဦးဝမ်းမောင်၏ကျေးဇူးကြောင့် ရွှေကူ တံကဲ သို့လေ့လာခွင့်ရခဲ့ပါ၏။ အားလပ်ရက်မို့ ဆရာက လေ့ လာရေးလိုက်ပို့ခဲ့ရာ ပခုက္ကူမြို့၊ ရွှေကူမြတ်စွာဘုရားဝင်းအတွင်း၌ ရှိသော တံကဲတော်ကြီးဆီသို့ လေ့လာ ရေးရောက်ရှိခဲ့ပါ သည်။
ဦးစွာပထမ တံကဲ ဟူသည်ဘာလည်းဆိုသည်ကို ရှင်းရဦးမည်ထင်ပါသည်။ တံကဲ ဟူသည်ကား မြတ်စွာဘုရား နောက်တွင် ထားရှိအပ်သော သစ်သားအဆင်တန်ဆာဟု ဆိုလျှင်ရမည်ထင်ပါသည်။ သို့ဆိုလျှင် ထိုသစ်သားအဆင် တန် ဆာတစ်ခု အကြောင်း စာတစ်စောင်ပေတစ်ဖွဲ့ရေးပြနေစရာ ဘာများလိုအပ်ပါမည်နည်း။လိုအပ်ပါ၏၊ ထူးခြားမှုရှိ၍သာ ဖြစ်ပါသည်။ မထူးခြားလျှင်ဤစာငါမတင်ဟုပင် ရဲရဲကြီးအာမခံလိုက်ပါမည်။
ညာဏ်တော် ငါးပေနှစ်လက်မမြင့်သော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်နောက်မှ တံကဲတော်သည် အလျား ငါးပေ ဆယ်လက်မနှင့် အမြင့် ၁၂ ပေ ၁၀ လက်မခန့်ရှိကာ ထုရှစ်လက်မခန့်ထူသော ယမနေသား တံကဲကြီးဖြစ်ပါသည်။ သစ်သားပြားဆယ်လက်မအထူထဲတွင် အရုပ်များနှင့် ကနုတ်များကို ရှစ်ထပ်ထုလုပ်ထားရာ ပန်းပုရုပ် ၁၃၆ ရုပ်နှင့် တိရိစ္ဆာန် ၁၈ ရုပ်ပါဝင် ထုလုပ်ထားသဖြင့် တံကဲကြီးသည် အံ့မခန်းအောင်လက်ရာမြောက်လွန်းလှပေသည်။ ကျွန်တော်တို့အချင်းချင်း ဆောက်ဆာဘယ်က ထွက်ပါ့မလဲဟု တအံ့တသြမေးမြန်းမိကြသည်။ အနုစိတ်ထားသော ကနုပ်ပန်းများမှာ လက်ဖြင့်ကိုင် မိလျှင်ပင် ကျိုးပဲ့သွားမလား ထင်ရအောင်နုလွန်းလှလွန်းနေသော်လည်း ဤတံကဲကိုထုလုပ်သည့် ပန်းပုဆရာ ကြီးများသည် အဘယ်သို့သော ဆောက်ဖြင့် အဘယ်ကဲ့သို့ ထွင်းထုခဲ့သည်ကို စိတ်ကူးမျှပင်လျှင်အတွေးတတ်ပါ။
စူးစမ်းလေ့လာမှုအရတော့ ရွှေတံကဲတော်ကြီးကို ၁၉၀၄ ခုနှစ်တွင်ထုလုပ်ခဲ့ရာ ခရာစ်နှစ် ၁၉၀၈ ခုတွင်ပြီးသည်ဆိုသဖြင့် ၄ နှစ်ကြာထုလုပ်ခဲ့ကြောင်းသိရ၏။ တံကဲတော်ကြီးပန်းပုထု လုပ်အားခသည် ထိုစဉ်အခါက ငွေတန်ဘိုးအရ ရွှေတစ်ကျပ် သားလျှင် ငွေ ၂၀ မျှသာပေးရသောကြောင့် ရွှေနှစ်ပိဿ တန်ဘိုးနှင့်ညီမျှကြောင်း သိရှိရပေသည်။
ရွှေကူတံကဲတော်အနီးတွင် ကမ္ဘာ့အံ့ဖွယ်ရာ ရွှေကူ တံကဲတော် အမည်ဖြင့် တံကဲတော်နှင့်ပတ်သက်၍ ရှင်းလင်း ချက်များ ရေးသားထားရာတွင် သက္ကရာစ် ၁၂၆၉ ခုနှစ်တပေါင်းလပြည့်ကျော် ၃ ရက်နေ့က လက္ခငွေ ငွေဒင်္ဂါးပြား ၄၀၀၀ နှင့် ၄ နှစ်ကျော်ထုရခြင်း ၊ တံကဲ၏ထု ၈ လက်မ၊ ရှစ်ထပ်နှင့် သစ်တုံး ၅ တုန်းဖြင့် ပန်းရုပ်လုံးများဖော်ပြထားခြင်းစသည်ဖြင့် ဖတ် ရှုနိုင်ပေသည်။
ဘယ်ဖက်ပန်းကနုပ်ပေါ်တွင် ဆြာ ဦးကံကြီး၊ သားမောင်တေ ဟူသောသာတမ်းကို ထွင်းထုထားသဖြင့် ပန်းပုဆရာ ကြီး သားအဖနှစ်ဦးထုလုပ်ခဲ့ကြောင်းသိနိုင်သည်။
တံကဲတော်ကြီးပေါ်တွင် ဒေဝါရောဟဏဇာတ်၊ နေမိဇာတ်၊ သာဓိဏဇာတ်တော်နှင့် ဗိမ္ဗိသာရဇာတ်တို့မှ အခန်း ၁၂ ခန်းကို ပုံဖော်ထားသည်။ တံကဲတော်ကြီး၏အပေါ်ဆုံးလွှာတွင် ဒေဝါရောဟဏဇာတ်မှ မြတ်စွာဘုရားရှင် တာဝတိ ံသာမှ လူ့ပြည်သို့ ပြန်လည်ဆင်းသက်ကြွလာခန်းကို ထုလုပ်ထားသည်။ မြတ်စွာဘုရားရှင်သည် တာဝတိ ံသာနတ်ပြည်တွင် မယ်တော်မိ နတ်သားနှင့် ဝါတွင်းသုံးလ ဟော်ကြားတော်မူအပြီး လူ့ပြည်သို့ပြန်လည်ကြွမြန်းလာရာတွင် ရွှေဇောင်းတန်း၊ ငွေဇောင်းတန်း၊ ပတ္တမြားဇောင်းတန်း သုံးခုမှ ဆင်းသက်လာပုံကို ထုလုပ်ထားရာ ရုပ်တုပေါင်း ၂၁ ခုဖြင့်ပုံဖေါ်ထားသည်။ အလယ်ပတ္တမြား ဇောင်းတန်းမှ သင်္ဃဿနဂိုရ်ပြည် တောင်တခါးဆီသို့ ကြွမြန်းဆင်းသက် လာသော ဇာတ်ကွက်တွင် မြတ်စွာဘုရား ရှင်အားလိုက်ပါပို့ဆောင်ပေးကြသော မာတလိ၊ ဝိသကြုံနတ်သားနှင့် ဲဗဟ္မာကြီးများကို လက်ရာမြောက်စွာ ထုလုပ်ထားပြီး ၊ ထီးတော်မိုးသူ၊ ခရုသင်းမှုတ်သူ၊ ယပ်ခပ်ပေးသူ၊ တူရိယာတီးမှုတ်လိုက်ပါလာသူများသည် အသက်ဝင်လွန်း လှပေသည်။
တံကဲတော်ကြီး၏ လက်ယာဘက်အထက်ပိုင်းတွင် နေမိဇာတ်တော်၊ လက်ဝဲဘက် အထက်နားတွင် သာဓိန ဇာတ်တော်မှ ဇာတ်ရုပ်တို့ကို တွေ့မြင်နိုင်သည်။ နေမိနတ်သားနှင့် သာဓိနမင်းကြီးတို့ကို နတ်ပြည်သို့ မြင်းသုံးကောင်ကသော ရထားဖြင့် တောမြိုင်ဂနိုင်အတွင်းမှ ခေါ်ဆောင်သွားပုံသည် ပန်းရှစ်ထပ်အတွင်းမှ ရထားထွက်လာတော့မည့် အလား ပင်။ငှက်ကလေးများ အစာခွံ့နေပုံ ၊ မြူးတူးပျော်ပါးနေပုံများ၊ ဘုရားရှင်နှင့်တကွ နတ်ဗြဟ္မာများ၊ ရှင်ဘုရင်၊ ဝန်ကြီးဝန်လေး ကချေသည်၊ ပြည်သူပြည်သားများအား လေးဘက်ပတ်လည်ကြည့်နိုင်ရန် သစ်တချပ်တည်းပေါ်တွင် ဟိုဘက်သည်ဘက် ထွင်းဖေါက် ကြည့်မြင်နိုင်သည့် သစ်လုံးအတွင်းဘက်မှ ပုံများ၊ ကနုတ်များအားလုံး ထွင်းထုထားပုံမှာ အံ့ဘနန်းဖြစ်ပါသည်။
ရွှေကူတကဲတော်ကြီးသည် ယခုဆိုလျှင် နှစ်ပေါင်း တရာ ကျော်လေပြီ ပုခုက္ကူမြို့သို့ရောက်ရှိသူတိုင်း သွားရောက် ကြည့်ရှုလေ့လာသင့်ပါသည်။ မြန်မာတို့ဂုဏ်ယူအပ်သည့် ကမ္ဘာကျော့် မြန်မာ့ပန်းပုပညာဖြစ်သည့်အတွက် ဂုဏ်ယူနိုင် ပါသည်။ ယခုကျွန်တော်တင်ပြသော ပုံများကိုကြည်ခြင်းဖြင့်လည်း အနည်းငယ်တော့ ခန့်မှန်းအံ့သြစွာ မြင်တွေ့ရနိုင်မည် ဟုမျှော်လင့်မိပါသည်။
ရေးသားသူ - မင်းစိုးနိုင်
Photo – Google
ကိုးကား- ကြေးမုံသတင်းစာ ၂၅၊၁၁၊ ၂၀၁၄
source: (link)
Wednesday, September 7, 2022
သတ်ထာဒဝေမနုဿာနံ by Kyaw Myint
သတ်ထာဒဝေမနုဿာနံ by Kyaw Myint (Ba Gyi)
မြတ်ဆရာ
သူငယ်ချင်းအောင်မြိုင် က
သူ ငယ်စဥ်ဘဝ အုတ်ဖိုအထကမှာ
ဆုံခဲ့ရတဲ့ ဆရာကောင်းတွေရဲ့ သင်ကြားပုံ
နည်းစနစ်ကောင်းတွေကို
သူ ဆရာဖြစ်လာချိန်မှာ အတုယူခဲ့ကြောင်း
ရေးလိုက်တော့
ကိုယ်ကြုံခဲ့ရတဲ့ မြတ်ဆရာတွေအကြောင်း
ရေးတင်ချင်စိတ် ပေါ်လာပါတယ်။
အထက်တန်းမှာဆုံခဲ့ရတဲ့ဆရာကောင်းတွေထဲက
ထူးထူးခြားခြား အမှတ်တရဖြစ်စေတဲ့
ဆရာနှစ်ဦးကတော့
ဆရာဦးဘဂျမ်းနဲ့ ဆရာဦးဝင်းဖေ တို့ပါ။
ကလောင်အမည်
တင်မိုး နဲ့ မောင်စွမ်းရည်
မြန်မာသိ ကမ္ဘာသိ ဆရာကြီးများ ဖြစ်ကြပါတယ်။
အခု စာမျိုးစုံ ပြန်သင်ပေးရတဲ့ အသက် ၇၀ တန်းအရွယ် ရောက်လာတော့
ဦးထိပ်ရွက် ပန်ဆင်ပြီး
ဆရာတင် နည်းယူလို့အကောင်းဆုံးဆရာ က
သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်ပိုင်ရှင် ဗုဒ္ဓမြတ်စွာ ပါ။
စရိုက်အမျိုးမျိုး ပုဂ္ဂိုလ်အမျိုးမျိုးကို အရိယသစ္စာ လေးပါး နားလည်သိမြင် ကျင့်သုံးနိုင်အောင် သင်ကြားပေးနိုင်ခဲ့ပါတယ်။
သင်ကြားနည်းစနစ် ၉ မျိုးနဲ့
သင်ကြားခဲ့တယ်လို့ ရဟန်းပညာရှိ လူပညာရှိများက မှတ်တမ်းပြုထားကြပါတယ်။
၁။ သုတ္တ စည်းမျဥ်းပြတရား
၂။ ဂေယျ ကဗျာနှင့်စည်းမျဥ်းပူးတွဲတရား
၃။ ဝေယျာကရဏ စကားပြေတရား
၄။ ဂါထာ ကဗျာသက်သက်တရား
၅။ ဥဒါန ဝမ်းမြောက်စွာကျူးရင့်သောတရား
၆။ ဇာတက အတိတ်ဇာတ်ကြောင်းပြတရား
၇။ အဗ္ဘုတ အံဩဖွယ်တရား
၈။ ဝေဒလ္လ အမေးအဖြေတရား
၉။ ဣတိဝုတ္တက ရှေးဖြစ်သာဓကပြတရား
ဆရာကောင်းဖြစ်လိုသူများ
ပိဋကသုံးပုံတွင် လေ့လာနည်းခံရယူကြပါကုန်။
သတ်ထာဒဝေမနုဿာနံ ( ၂ )
၁၉၆၄ - ၆၅ မှာ နဝမတန်း high school final
၁၉၆၅ - ၆၆ မှာ တက္ကသိုလ်ဝင်တန်း
Matriculation
နှစ်ခုစလုံး အစိုးရစစ်စာမေးပွဲတွေ ဖြေရပါတယ်။
မန္တလေးမြို့က နေပြည်တော်အလွတ်ပညာသင်ကျောင်းမှာ နဝမတန်း တက်ခဲ့ပါတယ်။ ပြည်သူပိုင်သိမ်းလိုက်လို့ တက္ကသိုလ်ဝင်တန်းရောက်တော့ အ.ထ.က. ( ၁၇ ) ဖြစ်သွားပါတယ်။
အထက်တန်းအတူတူ စက်မှုတက္ကသိုလ်အတူတူ တက်ခဲ့ရတဲ့သူငယ်ချင်းတွေထဲက စန်းအောင် Elect. 72 နဲ့ ချူးရွှေခွန်း Elect. 72 တို့ပဲ မှတ်မိတော့တယ်။
မှတ်မိသလောက် ဆရာဦးဘဂျမ်း က မြန်မာစာ စကားပြေ ဆရာဦးအေးကျော်က သဒ္ဒါ သင်ပေးခဲ့ကြပါတယ်။
ဆရာဦးအေးကျော် စာသင်ကောင်းပုံက
အခုထိ သူသင်ပေးခဲ့တဲ့ ကြိယာထောက်တွေ မှတ်မိနေသေးတယ်။
ဦးကောင်းခဲခဲ့ချင်စမ်းစေ
တတ်ထိုက်နိုင်နှင့်နေ
ပိုင်ပြန်ဖြစ်မိမြဲ
ရရာရက်ရဲ့ရဲ
လိုလိုက်လောက်လွယ်လှည့်သင့်သာ
ကြိယာရဲ့နောက်မှာဆက်ပေးလိုက်ရင် အဓိပ္ပါယ်တစ်မျိုးထူးသွားတဲ့စကားလုံးတွေ ဖြစ်ပါတယ်။
သွားဦးမည် သွားကောင်းသည် သွားခဲသည် သွားခဲ့သည် သွားချင်သည် သွားစမ်းပါ သွားစေသည်
စသည်ဖြင့်ပါ။
ဆရာကောင်းတပည့် ပန်းကောင်းပန်နိုင်ဖို့ က တော့ မိမိအပေါ်ပဲ မူတည်ပါလိမ့်မယ်။
ဂါထာ ပါဠိကဗျာနဲ့ သင်ကြားပေးခဲ့တဲ့ မြတ်ဗုဒ္ဓဒေသနာတွေထဲမှာ မြန်မာတွေနဲ့အရင်းနှီးဆုံးကတော့ မင်္ဂလသုတ်နဲ့မေတ္တသုတ်တော်တို့ ဖြစ်ကြပါတယ်။
အလွန့်အလွန် မြတ်နိုးကြည်ညိုဖွယ်ရာကောင်းလှတဲ့သုတ်တော်နှစ်သုတ်ပါ။
မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ အိမ်တွေမှာ အိမ်ဆောက်ဖို့ပန္နက်တင်ချိန် အိမ်သစ်တက်ချိန် မင်္ဂလာဦးဆွမ်းကျွေး
ကလေးကင်ပွန်းတတ် အစရှိတဲ့ မင်္ဂလာအခမ်းအနားမှန်သမျှ မင်္ဂလသုတ်နဲ့မေတ္တသုတ် ပရိတ်တော်ကို သံဃာတော်များက ရွတ်ဖတ်ပူဇော်ပေးကြလို့ နားရည်ဝနေကြမှာပါ။
မင်္ဂလသုတ်ကိုလေ့လာကြည့်ရင် အမွှန်းဂါထာရဲ့နောက်မှာ ၃၈ ဖြာ မင်္ဂလာကို ဂါထာ ဆယ်ဂါထာနဲ့ ဘုရားရှင်သင်ပေးခဲ့ပါတယ်။
ကဗျာလင်္ကာတွေ မှာ ကာရံညီကဗျာတို့ ကာရံမဲ့ကဗျာတို့ရှိသလို ပါဠိကဗျာတွေမှာ ဆန်းဂိုဏ်းဖွဲ့စပ်ရတာတွေ ရှိတယ်လို့ မှတ်သားဖူးပါတယ်။ RIT ရဲ့နာမည်ကျော်ကဗျာဆရာ အုတ်ဖိုမောင်ရင်မောင် ခေါ် အောင်မြိုင်က ပိုသိမှာပါ။
ကဗျာရဲ့သဘာဝအရ သံစဥ်သဘော ပါနေတော့ နားဝင်ချိုစွာနဲ့ မှတ်မိလွယ်ပါတယ်။ သို့သော် လိုတိုရှင်း အဓိပ္ပါယ်မိမိရရရှိဖို့ကြတော့ ခက်ခဲမှာပါ။ ကဗျာရှည်ရှည်ဖွဲ့ရင်တော့ ဖတ်ချင်စိတ်လျော့သွားသလို ခံစားရပါတယ်။
မောင်မိုးပွင့် (ရေကြည် ) ရဲ့ကဗျာလေးတွေဆို လိုတိုရှင်းမို့ နှစ်ချိုက်မိပါတယ်။ ၂၄၀၀ တန် ကဗျာရောပေါ့။
☺☺☺
မင်္ဂလာ တရားတော်နဲ့ပတ်သက်လို့ ရဟန်းပညာရှိ လူပညာရှိ အသီးသီးက ရှုထောင့်အမျိုးမျိုးနဲ့ ဖွင့်ဆိုသွားကြတဲ့စာအုပ် ၆၀ ကျော်ကို
ကျေးဇူးရှင် ဩသုဆရာကြီးဦးရန်အောင် စုဆောင်းပေးထားလို့ စာအုပ်ကောင်းတချို့ လေ့လာခွင့်ရခဲ့ပါတယ်။
ရေးစရာတွေက များလွန်းနေလို့
နှစ်ပိုင်းခွဲပြီးတင်ပါရစေ။
မင်္ဂလသုတ် သုံးသပ်ချက်
ဆက်တင်ပေးပါမယ်။
နားလည်သည်းခံပေးကြပါနော။
မေတ္တာဖြင့်။
သတ်ထာဒဝေမနုဿာနံ ( ၂ ) အ ဆ က်
မင်္ဂလသုတ် သုံးသပ်ချက်
မင်္ဂလာ တရားတော်ကို မြတ်နိုးသူဖြစ်လို့ ကျေးဇူးရှင်ဩသု ဆရာကြီး ဦးရန်အောင်နဲ့တွဲဖက်ပြီး စာသင်ကျောင်းများနဲ့ နေရာဌာနပေါင်းစုံမှာ သင်တန်းပို့ချဖြစ်ခဲ့ပါတယ်။
တရားတော်ရဲ့ အစဥ်ကျပုံ အဆင့်မြင့်ပုံ
ရင့်ကျက်ပြီးမြင့်တက်ပုံကို သင်ကြားရတိုင်း သတိပြုမိပြီး ကြည်ညိုမဆုံး ဖြစ်ရပါတယ်။
ကိုယ်တိုင်လူမိုက်မဖြစ်ရေးအတွက်
ကံဆိုးကံမှားတွေပြုနေတဲ့ လူမိုက်ကိုရှောင်ရင်း ကံကောင်းကံမှန်တွေပြုနေတဲ့ပညာရှိသူတော်ကောင်းကို ဆည်းကပ်မှီဝဲကာ အကျင့်နဲ့ပူဇော်မှ
မင်္ဂလာ ထိုက်ကြောင်း ပထမဂါထာ နဲ့ စပြီးဆုံးမသင်ကြားပေးပါတယ်။
ပညာရှိသူတော်ကောင်းကို ဆည်းကပ်မှီဝဲပူဇော်နိုင်တဲ့အရပ်ဟာ မိမိအတွက် အသင့်တော်ဆုံးနေရပ်ဖြစ်ပြီး ကြိုတင်ကောင်းမှုတွေပြုရင်း ကိုယ့်ကိုယ်ကိုယ်ထိန်းသွားဖို့ ဒုတိယဂါထာနဲ့ အဆင့်မြှင့်ပေးပါတယ်။
တတိယအရွယ်ရောက်မှ တရားရှာဖို့မဟုတ်ပါဘူး။
ပထမအရွယ်ကတည်းက အတတ်ပညာရော အသိပညာကို တရားနဲ့အညီရှာကာ စည်းကမ်းရှိဖို့၊ စကားလိမ္မာချိုသာဖို့ တတိယဂါထာနဲ့ ဆုံးမပါတယ်။
လူကောင်းလူတော်လေးဖြစ်လာမှာ သေချာလှပါတယ်။
ပျိုတိုင်းကြိုက်တဲ့လုလင်လေးတွေ
ချစ်သူဝိုင်းဝိုင်းလည်နေတဲ့လုံမေလေးတွေ ဖြစ်လာရင် အဆင့်ကျော်ပြီးအိမ်ထောင်မပြုသင့်သေးဘဲ မိဘလုပ်ကြွေးဖို့ ကြွေးဟောင်းရှိနေကြောင်း ထောက်ပြထားပါတယ်။ ကြွေးဆပ်တဲ့အခါ ယုယုယယလုပ်ကြွေးပြုစုပါမှ အတိုးနဲ့တကွ ဆပ်ရာရောက်မှာပါ။
မိဘလုပ်ကြွေးတာရော သားမယားချီးမြှောက်တာရော အပြစ်ကင်းတဲ့အလုပ်နဲ့ဆောင်ရွက်ဖို့ စတုတ္ထဂါထာနဲ့ဆုံးမပါတယ်။
ဒီအဆင့်ထိ မင်္ဂလာရှိနိုင်ခဲ့ပြီဆိုရင်
သန့်ရှင်းတဲ့ဥစ္စာပစ္စည်းကို အထိုက်အလျောက်ပိုင်ဆိုင်ပြီမို့ စစ်မှန်တဲ့ဓနရှင်လေး ဖြစ်လာပါပြီ။
ဆက်လက်ပြီး ဒါနရှင်အဖြစ်ကူးပြောင်းဖို့ ပေးကမ်းလှူဒါန်းစေပါတယ်။ ဓမ္မရှင် သီလရှင်ဖြစ်ဖို့ တရားသဖြင့်ကျင့်ကြံစေပါတယ်။ ဝတ္တရားကျေဖို့ ဆွေမျိုးဉာတိတွေကိုပါ ချီးမြှောက်စေပါတယ်။ ပရရှင်(ပရဟိတရှင်) ဖြစ်ဖို့ အများအကျိုးဆောင်စေပါတယ်။ ပဉ္စမဂါထာရဲ့ အဆုံးအမပါ။
လူကောင်းလူတော်ဖြစ်လာတဲ့အခါ အဖျက်အမှောင့်ဝင်တတ်တာကို သတိပေးတဲ့အနေနဲ့
မကောင်းမှု ဝေးဝေးရှောင်ဖို့၊
တွေ့လာရင်လဲရှောင်ဖို့၊ မကောင်းမှုတွေပြုမိစေနိုင်တဲ့ သေရည်သေရက် မူးယစ်ဆေးဝါးရှောင်ဖို့ရယ်၊
တရားမမေ့ဖို့ ဆဋ္ဌမဂါထာနဲ့ ဆုံးမပါတယ်။
အောင်မြင်သူဖြစ်လာတဲ့အခါ မာန်တက်လာတတ်တာကြောင့် ရိုသေကိုင်းရှိုင်းမှုနဲ့နှိမ့်ချကျိုးနွံမှု ယှဥ်တွဲနေဖို့၊ ရောင့်ရဲတင်းတိမ်ဖို့၊ ကျေးဇူးသိတတ်ဖို့အတွက်
တရားနာပေးရမှာဖြစ်ကြောင်း သတ္တမဂါထာနဲ့ ဆုံးမပါတယ်။
တရားနဲ့အညီ သည်းခံဖို့၊ ဆိုဆုံးမလွယ်ဖို့၊ မရှင်းလင်းတာတွေကို သူမြတ်ဖူးမြော်ပြီး တရားဆွေးနွေးဖို့ အဋ္ဌမဂါထာနဲ့ဆုံးမပါတယ်။
ရှင်းရှင်းလင်းလင်းနားလည်သွားပြီးတဲ့အခါ အာရုံတွေကို မလိုက်စားတော့ဘဲ
အကျင့်မြတ်တွေပွားများနိုင်ပြီး အရိယသစ္စာသိမြင်ကာ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်လို့
ပန်းတိုင်ရောက်သည်အထိ
အဆုံးထိ မ ပေးတာကတော့ နဝမဂါထာပါ။
ပန်းတိုင်ရောက်ပြီဆိုရင်
လောကဓံကိုမတုန်လှုပ်တော့ဘူး၊
ဝမ်းမနည်းတော့ဘူး၊ မမက်မောတော့ဘူး၊ ဘေး(ဇာတိဘေး)မရှိတော့ဘူး
ဆိုတဲ့အကျိုးတရားတွေ ပြည့်စုံမှာဖြစ်ကြောင်း ဒသမဂါထာနဲ့ ဟောကြားပါတယ်။
ပါဠိကဗျာ ဆယ်ဂါထာနဲ့ လိုတိုရှင်းသင်ကြားပေးတာကို သုံးသပ်ကြည့်ရင်
အစဥ်ကျခြင်း၊ အဆင့်မြင့်ခြင်း၊ ရင့်ကျက်မြင့်တက်သွားခြင်း၊ အချိတ်အဆက်မိခြင်း၊ ပန်းတိုင်အရောက်ပို့နိုင်ခြင်းတို့ကြောင့်
အစ အလယ် အဆုံး သုံးပါးလုံး ကောင်းခြင်း သုအက္ခာတ တရားဂုဏ်တော်နဲ့ ညီညွတ်လှပါတယ်။
ကျန်တဲ့ဂုဏ်တော်တွေနဲ့ညီညွတ်ပုံ၊
မင်္ဂလာ တပါးခြင်းစီသည်ပင်လျှင်
ပြည့်ပြည့်ဝဝ နားလည်ကျင့်သုံးနိုင်က နိဗ္ဗာန်မျက်မှောက်ပြုနိုင်ပုံတို့ကို
ဆက်လက်တင်ပြပေးပါမယ်။
စတုသစ္စဝိနိမုတ္တော ဓမ္မောနာမနတ္ထိ
မေတ္တာဖြင့်။
သတ္ထာဒေဝမနုဿာနံ ( ၃ )
ဇာတက ဇာတ်ကြောင်းပြတရား
ဇာတ်သမား ပြန်ရင်
မှတ်သားစရာ ကျန်ရမည် ။
မြန်မာမှုနယ်ပယ်၌ တွင်တွင်ကျယ်ကျယ် ပြောဆိုလေ့ရှိသော စကားတစ်ရပ်ဖြစ်သည်။
အနှစ်သာရအားဖြင့် မှတ်သားရမည်မှာ
ဇာတ်လမ်းဇာတ်ကွက်မှပေးသည့် သင်ခန်းစာယူစရာနှင့် သံဝေဂပွားစရာဖြစ်သည်။
သို့သော် အမြင် မစူးရှသူ အများစုအနေဖြင့် အာရုံခံစားမှုဝေဒနာနောက်သို့ လိုက်ပါသွားပြီး အကာများကို သာ၍ မှတ်သားမိကြသည်။
ဥပမာအားဖြင့်
သေရိဝဝါဏိဇ ဇာတ် ရွဲကုန်သည်ဇာတ်ကို အလင်္ကာကျော်စွာရွှေမန်းတင်မောင် ကပြ သောအခါ မရိုးသားသူတို့ ပျက်စီးဆုံးရှုံးရသည်ကို သံဝေဂ ရသည်ထက်
မပေး ပေးပေး ငါ့ရွှေခွက်ပေး
ဆိုသောဇာတ်စကားကို ပို၍နားဝင်သွားကြသည်။
M. A.ဒေါ်အုန်းပြုစုသော ပါဠိစာပေသမိုင်းကို ဖတ်ရှုလေ့လာကြည့်သော အခါ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်ဟု အများသိနေကြသော်လည်း ၅၄၇ ဇာတ်သာတွေ့ရပါသည်။
ပိဋကဝင် ဇာတ်တော်များကို ဂါထာ ( ကဗျာ )များဖြင့်သာ ဟောကြားခဲ့ကြောင်း တွေ့ရပြီး မိမိတို့လေ့လာဖတ်ရှုခွင့်ရသောဇာတ်တော်များမှာ သီဟိုဠ်မူ ဇာတကတ္ထဝဏ္ဏနာ အဋ္ဌကထာမှ ရှင်မဟာဗုဒ္ဓဃောသမထေရ် ပါဠိဘာသာပြန်ဆိုရေးသားခဲ့သော အဋ္ဌကထာမူများဖြစ်ကြောင်း တွေ့ရှိရသည်။
ငယ်စဥ်ကလေးဘဝတွင် ဖခင်ဖြစ်သူကို နင်းပေးနေစဥ် ဇာတ်ကြီးဆယ်ဖွဲ့နှင့်တကွ ငါးရာ့ငါးဆယ်ဇာတ်များကို စတင်ကြားနာခွင့်ရခဲ့သည်။ ဇာတ်လမ်းရှည်များကို နားထောင်ကောင်းနေချိန်၌
ဖခင်ဖြစ်သူက အညောင်းပြေပြီ၊ နောက်ညမှ ဆက်ပြောမည်ဆိုပြီးရပ်ပစ်လိုက်သည်မှာ ယခုခေတ်ဇာတ်လမ်းတွဲများကဲ့သို့ ဆတ်တငံ့ငံ့ ဖြစ်ခဲ့ရသည်။
နောက်နေ့ညတွင် မနင်းခိုင်းခင် ဦးအောင်ပြေးနင်းပေးပြီး ဆက်ပြောရန်တောင်းဆိုရသည်အထိ ဆွဲဆောင်မှု အားကောင်းခဲ့သည်။
ဇာတ်ကြောင်းကပေးသော သင်ခန်းစာကို မယူနိုင်ခဲ့ဘဲ ဇာတ်လမ်းဇာတ်ကွက်အတွင်း မြောပါသွားခဲ့ပါသည်။
သို့အတွက် မိမိကိုယ်တိုင်သက်ကြီးဝါကြီးဖြစ်လာသောအခါ ဇာတ်တော်များကို သင်ကြားရတိုင်း
သင်ခန်းစာယူရမည့်အချက်များနှင့် သံဝေဂဉာဏ် ဖြစ်ထွန်းရေးကို အဦးမူ အလေးထားပြောဆိုပေးရသည်။
နယုန်လပြည့် မဟာသမယနေ့ အခါတော်အချိန်တွင် တစ်နေ့တည်း ဇာတ် ၇ ဇာတ်နှင့် သုတ် ၇ သုတ်ကိုဟောကြားခဲ့သောကြောင့် မဟာသမယနေ့ အမည်ရကြောင်း ရှင်းပြရသည်။
ရန်ငြိုးဖွဲ့ခြင်းသည် နှစ်ဦးစလုံးပျက်စီးခြင်းကိုဖြစ်စေကြောင်း ကြို့ပင်စောင့်နတ်နှင့် ဝံတို့ပါဝင်သည့် ဖန္ဒနဇာတ်
မစူးစမ်းမဆင်ခြင်ဘဲ ဥသျှစ်သီးကြွေကျသည်ကို မြေ ပြိုသည်ဟုအော်ပြေးသောယုန်နောက်သို့ ပြောသမျှယုံသော တောနေသတ္တဝါတို့ ပင်ပန်းကြီးစွာ ပြေးလိုက်ကြသည့် ဒုဒ္ဒုဘဇာတ်
အားကြီးတိုင်း အနိုင်မယူသင့်သော ဆင်ဆိုးကြီးနှင့်ဘီလုံးငှက်ငယ် လဋုကိကဇာတ်
....စသည်ဖြင့် သင်ခန်းစာယူစေခဲ့ပါသည်။
ဇာတကနည်းဖြင့် တရားဟောကြားခြင်းသည် အနုပညာရသ မြောက်မှုကြောင့် မိမိအသိပေးလိုသောအချက်ကို ဇာတ်တော်များနှင့်ယှဥ်စပ်ပြီး ရှင်းလင်းပြောကြားသင့်ပါကြောင်း တင်ပြလိုက်ပါသည်။
မေတ္တာဖြင့်။
သတ္ထာဒေဝ မနုဿာနံ ( ၄ )
ဥဒါန ဝမ်းမြောက်စွာကျူးရင့်သောတရား
လူ့သဘာဝအရ အလွန်အမင်း ဝမ်းမြောက်စရာကိစ္စတစ်ခု ကြုံတွေ့ရတဲ့အခါ စိတ်ထဲမှာတင် သိမ်းဆည်းမထားနိုင်တော့ဘဲ နှုတ်က နေ ပါ ပွင့်အန်ထွက်လာတတ်ပါတယ်။ မနောကံရဲ့စေ့ဆော်မှု အားကြီးတဲ့အခါ ဝစီကံရော ကာယကံပါ မထိန်းနိုင်တော့တဲ့သဘောပါ။
ငွေကြေးလိုအပ်နေသူ ဖွင့်ဆဲ
အောင်ဘာေလထီမှာ သိန်း၁၅၀၀၀ ပေါက်ပြီဆိုရင် ထ ခုန်ပြီး အော်မိမှာ သေချာပါတယ်။
ဒီလို သာမန်လောကီကိစ္စမှာတောင် ဝမ်းမြောက်မှုရဲ့အရှိန်အဟုန်ဟာ အားကြီးလှတာမို့ အရိယသစ္စာသိမြင်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သွားကာ သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ် ဧကန်ဖြစ်ချိန်မှာ လောကုတ္တရာ သောမနဿစေတနာရဲ့ စေ့ဆော်မှုကြောင့်
အနေကဇာတိသံသာရံ... အစချီတဲ့ ဥဒါန်းဂါထာတော် ဘုရားရှင်ရဲ့နှုတ်တော်က နေ ကျူးရင့်တော့တာ ဖြစ်ပါတယ်။
ကိုယ်တိုင်သိမြင်ပြီးတဲ့တရားထူးကို ပဉ္စဝဂ္ဂီငါးဦးအား ပြန်လည်ဟောကြားတဲ့နေရာမှာ ရှင်ကောဏ္ဍည နားလည်သွားတဲ့အခါမှာလဲ အညာသိဝတဘော ကောဏ္ဍညော အညာသိဝတဘော ကောဏ္ဍညော တိ ဆိုပြီး နှစ်ကြိမ်တိုင်တိုင် ဝမ်းမြောက်ဝမ်းသာ ကျူးရင့်တာကို ဓမ္မစကြာဒေသနာတော်မှာ တွေ့နိုင်ပါတယ်။
ပိဋကသုံးပုံမှာ ဥဒါန်းကျူးရင့်တဲ့ ဉဒါနပါဠိတော်တွေ တွေ့ရပါတယ်။
ဗဟုသုတအနေနဲ့ မှတ်သားဖူးတာလေးတစ်ခု တင်ပြလိုပါတယ်။
မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့အိမ်ဂေဟာမှာ ဘုရားဆင်းတုတော်အသစ်ထုလုပ်ပူဇော်တိုင်း ဘုရားအနေကဇာတင်လေ့ရှိပါတယ်။
သံဃာတော်များကို ပင့်ဖိတ်လှူဒါန်းတဲ့ခါ သံဃာတော်များက အနေကဇာတိသံသာရံ အစချီတဲ့ ဉဒါန်းဂါထာတို့ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံတရားတော်တို့ ရွတ်ဖတ်ပူဇော်ပြီးမှ စိတ်ချလက်ချ ကိုးကွယ်ကြပါတယ်။
အနေကဇာ မတင်ဘဲ ကိုးကွယ်ရင်ရော မရဘူးလား စဉ်းစားကြသူတွေ ရှိမှာပါ။
ပိဋကစာပေလေ့လာမှု အားနည်းသူတွေဟာ ဘုရားရှင်ရဲ့ လက္ခဏာတော်ကြီးငယ်တွေကို မသိကြတော့ ပန်းပုဆရာ ထုပေးထားတဲ့ပုံတော်ဟာ ဘုရားရှင်ကို ကိုယ်စားပြုနိုင် မပြုနိုင် သေချာမသိကြပါဘူး။
ဒါ့ကြောင့် ပိဋကစာပေနဲ့ အကျွမ်းတဝင်ရှိသူ ဘုရားသားသံဃာတော်တွေ ပင့်ဖိတ်ပြီး ကိုးကွယ်သင့် မသင့် အတည်ပြုချက် ရယူကြပါတယ်။
တပည့်သားသံဃာတော်များကလည်း ကိုးကွယ်ထိုက်တဲ့ပုံတော်ဖြစ်တာနဲ့ သူတို့ကိုယ်တိုင်ရှိခိုးပြီး ဥဒါန်းဂါထာတော်ကို ရွတ်ဖတ်ပူဇော်ကြပါတယ်။
အိမ့်ရှင်လဲ စိတ်ချလက်ချ ဆက်ပူဇော်ခွင့်ရသွားပါပြီ။
အနေကဇာတင်ရခြင်းရဲ့ ရည်စူးချက်ကို သိနားလည်သလို တင်ပြခြင်းပါ။
ဘုရားမဟုတ် ညာတကုပ်
တွေ ဖြစ်နေရင် အနေကဇာ တင်ထိုက်ပါရဲ့လား စဥ်းစားကြည့်ဖို့ပါ။
မေတ္တာဖြင့်။
သတ်ထာဒဝေ မနုဿာနံ ( ၅ )
ဣတိဝုတ်တက တရား
ဗုဒ္ဓမြတ်စွာ၏တရားဟောနည်း ၉ နည်းအနက် ၄ နည်းကို မိမိနားလည်သလို ရှင်းပြခဲ့ပြီးဖြစ်ပါသည်။
ရှေးဆရာတော်ကြီးများပြုစုခဲ့သော ကျမ်းစာများတွင် အတိုချုပ်များသာ ရှင်းပြထားသဖြင့် မိမိ၏ဖြည့်စွက်ရှင်းပြချက်တွင် အမှားအယွင်းပါလျှင် ပြင်ဆင် တည့်မတ်ပေးကြပါရန် အနူးအညွတ်ပန်ကြားအပ်ပါသည်။
ဣတိ... ဤသို့
ဘဂဝတာ...မြတ်စွာဘုရားသည်
ဝုတ္တကံ...ဆိုအပ်ပြီ။
ဣတိဝုတ်ပါဠိတော်တွင် ဧက ဒုက တိက စတုက္ကနိပါတ် အုပ်စုလေးစု ရှိပြီး
လောဘ ဒေါသ မောဟ မာန စသည့် တရားဆိုးတို့၏ ဆိုးပြစ်များကိုဝေဘန်မိန့်ဆိုချက်များ သံသရာ၌ကျင်လည်ရခြင်း၏အမြစ် အကြောင်းရင်းသည် တဏှာဖြစ်သည်ဟု မိန့်ဆိုချက်များနှင့်အတူ မဂ္ဂင်ရှစ်ပါးကျင့်ပွားက အရိယသစ္စာလေးပါးသိမြင်ပြီး လောကီအနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကြောင်းတို့ကို
ဣတိ ဤသို့ ငါဘုရားသည် ဝုတ္တကံ မိန့်ဆိုအပ်ပြီ ဟု ဟောကြားတော်မူခဲ့ပါသည်။
ထိုသို့ တိုက်ရိုက်ပြောဆိုသောပါဠိ ပါရှိသည့်တရားဟောကြားနည်းကို
ဣတိဝုတ်နည်းဟု သတ်မှတ်ထားခြင်း ဖြစ်နိုင်ပါသည်။
နမူနာအနေဖြင့် လောဘသုတ်ပါဠိတော်ကို ဖော်ပြပေးထားပါသည်။
ရှေးပညာရှင်တို့၏အဖွင့်များကိုလည်း ပူးတွဲတင်ပြပေးထားပါသည်။
မေတ္တာဖြင့်။
သတ္ထာဒေဝ မနုဿာနံ ( ၆ )
ဝေဒလ္လ အမေးအဖြေတရားဟောနည်း
ဗုဒ္ဓမြတ်စွာ နှင့် တပည့်သာဝကတို့
တရားဓမ္မနှင့်ပတ်သက်၍
အကြောင်းအားလျော်စွာ အမေးအဖြေပြုကာ ရှင်းလင်းဟောကြားသောနည်းကို ဝေဒလ္လနည်း ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် သောတာပန် ပဉ္စဝဂ္ဂီ ငါးဦးတို့အား အရဟတ္တဖိုလ် ဆိုက်စေသော အနတ္တလက္ခဏ သုတ်တော်ကို ဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။
ထိုသို့ဟောကြားရာတွင် ဘုရားရှင်က မေးပြီး ပဉ္စဝဂ္ဂီ ငါးဦးတို့က ဖြေကြရသည်။ အဖြေနှင့်ပတ်သက်၍ ဘုရားရှင်က ဆက်လက်ပြီး ရှင်းလင်းဟောကြားခဲ့သည်။
တပည့်သာဝကအချင်းချင်းကြားတွင်လည်း တရားဆွေးနွေးမေးမြန်းလျှောက်ထားကြပုံကို
မဟာဝေဒလ္လသုတ် နှင့်
စူဠဝေဒလ္လသုတ်တော် များတွင်
လေ့လာတွေ့ရှိရပါသည်။
ဤနေရာ၌ အမေး အဖြေ နှစ်မျိုးနှစ်စားရှိကြောင်းတွေ့ရသည်။
ဆရာဖြစ်သူက သိစေလိုသော
သဘောတရားကို အမေးပြုပြီး တပည့်များက ဖြေကြားပြီးသည့်အခါ
အဖြေမှန်ကို ဆရာက ဆက်ရှင်းပြသောနည်းကို အနတ္တလက္ခဏသုတ်တော်တွင် တွေ့ရှိရသည်။
တပည့်ဖြစ်သူက သိလိုသောအမေးကို စတင်မေးလျှောက်ပြီး ဆရာဖြစ်သူက ရှင်းလင်းဖြေကြားသောနည်းကို
ရှင်မဟာကောဋ္ဌိက အမေး
ရှင်သာရိပုတြာ အဖြေ
မဟာဝေဒလ္လသုတ်
ဝိသာခသူကြွယ် အမေး
ဓမ္မဒိန္နာထေရီ အဖြေ
စူလဝေဒလ္လသုတ်
တို့၌ တွေ့ရှိနိုင်ပါသည်။
အထက်ပါ သင်ကြားနည်းစနစ် နှစ်မျိုးစလုံးကို လောကီပညာရပ်ဆိုင်ရာ သင်ကြားမှုများတွင်လည်း မကြာခဏ တွေ့ရှိနိုင်ပြီး ထိရောက်မှု
အထူးရှိလှကြောင်း တွေ့မြင်နိုင်ပါသည်။
ရှင်းလင်းဖြေကြားသူ ပညာမပြည့်ဝပါက မောင်လူမွှေး၏
စာကလေးတွေ ဘာလို့ ဖိနပ်မစီးတာတုန်းအဖေ
ဟူသောအမေးကို မောင်လူအေး ဖြေရင်းနှင့် ဆက်မဖြေတတ်တော့သော အဖြစ်သို့ ရောက်ရှိသွားနိုင်ကြောင်း သတိပြုသင့်ပါသည်။
သုတ်တော်မြန်မာပြန်အချို့ကို နမူနာတင်ပေးလိုက်ပါသည်။
မေတ္တာဖြင့်
အပြားအားဖြင့်သိခြင်း
ဝေဒလ္လ အမေးအဖြေတရားဟောနည်း
အကြောင်း ရေးတင်လိုက်တော့ သူငယ်ချင်း ထိန်လင်း Hnin Hnin Win က
အပြားအားဖြင့် ဆိုတာကို လူပြိန်းနားလည်အောင် ရှင်းပြပေးပါလို့ တောင်းဆိုလာပါတယ်။
လိုတိုရှင်းဖြေရရင်
ပိုင်းပိုင်းခြားခြား နှံ့နှံ့စပ်စပ် ပြည့်ပြည့်ဝဝ သိတာ အပြားအားဖြင့် သိတာပါပဲ။
ဤကားဆင်းရဲတည်း
ဆိုတဲ့စကားကို အပြားအားဖြင့် သိမှ ပညာရှိလို့ ရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးက ရှင်မဟာကောဋ္ဌိကမထေရ်အား ဖြေကြားပါတယ်။
ပိုင်းခြားကြည့်ရအောင်ပါ။
ဒုက္ခအရိယသစ္စာ( ဤကားဆင်းရဲတည်း ) ဆိုတာ အစွဲခန္ဓာ ဥပါဒါနက္ခန္ဓာတွေပဲလို့ နားလည်သွားတာ အမှန်တရားတစ်ခုကို သိသွားတာဟာ သစ္စဉာဏ်လို့ ဓမ္မစကြာ တရားတော်မှာ ဘုရားရှင်စပြောတယ်။
(သံခိတ်တနေ ပဉ်စုပါဒါနက်ခန်ဓာ ဒုက်ခာ)
အဲဒီ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ ဆိုတဲ့
အစွဲခန္ဓာတွေ မိမိခန္ဓာမှာ ရလာပြီး ဖြစ်လို့ သူ့ကို ပယ်ပစ်လို့မရနိုင်ဘူး။ ထပ်မဖြစ်အောင်တော့တားလို့ရတယ်
ဒီအစွဲခန္ဓာရဲ့ မမြဲပျက်စီးပုံ
ဆင်းရဲဆိုးဝါးပုံ အနှစ်သာရကင်းမဲ့အသုံးမကျပုံတွေကို
အနိစ္စ လက္ခဏာ
ဒုက္ခလက္ခဏာ
အနတ်တလက်ခဏာ
လက္ခဏာသုံးပါး မြင်အောင်တင်ပြီး ပိုင်းပိုင်းခြားခြား သိအောင်လုပ်ရမယ့်ကိစ္စရှိပါလားဆိုတဲ့ ကိစ္စဉာဏ် လိုအပ်တာကိုလဲ
ဓမ္မစကြာတရားတော်မှာ ဘုရားရှင်ပြောတယ်။
လက္ခဏာသုံးပါးတင်ပြီးလို့ ဒုက္ခအရိယသစ္စာကို ပိုင်းပိုင်းခြားခြား သိပြီးသွားတာကို ကတဉာဏ်လို့ ဓမ္မစကြာတရားတော်မှာ ဆက်ဟောတယ်။
ဒါ့ကြောင့် အရိယသစ္စာလေးပါးလုံးမှာ
သစ္စာတစ်ပါးတိုင်းဟာ
အမှန်ကိုနားလည်ခြင်း
ဆောင်ရွက်စရာကိစ္စကိုနားလည်ခြင်း
ဆောင်ရွက်ပြီးသွားခြင်းကို သိရှိနားလည်ခြင်း ဆိုတဲ့ သစ္စ ကိစ္စ ကတ ဉာဏ်တွေ ဖြစ်ထွန်းလာဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် ဆောင်ရွက်ရမယ့်ကိစ္စတွေကို
သိ ပယ် ဆိုက် ပွား လေးပါးသစ္စာ လို့ဟောပြောကြတာ ဖြစ်ပါတယ်။
လက်တွေ့သာဓကတစ်ခု ထုတ်ကြည့်ကြရအောင်ပါ။
နံပတ်ဖိုးချတာဟာ ငြိမ့်လို့အင်မတန်ကောင်းမှာပဲလို့ အမှားကို အမှန်ထင်လာရင် အဝိဇ္ဇာ ဖုံးလွှမ်းခံရပြီ ဖြစ်ပါတယ်။
ဆက်ပြီးဖိုးချကြည့်တာဟာ လွန်ကျူးတဲ့ အကုသိုလ် အပုညာဘိသင်္ခါရ ပြုတာပါပဲ။
ချပြီးတာနဲ့တပြိုင်နက်တည်း
အမှား ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဝိပါက် ဥပါဒါနက္ခန္ဓာတွေ မိမိမှာ ဖြစ်ထွန်းကျန်ရစ်ပါတယ်။
ငြိမ့်ရတာကောင်းတယ်လို့ ခံစားမိတဲ့ဝေဒနာ အမှား က နေ ထပ်ချချင်စိတ် တဏှာ ဥပါဒါန် ကြောင့် ထပ်ချတဲ့ကမ္မဘဝကို လွန်ကျူးမိပြန်ပါတယ်။
ဒီလိုနဲ့ ဖိုးသမားဘဝ ဇာတိရပြီး ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ထိ အကျိုးဆက်တွေပါ ဖြစ်ထွန်းလာပါတော့တယ်။
ဖိုးသမားဘဝကို ဘဝဒုက္ခ ဤကား အမှန်ဆင်းရဲလို့ မသိသေးသမျှ ပညာမဲ့သူ အဝိဇ္ဇာ ဖုံးလွှမ်းခံနေရသူပါပဲ။
ဤကား အမှန်ဆင်းရဲ လို့ သွန်သင်ညွှန်ပြခံရတာ နားလည်သွားရင် သစ္စဉာဏ် ပေါ်လာပါပြီ။
သူရနေတဲ့ဆေးဘဲရုပ် စတာတွေဟာ ဖြစ်ပြီးနေပြီမို့ ပယ်လို့မရဘဲ
ပိုင်းခြား သိအောင် ကြိုးစားရမှာကိုနားလည်သွားတာ ကိစ္စဉာဏ်ပေါ်တာ ဖြစ်ပါတယ်။
ဆေးဘဲဘဝဟာ ငါ့ကို ပျက်စီးစေတယ်၊ အဖြစ်ဆိုးဝါးစေတယ်၊ အနှစ်မဲ့အသုံးမကျသူဖြစ်စေတယ် ဒါ့ကြောင့် ဖိုးချချင်စိတ်ကို ပယ်မှဖြစ်မယ် ဆိုပြီး
အကြိမ်ကြိမ်ကြိုးစား ပွားများတော့
ဆေးဘဲဘဝကို ပျင်းမုန်းငြီးငွေ့လာပြီး
ဆေးထပ်မချဘဲ နေနိုင်သွားပါမယ်။
လုံးဝပြတ်သွားတဲ့အခါ ဆေးဘဲဘဝ ချုပ်ငြိမ်းသွားပြီး ဘဝဒုက္ခတစ်ခု က နေ လွတ်မြောက်ချမ်းသာ သွားပါမယ်။
ဒါလောက်ဆိုရင်
ဤကားဆင်းရဲတည်း ဆိုတဲ့စကားကို
ပိုင်းပိုင်းခြားခြား ဝေဝေဘန်ဘန်
ဝိဘဇ္ဇလုပ်ပြီး မဂ်ပညာ ဖိုလ်ပညာ
ရသွားရင် ဘဝသံသရာက နေ လွတ်မြောက်နိုင်စွမ်းရှိသူ ပညာရှိ
ဖြစ်သွားမှာကို နားလည်နိုင်မယ်ထင်ပါတယ် သူငယ်ချင်း ထိန်လင်းရေ။
မေတ္တာဖြင့်။
သတ်ထာဒဝေ မနုဿာနံ ( ၇၊ ၈၊ ၉ )
သူငယ်ချင်းများရဲ့ တောင်းဆိုချက်အရ ဘုရားရှင်တရားဟောကြားတဲ့အခါ အသုံးပြုခဲ့တဲ့နည်း ၉ နည်း အနက် ၆ နည်းကို
ရှင်းပြခဲ့ပြီးပါပြီ။
အခု အမှတ်စဥ် ၇၊ ၈၊ ၉ ကို တပေါင်းတည်း ရှင်းပြပါမယ်။
သုတ္တနည်းဖြင့် ဟောကြားသောတရားများပါ။
သုတ္တ ဆိုတာ လက်သမားသုံးတံမျဉ်းကြိုး တစ်နည်း ပန်းသီကြိုးလို့ အဓိပ္ပါယ်ရပါတယ်။
သတ္တဝါဝေနေယျတို့ကို သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် ၄၅ ဝါပတ်လုံး မနေမနား ဟောကြားခဲ့တာဖြစ်လို့ တရားကွက်ပေါင်း မြောက်မြားစွာရှိခဲ့ပါတယ်။
ရှောင်စရာတွေနဲ့ ဆောင်စရာတွေကို စည်းသား စည်းခြားပြတဲ့တရားတွေ ဖြစ်လို့ တံမျဉ်းကြိုးအသုံးပြုပြီး စည်းသားတာနဲ့ နှိုင်းပြီး သုတ္တ အမည်ရတာ ဖြစ်နိုင်ပါတယ်။
သာသနာတော် တည်တံ့ ထွန်းကား ပြန့်ပွားရေးအတွက် သံဂါယနာ တင်ပွဲများမှာ ပိဋကသုံးပုံကို
မပျောက်မပျက်ရအောင် ပန်းသီကြိုးနဲ့ သီကုံးစုစည်းပေးခဲ့ကြပါတယ်။
နိကာယ်ငါးရပ် ရှိပါတယ်။
၁။ ဒီဃနိကာယ်
သုတ်ရှည်ကြီးများ
၂။ မဇ္ဈိမနိကာယ်
သုတ်အလတ်စားများ
၃။ အင်္ဂုတ္တရနိကာယ်
အင်္ဂါအစိတ်အပိုင်းအရေအတွက်တူရာ စုစည်းထားသော သုတ်များ
၄။သံယုတ္တနိကာယ်
ဆက်စပ်မှုရှိသောသုတ်များ
၅။ ခုဒ္ဒကနိကာယ်
သုတ်ငယ်များ၊ အဘိဓမ္မာ၊ ဝိနည်း၊ အခြားသော အကြောင်းအရာများ
တို့ဖြစ်ကြပါတယ်။
ဒီတရားစုတွေကိုပဲ တရားဟောနည်း ၉ နည်း သုံးပြီး ဟောခဲ့တာပါ။
ဂါထာဆိုတာ ကဗျာ နဲ့ဟောခြင်းဖြစ်ပြီး
ဂေယျဆိုတာ ကဗျာနဲ့ စကားပြေ ( စုဏ္ဏိယ ) ပေါင်းစပ်ဟောကြားြခင်းဖြစ်ပါတယ်။
အဗ္ဘုတ အံ့ဩဖွယ်ရာများ ပါဝင်သောတရား
ဘုရားရှင်က
တရားနာသူ ကျွတ်တမ်းဝင်ဖို့အတွက် စရိုက်အလိုကိုကြည့်ပြီးဆုံးမ ပေးနိုင်ခဲ့ပါတယ်။ လူနတ်ဗြဟ္မာ သတ္တဝါအားလုံးရဲ့ ဆရာတစ်ဆူဖြစ်လို့ သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်နဲ့ ပြည့်စုံရခြင်းပါ။
ဆဋ္ဌမူပိဋကမြန်မာပြန်တွေကိုဖတ်ကြည့်တဲ့အခါ အရေးအသား ခေတ်ကွာခြားမှုကြောင့်
ယနေ့လူငယ်တွေ နားလည်ဖို့ ခက်ခဲနိုင်ပါတယ်။
ဒါ့ကြောင့် ရဟန်းပညာရှိလူပညာရှိများက ခေတ်လူငယ်များ နားလည်အောင်
ပြန်လည်ရှင်းလင်း ရေးသားပေးကြရပါတယ်။
အစမှာ ပြောခဲ့တဲ့အတိုင်း မိမိရဲ့တင်ပြချက်တွေမှာ လိုတာရှိရင် ဖြည့်ယူကြပါ။ ပိုတာတွေ့ရင် နှုတ်ပယ်ကြပါ။
ယိုင်တာတွေ့ရင် တည့်မတ်ပေးကြပါ
လို့ ထပ်မံပန်ကြားရင်း အဆုံးသတ်ပါရစေ။
တောင်းဆိုသောသူငယ်ချင်းများ
ကျေနပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ပညာရေးတက္ကသိုလ်သင်ကြားနည်း
ကျေးဇူးရှင် ဩသုဆရာကြီးဦးရန်အောင်ထံကနေ နာကြားသင်ယူခဲ့တာပါ။
ကိုယ်တိုင် က တော့ ပညာရေးတက္ကသိုလ်က အချော အလှလေးတွေဆီ သွားပြီး တပည့်မခံခဲ့ပါဘူး။
ရွာထဲက ဆရာမဆီမှာပဲ အနီးကပ် သင်ယူခဲ့တာ
သူငယ်ချင်းရောင်းရင်းတွေ အသိဆုံးပါ။
😁😁😁
အင်မတန် အသင်အပြကောင်းတဲ့ ဆရာကြီးဦးထွန်းကြွယ်ဆီက သင်နည်း ၄၀ မှတ်သားခဲ့ရတယ်လို့ ဆရာကြီးဦးရန်အောင်က ပြန်ပြောပြပါတယ်။
အဓိက သင်ကြားနည်း ၄ နည်း ရှိပါတယ်။
၁။ ပို့ချသင်ကြားနည်း
Lecturing method
သင်ပေးသူနဲ့ သင်ယူသူတို့ အဆင့်များစွာကွာခြားတဲ့အခါ သုံးတဲ့နည်းပါတဲ့။
ဥပမာ
ပထမနှစ်ကျောင်းသားတွေကို ပါမောက္ခဌာနမှူးက သင်ပေးရတဲ့အခါမျိုးမှာ ဒါတွေဒါတွေ သိထားဖို့လိုတယ်ဆိုပြီး ကျက်စရာမှတ်စရာများကို တိုက်ရိုက်ပို့ချသင်ကြားပေးတဲ့နည်း ဖြစ်ပါတယ်။ အသေးစိတ်ရှင်းပြဖို့ နားမလည်နိုင်သေးလို့ ဖြစ်ပါတယ်။
၂။ သရုပ်ပြသင်ကြားနည်း
Demonstration method
သာမန်အားဖြင့် ကြားရုံမျှနဲ့ နားလည်ဖို့ခက်တဲ့ပညာမျိုးကို ပုံဆွဲပြခြင်း၊ ပုံစံတည်ဆောက်ပြခြင်း၊ လက်တွေ့သရုပ်ပြခြင်းမျိုးနဲ့ သင်ကြားပေးခြင်း ဖြစ်ပါတယ်။
၃။ နည်းပြသင်ကြားနည်း
Tutorial method
ရှေးဦးစွာနည်းစနစ်ကိုသင်ကြားပေးပြီး
တပည့်များကို ပုစ္ဆာပေး လေ့ကျင့်စေတဲ့နည်း
ဖြစ်ပါတယ်။
၄။ ဆွေးနွေးသင်ကြားနည်း
Discussion method
သင်ပေးသူနဲ့သင်ယူသူတို့ အဆင့်သိပ်မကွာတဲ့အခါ
သုံးသင့်တဲ့နည်းပါ။
ဥပမာ မဟာဘွဲ့ကျမ်းပြုမည့်တပည့်နဲ့ ကြီးကြပ်သူဆရာတို့ဟာ အပြန်အလှန်ဆွေးနွေးဖို့လိုအပ်တာတွေ တွေ့ရမှာပါ။ အဲဒီလိုအခါမျိုးမှာ ဒီနည်းကို
သုံးလေ့ရှိပါတယ်။
ဆရာ တပည့်အများစုဟာ ဒီ ၄ နည်းနဲ့ပဲ အများဆုံးအသုံးပြုပြီး သင်ပေးသင်ယူကြတာ ဖြစ်ပါတယ်။
ကျေးဇူးရှင်ဆရာကြီးဦးရန်အောင်က ဩဠာရိကသုခုမတိုင်းရင်းဆေးပညာကို သင်ပေးတဲ့အခါ၁၂ ရက် ရက်တိုသင်တန်းတွေမှာ အထက်ပါနည်း ၄ နည်းကို မသုံးကြောင်း ရှင်းပြပါတယ်။
သင်တန်းလာတက်သူတွေက အရွယ်စုံ အလွှာစုံက အရည်အချင်းအစုံ ရှိနေကြလို့ပါ။ ကိုယ့်ထက်ပညာအရည်အချင်းမြင့်သူလဲ ပါလာနိုင်ပါတယ်။ သရုပ်ပြနေဖို့ နည်းပြပြီး လေ့ကျင့်နေဖို့ အချိန်မလုံလောက်သလို အပြန်အလှန်ဆွေးနွေးနေချိန်လဲ မရလို့ပါ။
သာသနာတော်မှာ ဉာဏ်အရာဧတဒဂ်ရမယ့် ရှင်သာရိပုတြာအလောင်းအလျာ ဥပတိဿပရဗိုဇ်ကြီးက ရှင်အဿဇိကို တရားတောင်းတဲ့အခါ သူသိထားတဲ့တရားကို တဆင့်ပြန်လည်တင်ပြတဲ့နည်း သုံးခဲ့ပါတယ်။
ယဓေမ်မာဟတေုပ်ပဘဝါ...ဧဝံဝါဒီ မဟာသမဏော
ဆိုပြီး ဆရာအရှင် မြတ်ဗုဒ္ဓက. အကြောင်းကင်းသောအကျိုးတရားမည်သည် မရှိ၊ အကြောင်းချုပ်က အကျိုးလည်းချုပ်သွားတယ်လို့ သင်ကြားပေးတယ် ပြောလိုက်ပါတယ်။ ဉာဏ်အလွန်ကြီးသူ ဖြစ်လို့ ပဋိစ္စသမုပ္ပါဒသဘောကိုနားလည်သွားကာ သောတာပန် တန်းဖြစ်သွားပါတယ်။
ဒါ့ကြောင့် ဩသုရက်တိုသင်တန်းတွေမှာ
တစ်ဆင့်ပြန်လည်တင်ပြနည်း
Representation method
ကိုပဲသုံးလေ့ရှိပါတယ်။
Seminar တွေမှာ သုံးရတဲ့နည်းမျိုးပါ။
နှစ်ပေါက်ရက်ရှည်သင်တန်းတွေမှာတော့ ဆရာတပည့်နှစ်ယောက် ကြံဆသင်ကြားပေးနေတဲ့နည်းတွေ
ထပ်ရှိပါသေးတယ်။
တေ့ဆက်သင်ကြားနည်း
ချိတ်ဆက်သင်ကြားနည်း
ကွင်းဆက်သင်ကြားနည်း
ရစ်ဆက်သင်ကြားနည်း
နဘေထပ်သင်ကြားနည်း
စာပေါင်းသိုက်သင်ကြားနည်း
အစုံပါပဲ။
လေ့လာချင်ရင်တော့
ကိုဗစ်ကာလလွန်မြောက်တဲ့အခါ
ရက်ရှည်ဟောပြောပွဲတွေ လာနားထောင်ကြည့်ပါ လို့ ဖိတ်ခေါ်ပါတယ်။
မေတ္တာဖြင့်
https://www.facebook.com/kyaw.myint.3760
Wednesday, August 31, 2022
ဒေါက်တာလှရွှေ
ဒေါက်တာလှရွှေ
( ၁ )
ကြေးနီရောင် နက်ပြာရောင်လုံချည်ကို ခြေသလုံးပေါ် ခတ်တိုတိုဝတ်၏။ အညာဖြစ်ပင်နီကြမ်း အပေါ်အင်္ကျီနှင့်။ သူ့အလိုအလျှောက် ကော့လန်နေသောကတုံးဆံထောက်၏အောက်နားဆီမှ ကျွဲကော်ကိုင်းမျက်မှန်သည် ပညာ၏အမှတ်သဖွယ်။ ဟာသတစ်ခုကိုကျူးရင့်ပြီး ဟက်ဟက်ပက်ပက် ရယ်မော၏။ သူ့ရယ်မောသံမှာ စမ်းရေယဉ်၏စီးကျသံကဲ့သို့ ကာရန်ညီစွာ တေးဆန်လှ၏။ ရယ်မော၍နေစဉ် သူ၏မျက်လုံးမှအရည်ကြည်သည် တဖိတ်ဖိတ်တောက်ပနေ၏။ ဤသဏ္ဍန်သည် ကျွန်တော်၏မှတ်ဉာဏ်တွင်စိမ်းစို၍ကျန်ရစ်နေသော ကိုလှရွှေ၏ရုပ်ပုံလွှာဖြစ်ပေသည်။
ကျောင်းမှ အိမ်သို့အပြန် ဖျာပုံသင်္ဘောပေါ်တွင် ဖြစ်၏။ တကျောင်းဆောင်တည်းနေသော သူငယ်ချင်းတဦးမှာ တွံတေးတွင်ဆင်းရမည်ဖြစ်ရာ၊ သူသည် ပဌမတန်းလက်မှတ်ခံကာ တွံတေးမရောက်ခင် အချိန်လည်းဖြုန်းရင်းဆိုသလို အပျင်းပြေကစားရန် ပိုကာဝိုင်းလုပ်၍ထား၏။
ကျွန်တော်တို့ ကျောင်းသားတစုကား ကုန်းပတ်လက်မှတ်နှင့် ဖြစ်သော်လည်း သူ၏ဧည့်သည်များအဖြစ် ပဌမခန်းရှိ စားပွဲတွင်ဝိုင်းကာ တသောသောနှင့် ရယ်မောကာ ပိုကာ ကစားလျက် ရှိကြသည်။ ကျောင်းသားတို့၏ အကျင့်အတိုင်း ကုလားထိုင် ဖရိုဖရဲနှင့်။ စား၍ လွှင့်ပစ်ထားကြသော မြေပဲခွံ၊ စက္ကူစုတ်စသည်တို့မှာလည်း ကြမ်းပြင်တွင် ပလူပျံကာ ရုန်းရင်းဆန်ခတ် ဖြစ်၍နေကြသည်။
သင်္ဘော ရန်ကုန်ဆိပ်ကမ်းမှခွာကတည်းက ပိုကာဝိုင်းလည်း စတော့၏။ ကျွန်တော်တို့တတွေကား ပျက်လုံးတွေထုတ်ပြီး တသောသောရှိနေစဉ်၊ အသက် (၂၀)ခန့် အရပ်မြင့်မြင့်၊ တောင့်တောင့်တင်းတင်း၊ ခေတ်ဆန်ဆန်အမျိုးသမီးတဦးသည် ခါးထောက်ကာ အပါးတွင်ရပ်လျက်.....
'ရှင်တို့ ဒီနေရာက ဖယ်ပေးကြပါ၊ ကျမမှာ ပဌမခန်း လက်မှတ်ပါတယ်။ သူမ၏အသံမှာ မာနဖြင့် ပြွမ်းသဖြင့် တင်းမာလှ၏။ ဂုဏ်မောက်သောမျက်နှာဖြင့် ခက်ထန်သုန်မှုန်၏။ ကျွန်တော့်မှာ ကုန်းပတ်လက်မှတ်သာရှိသူဖြစ်၍ ဘာမျှမပြောနိုင်ဘဲ အန်း၍ နေသည်။ အခြားကျောင်းသားများ မှာလည်း ရုတ်တရက် ကြောင်၍နေကြ၏။
'ရှင်တို့ ဖယ်မပေးဘူးလား.... ကျမ ဒီမှာ စာရေးကို ခေါ်လာရတယ်။ စာရေးရှင့်၊ သူတို့ကို အခန်းထဲက ထွက်ခိုင်းပေးပါ'
သူမ ခေါ်လာသော သင်္ဘောစာရေးမှာလည်း အားနာ၍ ဘာမျှမပြောဘဲ ရပ်နေ၏။ ထိုအခိုက် ကိုလှရွှေသည် ဘယ်ကပေါ်လာသည်မသိ ရောက်လာကာ၊ ထိုမာနခဲ မိန်းမပျိုနှင့် အပြန်အလှန် စကားများ ကြတော့၏။
အမှန်အားဖြင့် ကိုလှရွှေသည် ကျွန်တော်တို့အတွက်မခံချင်သဖြင့် သက်သက် ဝင်ပြောခြင်းဖြစ်၏။
ကိုလှရွှေနှင့် ကျွန်တော်မှာလည်း လူချင်းမသိကြသေးပေ။ ကျောင်းမှ အိမ်အပြန် ဖျာပုံသင်္ဘောပေါ်တွင် ရံဖန်ရံခါ တွေ့တတ်သဖြင့်၊ ဖျာပုံမှ သခင်စိတ်ပေါက်နေသော ကောလိပ်ကျောင်းသားတယောက်ဟူ၍ သာမန်အားဖြင့် မှတ်ထင်ထားခဲ့၏။ သည့်ထက်ပို၍ မသိခဲ့ပေ။ ကျွန်တော်တို့ကို သူက ကျောင်းသားလေးတွေဟု မှတ်ဟန်ရှိ၏။
မိန်းမပျိုမှာ ကွန်ဗင့်ထွက်၊ ကောလိပ်ကျောင်းသူ ဇတ်ဇတ်ကြဲထဲက ဖြစ်၏။ သို့သော် ကိုလှရွှေနှင့် တွေ့သောအခါ ပြော့၍ ကျတော့၏။ ကိုလှရွှေမှာ အချက်ကျကျ စကားပြောတတ်သည်ဖြစ်ရာ မကြာမီ သူမ၏ ဒေါသသည် လွင့်ပျောက်၍ သွားလေသည်။ စိတ်ထဲတွင်မူကား ကိုလှရွှေကို မဟုတ်မခံတဲ့ တော်တော်မီးခဲကျတဲ့လူဘဲလို့ အောက်မေ့ထားလိုက်၏။
( ၂ )
ကိုလှရွှေအကြောင်းကို တွေးလျှင်၊ ၁၉၃၈ ခု ကျောင်းသားအရေးတော်ပုံမှ၊ ကားချပ်ကလေးများသည် တချပ်ပြီး တချပ်၊ ဖျတ်ကနဲ ဖျတ်ကနဲနှင့် ပေါ်လာလေသည်။
ဒီဇင်ဘာလ ၁၅ ရက်၊ ညနေ။
ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားတို့သည် လူစီတန်းလှည့်လည်ကာ အာဏာဖီဆန်ကြသည်။ ကျောင်းသားတပ်ပေါင်းစု၏ ချိန်းဆိုရာဌာနချုပ်ကား မြို့မကျောင်းဝင်းအတွင်း ဖြစ်သည်။
စုဝေးလျက်ရှိသော ကျောင်းသားလူထုကို ကိုလှရွှေက အာဏာဖီဆန်ခြင်း၏ စည်းကမ်း သဘောများကို ပြောပြ၏။ ထိုအခိုက် မိုးကြွင်းသည် ဖြန်းကနဲရွာချလိုက်သည်။ စောစောက ဝင်းနေသောကောင်းကင်ရှိကွက်လပ်၌ တိမ်တိုက်အညိုများ ရောက်နေလေပြီ။ မိုးနှင့် လေအကြားမှ ခေါင်းဆောင်ကိုလှရွှေ၏စကားသံသည် ဖောက်ထွင်း၍ ထွက်လာသည်။
မိုးပေါက်များအကြားဝယ် ကျောင်းသားတပ်ကြီးသည်၊ မောင်ဂိုမာရီလမ်းတလျှောက် ချီတက်၍ သွားကြသည်။ လမ်းဘေးမှ ကြည့်နေသော ပြည်သူတို့က 'အရေးတော်ပုံအောင်ပါစေ' ဟု ကြွေးကြော် လိုက်ကြ၏။ လှံစွပ်သေနတ်ကိုင် စစ်ပုလိပ်အပြည့်စစ်ကားသည် ခပ်လှမ်းလှမ်းမှ လိုက်ပါ၍ လာ၏။
ဒီဇင်ဘာလ ၂၀ ရက်
အတွင်းဝန်ရုံး၏ တံခါးပေါက်များတွင် ပိတ်ဆို့၍နေကြသော ကျောင်းသားလူထုအား ကိုလှရွှေသည် တပ်မှူးသဘွယ် လှည့်၍ အားပေးစကားလိုက်ပြောနေ၏။ သူ၏ လုံချည်တိုတို၊ အသားညိုညို သဏ္ဍန်သည် ကျောင်းသားလူထုထဲမှ ပြတ်သားပေါ်လွင်၏။ (၁၂) နာရီကျော်သောအခါ ဆန်းကဖီးက လှူသော ပေါင်မုန့်နှင့်ငါးသေတ္တာကို နေပူကျဲကျဲတွင် စားလျက်ရှိကြ၏။
မကြာမီ ကျောင်းသားတပ်ကြီးသည် တပ်ခေါက်ကာ ဂျူဒါအီစကယ်လမ်းမှကွေ့၍ ချီတက်ကာ ပြန်လာကြ၏။ စပတ်လမ်းထိပ်သို့ ရောက်လျင် မြင်းစီးပုလိပ်တို့သည် နံပါတ်ဒုတ်ဖြင့် တိုက်ခိုက် ကြသည်။
"သူပုန်သူပုန် -- ထထ"
"သခင်မျိုးဟေ့ -- ဒို့ဗမာ" ဟူသော အသံသည် ပဲ့တင်ထပ်မြဲထပ်လျက်ရှိသည်။ အရှေ့ဆုံးမှ ဖရိုဖရဲ ဖြစ်သွား၏။ နောက်လူများက အလျင်းမသိ၊ ဆက်လက် ချီတက်ကြ၏။ မြင်းစီးပုလိပ်များ ရောက်လာ ပြန်၏။ ကိုလှရွှေသည် စပတ်လမ်း ပလက်ဖောင်းတွင် ဖုတ်အလိမ်းလိမ်းနှင့် လဲနေ၏။
အတွင်းဝန်ရုံးရှေ့ရှိ သွေးစက်များ သွေးစက်များ။
တက္ကသိုလ်ဆေးရုံ အနောက်ဘက်အခန်းတွင်ကား ကိုအောင်ကျော်သည် သွေးတဗွက်ဗွက်အံရင်း လူးလှိမ့်လျက် ရှိသည်။ သတိမရတချက် ရတချက်။ ကိုလှရွှေသည် ကုတင်ဘေးမှ ငေးကာ ကြည့်နေသည်။ ဟင်း ---
ကမာရွတ်မှ ဟံသာဝတီလမ်းအထိ၊ ကြီးမားပြွတ်သိပ်သော လူထု၏အသံသည် ပင်လယ်မှ လှိုင်းတံပိုးသံဟု မှတ်ထင်ရသည်။ ရှေ့ဆုံးမှ ပန်းခွေဖြင့်လွှမ်းသော ဗိုလ်အောင်ကျော်၏ အလောင်းသည် ကြံတောသင်္ချိုင်းအဝသို့ဝင်နေသော်လည်း နောက်ဆုံးမှလူသည် ကမာရွတ် ဂါတ်တဲရှေ့တွင် တိုးလျက်ပင်ရှိလေသည်။
မကြာမီ သုဿန်ဇရပ်ရှိ စကားပြောဓာတ်ခွက်မှ ---
"ကျွန်မသားလေး.... လက်နက်ဆိုလို့ အပ်တောင် မပါတာကို... နယ်ချဲ့အစိုးရဟာ ရက်ရက်စက်စက် သတ်ပစ်လိုက်ကြတာ.... ကောင်းနိုင်ကြသေးရဲ့လားနော်..."
ဗိုလ်အောင်ကျော် မိခင်အိုကြီး၏ တုန်ရီအက်ကွဲသောအသံဝယ် လူတို့သည် ဆို့၍နေသည်။ မိခင်အိုကြီး၏ရှိုက်သံသည် တဆွတ်ပျံ့ပျံ့ ပဲ့တင်ထပ်လျက်ရှိသည်။
ထို့နောက် ကိုလှရွှေ၏ မိန့်ခွန်းစကား "ဟယ် --- ဘမော်အစိုးရ" ဟူသော အသံသည် လူထုကို လွှမ်းလိုက်သည်။
စကားလုံးများကား ထက်မြက်ချွန်မြလှ၏။ စကားလုံးများကိုတင်ဆောင်ကာ ဖွင့်လှပ်လိုက်သော အသံသည် နှလုံးကိုစူးရှတိုးဝင်၍ သွားသည်။ လူတို့သည် ဗိုလ်အောင်ကျော်ကို လွမ်းနေရာမှ လက်သီးကိုဆုပ်လိုက်ကြသည်။ အံကို ကြိတ်လိုက်ကြသည်။
သည်အခါတွင် လူထုသည် ကိုလှရွှေ၏အမိန့်ကိုသာ နာခံကြလိမ့်မည်။ သူက သေဆိုလျင် သေကြမည်။ ကိုလှရွှေ၏အသံသည် လူအများကို ညှို့နိုင်စွမ်းလှသည်။ အင်္ဂလိပ်စာကထိကတဦးက “ကိုလှရွှေ၏ သုဿန်တွင် ပြောသောစကားသည် ရောမစစ်ဘုရင် ဂျူးလီးယက်ဆီဆာ၏ အလောင်းရှေ့တွင် ထား၍ပြောသော ကမ္ဘာကျော်စကားကဲ့သို့ပင် လူများကို ပြောင်းလဲနိုင်သည်” ဟု မှတ်ချက်ချလိုက်သည်။
ကိုလှရွှေကား တရားပွဲများကို ဆက်တိုက်ဟောရသည်။ တညထဲတွင်ပင် အချိန်ပြောင်း၍ ချိန်းကာ ကားတစင်းဖြင့် တပွဲပြီးတပွဲ ပြေးကာလွှားကာ ဟောရသည်။
သို့သော် သပိတ်လှန်လိုက်သောအခါ ရဲရဲတောက်သန်းတင်က သပိတ်မလှန်ဂိုဏ်းထောင်၍ (၂) စု ကွဲသွားကြသေးသည်။ ယခင်က “အာဏာရှင်” ဟု ချီးကျူးသော သတင်းစာများက “ခွာနာရှင်” ဟု ပြက်ရယ်ပြုကြလေ၏။ ည တည ကိုလှရွှေသည် မော်တော်ကားဖြင့် စမ်းချောင်းသို့သွားစဉ်
ပုလင်းနှင့်အပေါက်ခံရ၏။
တက္ကသိုလ်သမဂ္ဂအသင်းတိုက်တွင်၊ ကျောင်းသားညီလာခံခေါပြီး သပိတ်လှန်-မလှန် စည်းဝေးကြပုံကို သတိရမိ၏။ သန်းတင်နှင့်နောက်လိုက်များက နိုင်ငံလုံးဆိုင်ရာ ကျောင်းသားကိုယ်စားလှယ်များ ရှေ့တွင် သပိတ်ဆက်လက်မှောက်ရေးကို ပြောကြ၏။ ပြီးနောက် ကိုလှရွှေက ခရေစေ့တွင်းကျ အချက်အလက်နှင့်ရှင်းလင်းပြ၏။
ကျောင်းသားကိုယ်စားလှယ်များသည် တကယ့်အဖြစ်မှန်ကို မြင်လာကြလေပြီ။ မဲခွဲလိုက်သောအခါ ကိုလှရွှေဘက်က မဲများစွာနှင့် အပြတ်အသတ်နိုင်ခဲ့သည်။
နောက်နှစ်တွင် ကိုလှရွှေသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ်သမဂ္ဂ၏ဥက္ကဌ ဖြစ်ခဲ့သည်။
ကျောင်းသားအရေးတော်ပုံ အပြီးတွင် ကိုလှရွှေလည်း မိန်းမယူလိုက်လေသည်။ လူတို့သည် စိတ်ပျက်သည့်အခါ သို့မဟုတ် မျှော်မှန်းချက်များ အစိပ်စိပ်အမွှာမွှာ ကွဲပြိုသွားသည့်အခါ မိမိစိတ်ညစ်ခြင်းကိုခွဲဝေယူရန် အဖော်အဖြစ် မိန်းမယူတတ်ကြလေသည်။
ကိုလှရွှေလည်း ဆေးကျောင်းတက်နေယင်း “ရီ” နှင့် လက်ထပ်လိုက်လေ၏။
တည သမဂ္ဂအစည်းအဝေးအပြီး၌ မိုးရွာနေရာ၊ သူ၏ ချစ်ဇနီး “ရီ” အား ထီးမိုးကာ ကားပေါ်သို့ ပို့ပေးသည်ကို မြင်လိုက်ရ၏။
( ၃ )
သူ သမဂ္ဂအဖြစ်ဥက္ကဌအဖြစ်ဆောင်ရွက်သော ၁၉၃၈-၃၉ ကျွန်တော်လည်း တက္ကသိုလ်သမဂ္ဂတွင် အမှုဆောင် (ပေါင်းသင်းဆက်ဆံရေးအဖွဲ့နာယက)ဖြစ်ခဲ့ရာ သူနှင့် နီးနီးကပ်ကပ် တွေ့မြင်ရလေသည်။
တည တက္ကသိုလ်သမဂ္ဂအသင်းတိုက်တွင် အာဇာနည်နေ့ကျင်းပရေးအတွက် အစည်းအဝေးတရပ် ကျင်းပ၏။ ဒို့ဗမာအစည်းအရုံးမှ စ၍၊ အဖွဲ့ပေါင်းစုံမှကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂက ဆော်သြသူအဖြစ်ဖိတ်ခေါ်၍ ကိုလှရွှေသည် အစည်းအဝေး၏ သဘာပတိ၊ သခင်ဘဟိန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။
ကျွန်တော် မှတ်မိသလောက်၊ သခင်ဗစိန်၊ သူနာပြု ဦးဘနှင်း၊ မြို့မဆရာဟိန်၊ သခင်ကျော်စိန်၊ သခင်လေးမောင်၊ သခင်တင်မောင် (ကွယ်လွန်) စသူတို့သည် ထက်ထက်သန်သန် စကားပြောကြ၏။
နောက်ဆုံး ဘယ်နေ့ဘယ်ရက်ကို အာဇာနည်နေ့ သတ်မှတ်မည်ကို နေ့ရွေးကြ၏။ ဆွေးနွေးရင်း အတိုက်အခံ အစုကလေးနှစ်စု ကွဲ၍လာ၏။
တဘက်က ဗိုလ်အောင်ကျော်အရိုက်ခံရသော အာဏာဖီဆန်သည့်နေ့ကို အာဇာနည်နေ့ သတ်မှတ်ရန် ပြောကြ၏။ တဘက်ကမူကား ဗိုလ်အောင်ကျော် ကျဆုံးသော ၁၉၃၈ ကျောင်းသားအရေးတော်ပုံကြီး သည် ရေနံမြေအလုပ်သမားသပိတ်မှစတင် တောက်လောင်ခြင်းဖြစ်သဖြင့် အလုပ်သမားများနှင့် ပတ်သက်သောနေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်သင့်ကြောင်း အကျယ်တဝင့်ပြောကြ၏။
ပြောကြရင်း ပြောကြရင်း အရေးတော်ပုံကို အလုပ်သမားများကခေါင်းဆောင်သည် ကျောင်းသားများ ခေါင်းဆောင်သည် စသည်ဖြင့် ဆွေးနွေးသောအချက်မှတိမ်းချော်ကာ ပုဂ္ဂလဓိဌာန် အထိအခိုက်တွေပါ ပါလာတော့၏။
တော်တော်ပြင်းပြင်းထန်ထန် ပြောကြ၏။ တဘက်နှင့်တဘက်လည်း ပုတ်ခတ်၍ လာကြ၏။ သခင်ဘဟိန်းကား ခပ်ပြုံးပြုံးပင် နားထောင်နေ၏။ လက်သီးလက်မောင်းတန်းနေသော သခင်တင်မောင်ကို ကျွန်တော်က ဆွဲထားရ၏။ သခင်တင်မောင်ကား ဒေါသကြီး၏။ သူတို့၏ မျက်နှာများသည် နီမြန်း၍ နေကြကုန်၏။
တချို့ကား လက်မောင်းပင့်ပြီး ရှေ့သို့ ထလာ၏။ ကျွန်တော့်စိတ်ထဲတွင်ကား တဘက်နှင့် တဘက် ထိုးကြကြိတ်ကြတော့မည်မှာမလွဲဟု အောက်မေ့ထားလိုက်၏။ သခင်တဦးက ကျောင်းသားတွေဟာ ဘာကောင်တွေ ညာကောင်တွေ စသည်ဖြင့် ဆဲရေး၏။
'ထိုင်--- ထိုင် --- မပြောနဲ့' စသည်ဖြင့် အော်ဟစ်ကြွေးကြော်နေသည့်ကြားထဲမှ သခင်လေးမောင်သည်မရပ်ဘဲ လျှာရှည်ရှည်နှင့် စကားပြောလျက်ရှိ၏။ တခန်းလုံး တယောက်တခွန်း စကားသံတွေဖြင့် ပွက်ပွက်ညံလျက်ရှိသည်။
သခင်တဦးသည် လက်ထဲမှ ထီးကိုယူကာ တဘက်သို့ ပြေးသွားလေပြီ။
သည်လို ပေါက်ကွဲတော့မည့်လေပြင်းမုန်တိုင်းထဲမှ ကိုလှရွှေသည် ထကာ "သခင်လေးမောင် ရပ်လိုက်ပါ၊ ရပ်လိုက်ပါ"
သခင်လေးမောင်၏စကားသံသည် ဆက်လက်ပေါ်လာ၏။
"အားလုံး ငြိမ်ကြပါ ဒီအစည်းအဝေးမှာ ကျွန်တော်သည်သဘာပတိ၊ ကျွန်တော့်အမိန့် နားထောင်ရမယ် ခင်ဗျားတို့ အားလုံးငြိမ်ကြ"
သူ၏ အောင်မြင်ထက်မြက်သောအသံသည် သမဂ္ဂအခန်းတခုလုံးကို လွှမ်းသွားသည်။ ဆူပွက်သော အသံများသည် မီးကို ရေနှင့်သတ်လိုက်သလို ရှဲကနဲ တိတ်သွားသည်။ မီးကို ရေနှင့်သတ်လိုက်သလို ဟူသော ဥပမာစကား၏ တိကျမှန်ကန်ခြင်းကို ဤနေရာတွင်မှ ဒက်ကနဲ တွေ့လိုက်ရပေသည်။
ကျွန်တော်ကား ကိုလှရွှေကို ကျေးဇူးတင်လျက် ရှိသည်။ အကယ်၍သာ ကိုလှရွှေသည် အစည်းအဝေးကိုမထိန်းသိမ်းနိုင်လျင်၊ ဧကန် သွေးထွက်သံယိုမှုများ ဖြစ်ပွားမည်။ တိုင်းပြည်က အထင်ကြီးသော ဒို့ဗမာအစည်းအရုံးမှခေါင်းဆောင်များနှင့်ကျောင်းသားများ၏ရန်ပွဲသည် ရှက်ဘွယ်ရာ ကျော်ကြား၍သွားပေမည်။
( ၄ )
ကျောင်းသားခေါင်းဆောင်အဖြစ်ကား ကိုလှရွှေသည် သံမဏိလမ်းစဉ်နှင့်လုပ်ခဲ့သည်။
အလုပ်သမား၊ လယ်သမားစသော ဆင်းရဲသားအရေးတို့ကို ရှေ့ရှုခဲ့သည်။ သူသတ်မှတ်ထားသော လမ်းစဉ်ကို မတိမ်းမစောင်းဘဲ စိုက်မတ်စွာ ရဲရဲရင့်ရင့်လုပ်တတ်သည်။ သူ သမဂ္ဂဥက္ကဌဖြစ်သည့်နှစ်က ဒုတိယဥက္ကဌ ကိုကျော်မြင့် (ယခု ဆိုရှယ်လစ်ပါတီ) က သမဂ္ဂအစည်းအဝေးပွဲ တပွဲတွင် ဒေါက်တာဘမော်ကို နိုင်ငံရေးတရားဟောခိုင်းဖို့ အဆိုတင်သွင်းရာ၊ ကိုလှရွှေသည် ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။
“ကျုပ်လက်ထက်မှာ ဒေါက်တာဘမော် သမဂ္ဂစင်မြင့်ပေါ် မတက်စေရဘူး” ဟု သူပြောသည်။
အခုတင် ဘမော်အစိုးရကို ဖြုတ်ချပြီး၊ အခုဘဲ သူနှင့် ပြန်၍လက်တွဲရမည့်သဘောကို သူအလိုမရှိပေ။ သူ့လက်ထက်တွင် ဒေါက်တာဘမော် တခါမျှ သမဂ္ဂစင်မြင့်သို့ မရောက်ခဲ့ရပေ။ ကိုလှရွှေသည် သံမဏိလမ်းစဉ်၊ ချိုးဖဲ့ကွေးညွတ်၍မရသောလမ်းစဉ်အတိုင်း စိုက်စိုက်မတ်မတ် သွားသည်။
ကျောင်းသားအရေးများကြောင့်ပင် သူသည် ပညာရေးဘက်က များစွာ အနစ်နာခံခဲ့ရသည်။
သူ တက္ကသိုလ်ရောက်သည်မှာ ကြာလှပေပြီ။ သူသင်ယူသော အမ်ဘီဘီအက်စ် ဆရာဝန်အတတ်မှာ (၇) နှစ် သင်တန်း ရှိပေရာ၊ သပိတ်ကိစ္စ၊ သမဂ္ဂကိစ္စအဝဝကြောင့်၊ စာမေးပွဲ မဖြေရသည်မှာ မကြာခဏပင်ဖြစ်ပေသည်။ အထူးသဖြင့် ဆရာဝန်အတတ်မှာ ဘီအေ၊ အမ်အေကဲ့သို့ ကျောင်းမှန်မှန် မတက်သော်လည်း စာဖတ်ပြီး စာမေးပွဲအောင်ရန် မရပေ။ လက်တွေ့အတန်းများကို မပျက်မကွက်တက်ပြီး မှန်မှန်ကျိုးစား စာဖတ်မှ တော်ရုံကျပေသည်။ သည်အထဲ သမဂ္ဂလုပ်ငန်းကို လုံးလုံးလျားလျားလုပ်ပြီး စာမေးပွဲ မဖြေရသဖြင့် ကျောင်းသက်မှာရှည်ရခြင်း ဖြစ်လေသည်။
၁၉၃၉ ခုမှစ၍ သူသည် ကျောင်းစာကို လိုက်ရလေသည်။ ထိုနှစ်မှစ၍ သူ၏ သမဂ္ဂဥက္ကဌ သက်တန်းစေ့သဖြင့်သာ၊ အမ်ဘီဘီအက်စ် ဆရာဝန်ဘွဲ့ကို ဆွတ်ခူးခွင့် ရခဲ့ပေသည်။ နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် နှုတ်ဖြင့်မေးသောစာမေးပွဲတွင် ဆေးတက္ကသိုလ်အဖွဲ့မှ ဆေးမင်းကြီးက ၁၉၃၈ ခု၊ ကျောင်းသားအရေးတော်ပုံသည် မှန်သလောဟူသောမေးခွန်းမျိုးကို ကိုလှရွှေအား မေးသည်ဟု ကြားရသည်။ ကိုလှရွှေသည် အရေးတော်ပုံဘက်မှနေ၍ ရဲရင့်စွာပင် အချက်အလက်များနှင့် ဖြေကြားခဲ့ပေသည်။ ထိုအခါက နယ်ချဲ့စနစ်သည် ခိုင်မြဲလျက် ရှိသေးသည်။
အကယ်၍သာ ကျောင်းမှထွက်ပြီး နိုင်ငံရေးဆက်လိုက်လျင် သူ၏ ကျော်စောခြင်းအရှိန်နှင့် ယခုအခါ အတော် အရေးပါသောတနေရာတွင်ရောက်နိုင်ရန် အလားအလာ ရှိခဲ့ပေသည်။
သို့သော် သူသည် သမဂ္ဂကထွက်ပြီးကတည်းက အေးချမ်းငြိမ်ဝပ်စွာ နေခဲ့သည်။ ဆရာဝန်ပညာကိုသာ စိတ်အားထက်သန်ခဲ့ပေသည်။ ဆရာဝန်ကြီးတဦးက ကိုလှရွှေအား “ငယ်ရွယ်သော်လည်း ထက်မြက်လှသော အခွဲအစိတ်ဆရာဝန်တဦး ဖြစ်လေသည်” ဟု ချီးကျူးခဲ့သည်။
ဂျပန်တက်စ ဘီအိုင်အေခေတ်က ကျွန်တော်သည် ကျိုက်လတ်မြို့ရှိ ဒို့ဗမာအစိုးရ၏ အုပ်ချုပ်ရေး ကိစ္စတခုဖြင့် ဖျာပုံသို့ ရောက်ခဲ့ရာ သူ့အိမ်တွင် သူ့ကို သွားတွေ့သည်။ သူသည် အုပ်ချုပ်ရေးမှူး လုပ်လျက်ရှိသည်။
သူက “ကျွန်တော်တော့ဗျာ မတတ်သာလို့ အုပ်ချုပ်ရေးမှူး လုပ်နေတာဘဲ” ဟု ညည်းသည်။ ဂျပန်ခေတ်ကလည်း ပြည်သူ့ဆေးရုံတွင် အခွဲအစိတ်ကိစ္စများကို လုပ်ကိုင်လျက်ရှိခဲ့သည်။ နောက်တဖန် မအူပင်သို့ ခရိုင်ဆရာဝန်အဖြစ် ပြောင်းသွားသည်။
လူအဖြစ်ကား ကိုလှရွှေသည် ဖော်ရွေပြူငှာလှသည်။ သဘောကောင်းသည်။ ရယ်စရာတခုခုပြောပြီး ဟက်ဟက်ပက်ပက် ရယ်မောတတ်သည်။ သူ၏ ရယ်သံမှာ တောမြိုင်အတွင်းရှိ ရေယဉ်စမ်းမှ စီးကျသံလို ကာရန်ညီ၍ စီးချက်ကျသည်။ သူနှင့် စကားပြောလျှင် ပျင်းစရာမကောင်း။ သူ့တွင် ဟာသရှိသည်။
တာရာမဂ္ဂဇင်းကို သူ့ထံသွားပေးသည့်အခါ သူသည် မျက်နှာဖုံးကစ၍ ဝေဖန်ချက် ပြောလေ့ရှိသည်။ သူ့တွင် ဝေဖန်စစ်ဆေးခြင်း မျက်စိရှိသည်။ 'ငွေလှေပေါ်ကအနမ်း' ကဗျာကိုကား “ခင်ဗျားဟာက ကိုယ်မရတိုင်း၊ ကိုယ်မဖြစ်တိုင်း၊ ကိုယ်ဖြစ်ချင်တာတွေ အိပ်မက်မက်ထာဘဲလားဗျာ” ဟု ရယ်ကာ ပြောလေသည်။
“ခင်ဗျားမူအတိုင်း မပျက်စေနဲ့၊ တန်ဘိုးကို အမြဲထိန်းသိမ်းနော်” ဟု ကျွန်တော့်ကို ပြောတတ်သည်။
'တာရာ' တွင် ဘဝနှင့်ပတ်သက်သောဆောင်းပါးများရေးပေးမည်ဟု ကတိပေးဖူးသည်။ သို့သော် သူ့မှာ မအားလပ်သဖြင့် မရေးဖြစ်ခဲ့။
သူသည် ခေတ်အယူအဆ၊ စာပေ စသည်တို့ကို လစ်လျှူရှုသူ မဟုတ်ပေ။ သူရေးခဲ့သော 'ဇနီးမောင်နှံ ရာသက်ပန်' ကား စာအုပ်ကောင်းတအုပ်ဖြစ်၍ မကွယ်မထောက် ရှင်းလင်းပြတ်သားလှသည်။ ခေတ်ပေါ် ဗမာကာမသျှတ္တရစာအုပ်များထဲတွင် သူ့စာအုပ်သည် ပညာအဆန်ဆုံး၊ အခိုင်လုံဆုံး ဖြစ်ပေသည်။
( ၅ )
ဆရာဝန်ဆို၍ ကိုလှရွှေတယောက်ရှိသည်မှာ မိတ်ဆွေရဲဘော်များအတွက်လည်း များစွာအားကိုးစရာ ဖြစ်ခဲ့သည်။ ဂျပန်ခေတ်က သခင်ဘဟိန်းသည် အသားဝါရောဂါ ဖြစ်နေစဉ်၊ ကိုလှရွှေသည် မနက် အစောကြီး ပေါက်လာကာ ဆေးထိုးပေး၏။ သခင်ဘဟိန်းမှာ အိပ်ရာထနေမြင့်၍ ကိုလှရွှေသည် စောင့်၍ ဆေးထိုးပေးရ၏။
ကျောင်းသားဘဝကလည်း ကိုလှရွှေသည် သခင်ဘဟိန်းကို ဆေးထိုးပေးခဲ့သည်။ ဆေးထိုးရန်အတွက် ဆေးထိုးတံပြင်နေစဉ်၊ သခင်ဘဟိန်းက လက်မောင်းကိုပွတ်ရင်း ပြုံးပြီး “ဟုတ်မှ ဟုတ်ရဲ့လားကွာ တော်ကြာ ဆေးထိုးမှားလို့ ကြွနေပါအုံးမယ်”။ ကိုလှရွှေကား ဟက်ဟက်ပက်ပက်ရယ်မောကာ “အလကားထိုးပေးရလို့ ကိုယ့်လူ။ မောင်ရင်က ပိုက်ဆံပေးရမှ အဟုတ်ထင်တာကိုး၊ အောင်မယ်လေး ထိုးပေးရတဲ့ လူကတောင် ချော့နေရသကိုး”
ကျွန်တော်တို့ကား ရှုံ့ ရှုံ့ မဲ့နှင့်ခံနေသော သခင်ဘဟိန်းအား ရယ်၍သာနေကြ၏။ ကိုလှရွှေက အပ်ကို ဆွဲထုတ်ယင်း “အပ်ကြီးကြီးနဲ့ ထိုးလိုက်ရတာ အသားဘဲဟေ့” ဟု ရယ်မောလျက် ရှိ၏။
၁၉၄၆ နှစ်ဦးက ကျွန်တော်သည် ဝမ်းကိုက်ရောဂါဖြစ်၍ ကိုလှရွှေထံတွင် အကြိမ် (၆၀) ခန့် ဆေးထိုး ရဖူး၏။
သူဆေးထိုးမည်ပြုလျင် ကျွန်တော်က အင်္ကျီလက်ကိုပင့်ယင်း “ဖြေးဖြေးလုပ်နော်” ဟုပြောရာ၊ “ဒီတခါတော့ အပ်ကြီးကြီးနဲ့ ထိုးရမယ်ဗျ” ဟုပြောပြီး ထိုးလေ့ရှိ၏။ သူ့အိမ်သို့ ဆေးထိုးသွားလျှင် တက်ဘုန်းကြီးသိန်းဖေ၊ သခင်ဗတင်၊ စသည်တို့ကို တွေ့ရတတ်၏။ ကိုထွန်းအုံနှင့်ကား ဆေးထိုးဆုံ၍ နေတတ်၏။ ကိုလှရွှေဆေးထိုးမည့်နေ့ဆိုလျှင် သူ့ဇနီး 'ရီ' သည် ဆေးထိုးတံ၊ အပ် စသည်တို့ကို ဆေးစိမ်၍ထားလေ့ရှိသည်။ ကိုလှရွှရေးပေးသည့် အညွှန်းအတိုင်း ဆေးစပ်ပေးလေ့ရှိ၏။ ကိုလှရွှေသည် ချစ်ဇနီး 'ရီ' ကို အတော်ချစ်ပုံရလေသည်။
တညနေတွင် ကျွန်တော်သည် ဆေးရုံဝင်းထဲရှိ အိမ်တွင် ဆေးထိုးရန် ကိုလှရွှေကို စောင့်လျက်ရှိသည်။ ကိုယ်တော်တပါးသည် ဒေါက်တာမောင်လှရွှေကို တွေ့ချင်သည်ဆို၍ ဧည့်ခန်းသို့ ဝင်လာ၏။ မကြာမီ ကိုလှရွှေသည် ဆေးရုံမှ ရောက်လာသည်။ ကိုယ်တော်က ခြေတွင် ထုံကျင်ကိုက်ခဲသော ဝေဒနာစွဲကပ်၍ ဆေးရုံတက်လိုကြောင်း ပြောပြ၏။ ကိုလှရွှေက နောက်တနေ့တွင် ဆေးရုံ ပြင်ပလူနာဌာနသို့ လာရောက်ရန်ချိန်းဆို၏။ သို့သော် ကိုယ်တော်က အတော်ကြာပင် ဆေးရုံအကြောင်းကို မေးမြန်းနေလေ၏။ ကိုလှရွှေကား စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ နားထောင်ရသော ကျွန်တော်ပင် စိတ်မရှည်ပေ။
ကိုလှရွှေ ခေတ္တ အိမ်ခန်းထဲသို့ ဝင်သွားသောအခါ ကိုယ်တော်က၊ “အာဏာရှင်ကြီး မောင်လှရွှေ လခ ဘယ်လောက်ရလဲ၊ တထောင်ကျော်လား” စသည်ဖြင့် ကျွန်တော့်အား မေးလျက်ရှိ၏။ ကိုယ်တော်သည် ကျောင်းသားခေါင်းဆောင်အဖြစ် ကိုလှရွှေကို အတော်စွဲလမ်းပုံရသည်။
( ၆ )
မသွားခင် တလကျော်ကျော်လောက်က သူနှင့် တွေ့သောအခါ၊ အမေရိကန်ပြည်သို့ သင်္ဘောနှင့် သွားမည်ဟု ကျွန်တော့်ကို ပြော၏။ နောက်မှ လေယာဉ်ပျံနှင့် သွားမည်ဆိုတာသိရ၏။
သူသည် အမေရိကန်ပြည် မနီဆိုတာတက္ကသိုလ်၌ အခွဲအစိတ်ပညာကို ပညာတော်သင်အဖြစ် သွားရောက်သင်ကြားရန် ဖြစ်သည်။ သူသည် ဆေးသိပ္ပံပညာ၌ စိတ်ဝင်စားလျက်ရှိနေသည်။
“ကျွန်တော်တို့တတွေ သိပ္ပံပညာဘက်မှာ ပြည့်ပြည့်ဝဝ ခေတ်မီမီ တတ်ကျွမ်းနားလည်ဖို့လိုတယ်။ လေ့လာဆည်းပူးစရာတွေ အများကြီး ရှိသေးတယ်.....” ဟု ကျွန်တော့်အား ကိုလှရွှေက ပြော၏။
ထင်ကြီးနှင့် တက္ကသိုလ်တခုတည်းဆို၍ ထင်ကြီးက တဖွဖွမှာနေသော တာရာမဂ္ဂဇင်းများကို ကိုလှရွှေနှင့်ပါးလိုက်ရန် သူ့ဆီသွားတွေ့၏။ ထိုနေ့က သူ အင်းစိန်သွားနေသဖြင့် မတွေ့လိုက်ရ။ လေယဉ်ပျံတွင်ယူနိုင်သည့် ဝန်စည်စလယ်အလေးချိန်မှာ ပြည့်နေပြီဟုကြားရသဖြင့် ဆန်းကဖေး မန်နေဂျာ တွန်မီထွန်းတင်နှင့် ပေးလိုက်ရလေသည်။
များမကြာမီ အာရေဗျပင်လယ်ကွေ့၌ လေယာဉ်ပျံပျက်သည့်သတင်းကြားရရာ ထိတ်ခနဲ ဖြစ်သွားသည်။ တနှစ်အတွင်း မိတ်ဆွေရဲဘော်များ၊ အထူးသဖြင့် သမဂ္ဂဥက္ကဌများသည် ကွယ်လွန်ရှာကြလေပြီ။ ပဌမ ကွန်မြူနစ်ခေါင်းဆောင် သခင်ဘဟိန်း၊ နောက် ဖဆပလဥက္ကဌ သခင်အောင်ဆန်း၊ နောက်ဆုံး ၁၉၃၈ နှစ် ကျောင်းသားအရေးတော်ပုံ၏ ခေါင်းဆောင် ကိုလှရွှေ။
ဒဂုန်တာရာ။
အောက်တိုဘာလ ၁၉၄၇။
Wednesday, August 24, 2022
သတိ
၁၉၈၉ခုနှစ် ကျွန်မနေအိမ်မှာ အကျဉ်းချခြင်းမခံရမီ ဆရာတော်ဦးပဏ္ဍိတကို ဖူးတွေ့ခွင့်ရခဲ့ပါတယ်။ ဆရာတော်က သမ္မာဝါစာလို့ ခေါ်တဲ့ မှန်တဲ့စကားကို ပြောဆိုခြင်းဟာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို ဟောကြားဆုံးမခဲ့ပါတယ်။ လူတစ်ယောက်အနေနဲ့ မှန်သောစကားကို ပြောရုံတင်မက သူပြောတဲ့စကားဟာ သတ္တဝါအချင်းချင်း သင့်မြတ်ညီညွတ်မှုကိုဖြစ်စေရမယ်၊ နူးညံ့သိမ်မွေ့မှုရှိရမယ်၊ အကျိုးရှိရမယ်လို့လည်း ဟောကြားခဲ့ပါတယ်။ လူသားတစ်ဦးအနေနဲ့ မှန်လည်းမှန်တယ်၊ အများအကျိုးလည်းရှိတယ်ဆိုရင် ကြားရတဲ့သူအဖို့ မနှစ်သက်တောင်မှ ဒီလိုစကားမျိုးကိုသာ ပြောဆိုခဲ့တဲ့ ဗုဒ္ဓရဲ့ စံနမူနာကို အတုယူသင့်တယ်လို့ ဆိုပါတယ်။
ဆရာတော်က ကျွန်မကို ‘သတိ’ ဆိုတာကို အမြဲလက်ကိုင်ထားဖို့လည်း တိုက်တွန်းပြောကြားသွားပါသေးတယ်။ သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်မှု၊ ဝီရိယလို့ခေါ်တဲ့ အားထုတ်မှု၊ သမာဓိလို့ခေါ်တဲ့ စိတ်တည်ငြိမ်မှု၊ ပညာလို့ခေါ်တဲ့ အသိဉာဏ်ရှိမှု၊ သတိလို့ခေါ်တဲ့ မမေ့မလျော့အမှတ်ရမှု ဆိုတဲ့ တရားငါးပါးထဲမှာ သတိတရားဟာ ပိုတယ်မရှိပါဘူး။ ပညာလုံလောက်စွာမပါတဲ့ သဒ္ဓါအားကြီးမှုဟာ မျက်ကန်းယုံကြည်မှုမျိုးဖြစ်စေပါတယ်။ လုံလောက်တဲ့ သဒ္ဓါမပါတဲ့ ပညာအားကြီးမှုဟာ မလိုလားအပ်သော ဉာဏ်နီဉာဏ်နက်များမှုမျိုး ဖြစ်စေပါတယ်။ သမာဓိအားနည်းပြီး ဝီရိယလွန်ကဲမှုဟာ ဂနာမငြိမ်ခြင်းကို ဖြစ်စေပါတယ်။ ဝီရိယ မလုံလောက်ဘဲ သမာဓိအားကြီးခြင်းဟာ ပျင်းရိခြင်းကို ဖြစ်စေပါတယ်။
ဒါပေမဲ့ လူတစ်ယောက်အတွက် သတိဆိုတဲ့ အရာကတော့ ဘယ်တော့မှပိုတယ် မရှိပါဘူး။ ဒါကြောင့်လည်း ‘သတိဆိုတာ ပိုသည်မရှိ၊ လိုသည်သာ ရှိ၏’ လို့ အဆိုရှိတာပါ။ ဆရာတော်ဦးပဏ္ဍိတက အထူးဂရုစိုက်ပြီး အလေးအနက်ဟောကြားခဲ့တဲ့ ဒီဗုဒ္ဓတရားရဲ့ မှန်ကန်မှုနဲ့ အဖိုးတန်မှုဟာ ကျွန်မနေအိမ်မှာ အထိန်းသိမ်းခံနေရတဲ့ကာလအတွင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။
ဗုဒ္ဓဘာသာ၀င်တွေဖြစ်ကြတဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်များစွာတို့နည်းတူ အထိန်းသိမ်းခံနေရစဉ်ကာလအတွင်း ကျွန်မရဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချနိုင်ရန် ကျွန်မ ဝိပဿနာတရားထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာလွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သင်ကြားပြသပေးမယ့် ဆရာကလည်းမရှိတော့ ပထမဦးဆုံးစပြီး ကြိုးပမ်းစဉ်တုန်းက နည်းနည်း စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ် ဆိုတာထက် ပိုပါသေးတယ်။ တရားထိုင်တဲ့အခါ ကျင့်ကြံထားရှိရမယ့် စိတ်အတိုင်း ကျွန်မရဲ့စိတ်ကို မထိန်းချုပ်နိုင်တဲ့အခါ ကျွန်မအင်မတန်စိတ်တိုပြီး ဒီလိုလုပ်နေတာဟာ ကျွန်မကိုယ်ကျွန်မ ကောင်းကျိုးထက် ဆိုးကျိုးပြုနေတာလို့ ခံစားမိတဲ့ရက်တွေ ရှိခဲ့ပါတယ်။ တရားထိုင်ချင်သည်ဖြစ်စေ၊ မထိုင်ချင်သည်ဖြစ်စေ ကိုယ့်အကျိုးအတွက် ထိုင်သင့်တယ်ဆိုတဲ့ ထင်ရှားကျော်ကြားတဲ့ ဆရာတော်တစ်ပါး ဆုံးမခဲ့တဲ့ စကားတစ်ခွန်းသာမရှိခဲ့လို့ရှိရင် ကျွန်မလက်လျှော့ခဲ့မိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်မလည်း အံကြိတ်ပြီး ဆက်လက်ကြိုးစားခဲ့ပါတယ်။ တစ်ခါတစ်ရံမှာတော့ စိတ်ဓာတ်ခပ်ကျကျနဲ့ပါပဲ။
အဲဒီနောက် ကျွန်မရဲ့ခင်ပွန်းဖြစ်သူက ဆရာတော်ဦးပဏ္ဍိတရေးသားတဲ့ In This Very Life: The Liberation Teachings of the Buddha (ဘ၀သံသရာမှလွတ်မြောက်ရန် ဗုဒ္ဓ၏ဟောကြားဆုံးမချက်များ) ဆိုတဲ့စာအုပ် ကျွန်မကိုပေးပါတယ်။ အဲဒီစာအုပ်ကို သေသေချာချာလေ့လာရင်းနဲ့ တရားထိုင်တဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာတွေ၊ အကျိုးကျေးဇူးတွေက ဘာတွေလဲဆိုတာတွေကို ကျွန်မသိရှိနားလည်ခဲ့ပါတယ်။ တရားထိုင်ခြင်းက နေ့စဉ်လှုပ်ရှားနေရတဲ့ဘ၀မှာ သတိတရားလက်ကိုင်ထားမှု ပိုပြီးတိုးတက်စေပုံကို ကျွန်မသိရှိနားလည်ခဲ့ပါတယ်။ ကျွန်မလည်း ဆရာတော်ပြောကြားခဲ့တဲ့ သတိရဲ့အရေးကြီးပုံကို ၀မ်းမြောက်၀မ်းသာ ကျေးဇူးတင်စွာနဲ့ ထပ်ခါထပ်ခါ အမှတ်ရနေမိပါတယ်။
ကျွန်မရဲ့ နိုင်ငံရေးအလုပ်တွေမှာ ဆရာတော်သံဃာတော်များရဲ့ ဟောကြားဆုံးမမှုတွေက ကျွန်မကို များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။ အားအင်တွေများစွာ ဖြစ်စေခဲ့ပါတယ်။ ကျွန်မ တစ်ပြည်လုံးအနှံ့လှည့်လည်ပြီး ပထမဦးဆုံး စည်းရုံးရေး ခရီးထွက်ခဲ့စဉ်တုန်းက တိုင်းပြည်အနှံ့မှာရှိတဲ့ ဆရာတော်များထံကနေ အဖိုးမဖြတ်နိုင်တဲ့ အကြံဉာဏ်တွေ ရရှိခဲ့ပါတယ်။
ပြည်မြို့ကိုရောက်တော့ ဆရာတော်တစ်ပါးက သံသရာ၀ဋ်ဆင်းရဲမှ တစ်ကိုယ်တည်းဦးစွာ အရင်လွတ်မြောက်နိုင်တဲ့ အခွင့်အလမ်းကိုစွန့်လွှတ်ပြီး အခြားသူတွေကို ဆင်းရဲဒုက္ခမှ လွတ်မြောက်ရေးအတွက် ကယ်တင်ဖို့ ဘဝပေါင်းများစွား ကြိုးပမ်းခဲ့တဲ့ သုမေဓာရသေ့ကြီးကို စိတ်မှာအမြဲမှတ်ထားဖို့ ဆုံးမခဲ့ပါတယ်။ အဲဒီလိုပဲ ကျွန်မအနေနဲ့ ကောင်းမြတ်တဲ့အရာတွေ၊ တရားမျှတမှုတွေ ထွန်းကားစေရေးအတွက် လိုအပ်ရင် ဘယ်လောက်အချိန်ကြာသည်ဖြစ်စေ ကြိုးပမ်းအားထုတ်ဖို့ ပြင်ဆင်ထားရမယ်လို့ ဆရာတော်က အလေးအနက် တိုက်တွန်းခဲ့ပါတယ်။
ပခုက္ကူက ဘုန်းကြီးကျောင်းတစ်ကျောင်းကိုရောက်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀)ကျော်က ကျွန်မရဲ့ဖခင် အဲဒီကိုရောက်တုန်း ကျောင်းထိုင်ဆရာတော်တစ်ပါးက ဖေဖေ့ကို ဆုံးမသြ၀ါဒပေးခဲ့တဲ့အတိုင်း ကျွန်မကို ထပ်ပြီးတော့ ဆုံးမသြ၀ါဒပေးပါတယ်။ ‘ခြောက်တိုင်လည်း မကြောက်ပါနဲ့၊ မကြောက်ဘဲနဲ့လည်း မနေပါနဲ့၊ မြှောက်တိုင်းလည်း မမြောက်ပါနဲ့၊ မမြောက်ဘဲနဲ့လည်း မနေပါနဲ့’ ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ပြောရရင် သတ္တိနဲ့ နိဝါတတရားကို ထိန်းသိမ်းရမှာဖြစ်သလို သတိသမ္ပဇဉ်နဲ့ ရှိအပ်တဲ့ ဂုဏ်သိက္ခာကို မပစ်ပယ်သင့်ဘူးဆိုတဲ့သဘောပါ။
ဖေဖေ့ရဲ့ဇာတိမြို့ဖြစ်တဲ့ နတ်မောက်ကိုရောက်တော့ ဖေဖေငယ်စဉ်တုန်းကစာသင်ခဲ့တဲ့ ဘုန်းကြီးကျောင်းကို ကျွန်မသွားခဲ့ပါတယ်။ အဲဒီမှာ ဆရာတော်က ကျဆုံးပျက်စီးခြင်း အကြောင်းတရားလေးပါးကို ဟောကြားခဲ့ပါတယ်။ ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်ရအောင်ကြိုးပမ်းမှုမရှိခြင်း၊ ပျက်စီးသွားတဲ့အရာတွေကို ပြုပြင်ရန်ပျက်ကွက်ခြင်း၊ သင့်တင့်လျောက်ပတ်သော ခြိုးခြံချွေတာမှုပြုလုပ်ဖို့ လိုအပ်တာကို အလေးဂရုမပြုခြင်း၊ အကျင့်သီလ ဒါမှမဟုတ် စာပေပညာမရှိတဲ့သူတွေကို ခေါင်းဆောင်တင်မြှောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ တရားမျှတပြီး သာယာဝပြောတဲ့ လူ့ဘောင်အဖွဲ့အစည်းကို ထူထောင်နိုင်ဖို့ရာအတွက် အဲဒီရိုးရာအစဉ်အလာ ဗုဒ္ဓဘာသာအဆုံးအမတွေကို ဘယ်လို အဓိပ္ပာယ်ကောက်ယူပြီး နားလည်သင့်တယ်ဆိုတာကိုလည်း ဆရာတော်က ရှင်းပြလိုက်ပါသေးတယ်။
မြန်မာပြည်အလယ်ပိုင်းတစ်ခွင် ခရီးထွက်စဉ် ကျွန်မမှတ်သားခဲ့ရတဲ့ ဆုံးမစကားတွေထဲမှာ စစ်ကိုင်းမြို့က သက်တော်(၉၁)နှစ်ရှိ ဆရာတော်တစ်ပါးရဲ့ ဆုံးမစကားကို ကျွန်မ ထူးထူးခြားခြားမှတ်မိနေပါတယ်။ မြန်မာပြည်ဒီမိုကရေစီရေးအတွက် ကြိုးပမ်းအားထုတ်ရတာ ဘယ်လိုနေမယ်ဆိုတာကို ဆရာတော်က တိုတိုနဲ့ ထိထိမိမိ ရှင်းပြသွားခဲ့ပါတယ်။
‘ရိုးသားတဲ့ နိုင်ငံံရေးလုပ်တဲ့အတွက် ကျွန်မဟာ တိုက်ခိုက်ခြင်းခံရမယ်၊ ကြမ်းတမ်းတဲ့ စကားလုံးတွေသုံးစွဲပြီး ပြစ်တင်ဝေဖန်တာ၊ စွပ်စွဲတာခံရမယ်’ လို့ ဆရာတော်က မြွက်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ‘ကျွန်မအနေနဲ့ မလျှော့သောဇွဲနဲ့ ကြိုးစားရမယ်၊ ဒုက္ခကို အရင်းအနှီးပြုလုပ်နိုင်လို့ရှိရင် သုခအကျိုးအမြတ်ကို ခံစားရလိမ့်မယ်’ လို့ ဆရာတော်က မြွက်ကြားခဲ့ပါတယ်။
အောင်ဆန်းစုကြည်
စက်တင်ဘာ(၉)၊ ၁၉၉၆
( Eternal Light Magazine, Volume 2 No.10, 2012 December )
Monday, August 22, 2022
ချစ်နေရင်းက ကြည်ညိုလို့မရခဲ့တဲ့ သူတယောက်အကြောင်း
ချစ်နေရင်းက ကြည်ညိုလို့မရခဲ့တဲ့ သူတယောက်အကြောင်း
ဆရာ ဦးအောင်သင်းရဲ့သမီး မော်မော်သင်း ရေးထားတဲ့ အကြောင်း လေး-
စားပွဲ ( ၁ )
========
ဒီညနေ ထမင်းစားပွဲအသစ်ကလေးတစ်လုံး ဝယ်ခဲ့တယ်။ ခေါက်စားပွဲ အဝိုင်းလေးပါ။
တကယ်တော့အိမ်မှာ ထမင်းစားပွဲဝိုင်းလေးတစ်ခုရှိပြီးသားပါ။
၁၉၈၈ ကတည်းက စားပွဲဆိုတော့ သက်တမ်းအားဖြင့် ၃၄ နှစ်ရှိပြီပေါ့။
သက်တမ်းကြာတဲ့အပြင် အစကတည်းက ကျကျနန လုပ်ထားတဲ့စားပွဲမဟုတ်ဘဲ၊
ဆိုင်မှာဒီတိုင်းတင်ရောင်းထားတဲ့စားပွဲဆိုတော့ သိပ်တော့မကောင်းတော့ဘူး။
ပျဉ်ချပ်တွေကကွာလိုက်၊ပြန်ရိုက်လိုက်။ ခြေထောက်တွေက ယိုင်လာလိုက်၊ ဒေါက်ကလေးခံထားလိုက်နဲ့
ဟိုပြင်သည်ပြင်နဲ့ပဲ သက်တမ်းရှည်နေတဲ့စားပွဲပေါ့။ အဲဒီစားပွဲ ကို ကျမ ဆိုင်ကဝယ်ခဲ့တာမဟုတ်ပါဘူး။
သူ့မှာ နဂိုက ပိုင်ဆိုင်တဲ့ပိုင်ရှင်ရှိပါတယ်။
သမိုင်းဆိုတာ လူတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ အရာဝတ္ထုတွေမှာလည်း ရှိတာပါပဲ။
ဒီစားပွဲ ဘယ်လောက်ဟောင်းဟောင်း၊ လူမြင်မကောင်းလည်း ၊တခြားစားပွဲရှိလည်း၊
ဒီစားပွဲလေးကို လွှင့်မပစ်နိုင်ဘဲ ဆက်ပြီးသုံးနေခဲ့တာ အဲဒီစားပွဲရဲ့ မူလပိုင်ရှင်တွေကြောင့်ပါ။
သူတို့ဟာ ဒီစားပွဲရဲ့သမိုင်းမှာ အဓိကကျတဲ့သူတွေပေါ့။ ကျမ ရှစ်တန်းနှစ်တုံးက လမ်းထဲကို
အသက် လေးဆယ်ဝန်းကျင်လောက် ဇနီးမောင်နှံနှစ်ယောက်ပြောင်းလာတယ်။ သူတို့မှာ သားသမီးလည်း
မထွန်းကားဘူး။ သိပ်မကြာပါဘူး။ သူတို့ လင်မယားနှစ်ယောက် ဦးစီးပြီး ၈ ၊ ၉, ၁၀ တန်းထိသင်တဲ့
သင်္ချာ၊အင်္ဂလိပ်စာ ကျူရှင်တခု ဖွင့်လိုက်တယ်။
ကျမ မိဘတွေကလည်း ကျမကို နီးနီးနားနား အဲဒီမှာပဲထားပါတယ်။ ယောက်ကျားလုပ်သူက ကျူရှင်မှာ
အင်္ဂလိပ်စာသင်တယ်။ ဇနီးကတော့ အစိုးရ ကျောင်းတကျောင်းက အလယ်တန်းပြဆရာမ ပါ။
တခြားဆရာတွေကိုလည်း ကျူရှင်အတွက် ထပ်ငှါးပြီး သင်ကြပါတယ်။ ဆရာတွေ အသင်အပြကောင်းကြလို့
ကျူရှင်လေးက အသင့်အတင့်လူများပြီး အောင်မြင်ခဲ့ပါတယ်။
ဆရာရော၊ဆရာမရော နှစ်ယောက်လုံးကအင်မတန်သဘောကောင်းကြပါတယ်။ ကျမကိုလည်း
သမီးအရင်းတစ်ယောက်လိုချစ်ပြီး၊ လူလာတိုင်း သူတို့မွေးစားသမီးလို့ မိတ်ဆက်တတ်ပါတယ်။
အမေတို့ဆီကိုလည်း ကျမကိုအမွေစားအမွေခံ မွေးစားမယ့်အကြောင်း မကြာခဏတောင်းတတ်ပါတယ်။
ညနေဘက်ကျူရှင်တက်ပြီးရင်ဆို ထမင်းကိုသူတို့အိမ်မှာပဲ အတင်းစားခိုင်းပြီးမှ ပြန်လွှတ်ပါတယ်။
ဒီလိုနဲ့ပဲ ခင်မင်မှုသက်တမ်းတွေ ကြာလာခဲ့ကြတယ်။ ဆရာမက လက်ဖွာတယ်။ အသုံးကြမ်းတယ်။
အလှူမကြာခဏလုပ်တယ်။ လှူရင်လည်း ချိန်ဆပြီးလှူတာမျိုးမဟုတ်ဘူး။ လောဘတကြီးလှူပြီး
မကုန်နိုင်မခမ်းနိုင်ဖြစ်ရင် တစ်ရပ်ကွက်လုံး မီးခိုးတိတ် လျှောက်ဝေတတ်သူပါ။
၈၈ အရေးအခင်းမဖြစ်ခင်လေးမှာတော့ ဆရာမက သူ့ကျောင်းကထွက်လိုက်ပါတယ်။
ပြီးတော့ သူ့အလုပ်သစ်ကို စလုပ်ပါတယ်။အလုပ်သစ်က ဘာလဲဆို နိုင်ငံခြားကို လူပို့တဲ့အလုပ်ပါ။
အဲဒီခေတ်အခြေအနေတုံးက နိုင်ငံခြားကိုလူပို့တယ်ဆိုရင် အပွိုင့်မင့် ခေါ်တဲ့အလုပ်ခန့်စာအတုလုပ်၊
ခေါ်စာအတုတွေလုပ်ပြီး ပတ်စ်ပို့လျှောက်ပြီး နိုင်ငံခြားထွက်ရတာမျိုးပေါ့။ ဒီခေတ်ဆိုရင်တော့
ဒါဟာလုပ်လေ့လုပ်ထရှိတဲ့ အလုပ်ဆိုတာ၊ အားလုံးသိပြီးသားပဲ။
ဒါပေမဲ့ ဟိုးလွန်ခဲ့တဲ့အနှစ် သုံးဆယ်ကျော်တုံးကတော့ ဘယ်သိကြမှာတုံး။ အဲဒီခန့်စာတွေ၊ခေါ်စာတွေကို
အစစ်မှတ်နေကြတာကလား။ ဆရာမကလည်း အဲဒါတွေကိုအစစ်ပါပြောပြီး ထိုင်းကိုချည်းပို့တာပဲ။
ထိုင်းမှာ အိမ်ခန်းငှါးစားတဲ့ သူတစ်ယောက်နဲ့ချိတ်ဆက်ပြီး ဘန်ကောက်လေဆိပ်ကို လာကြိုခိုင်းတယ်။
ဒီကသွားတဲ့သူတွေကတော့ အလုပ်ကအဆင်သင့်ပဲထင်ပြီး မျှော်လင့်ချက်အကြီးကြီးတွေနဲ့သွားကြ။
ဒါပေမဲ့ ဟိုရောက်တော့ အလုပ်ကတကယ်မရှိ။ အိမ်ခန်းမှာအငှါးနေရပြီး ထမင်းစားရိတ်ကုန်၊ အခန်းခကုန် နဲ့။
အိမ်ကိုလွမ်းတာက တမျိုး၊ အလုပ်မရှိတာကတမျိုး၊ လူ ငါးယောက်သာဆန့်တဲ့အခန်းထဲ လူ ၁၅ ယောက်လောက်
စုပြုံနေရတာတမျိုးနဲ့ စိတ်ဓါတ်တွေကျ။ နောက်ပြီး ဗီဇာသက်တမ်းကပြည့်ခါနီးပြီ ၊အလုပ်ကမရသေး။
ပြောတော့ စင်ကာပူပါ၊ဩစီပါပြောပြီး ဘယ်မှ မသွားရဘဲ ထိုင်းမှာပဲသောင်တင်။
ပိုက်ဆံတတ်နိုင်တဲ့သူက နောက်ပိုက်ဆံကို ဟွန်ဒီနဲ့လွှဲ။ မတတ်နိုင်တဲ့သူတွေက
အကြွေးတွေတင်ပြီး မျက်ရည်မျက်ခွက် ပြန်လာရ။ အဲ့တုံးက ရွှေတစ်ကျပ်သား
တစ်သောင်းဝန်းကျင်လောက်မှာ သူ့ကိုပွဲစားခ သုံးသောင်းပေးရတယ်။ ဟိုမှာ အိတ်ဆောင်ထည့်တာနဲ့ ဘာနဲ့၊
ငွေက အနည်းဆုံး တစ်သိန်းကျော်လောက်ကုန်တာ။ ဝက်သားပေါင်သား အစိတ်သားကို
ငါးကျပ်ပေးရတဲ့အချိန်၊ ငရုပ်သီးစိမ်းတစ်ပုံ ဆယ်ပြားပေးရတဲ့အချိန်မှာ ငွေ တစ်သိန်းဆိုတာ တော်ရုံအိမ်အဖို့
ဖြူကာပြာကာ ကျမတတ်ဖြစ်တော့တာပဲ။
ရှိတာလေးတွေ ရောင်း၊ ပေါင် ၊အတိုးနဲ့ချေးငှါး သွားရတဲ့သူတွေ ဘဝပျက်တော့တာပေါ့။ ဆရာမကတော့
အဲဒီကရတဲ့ငွေတွေနဲ့ ရွှေတွေဝယ်လိုက်၊ အလှူတွေလုပ်လိုက် နဲ့ သူများမျက်ရည်တွေကို
ဘာတာဝန်ခံမှု၊တာဝန်ယူမှု မှ မရှိဘူး။ သူ့အိမ်ရှေ့က လာဆဲလည်း ဂရုမစိုက်ပေါင်။ ကျမက ပထမတော့ နားမလည်ဘူး။
နောက်မှ တဖြည်းဖြည်းနားလည်လာတဲ့အခါ ဆရာမကိုလန့်လာတယ်။
ကိုယ်က အဲဒီအချိန်မှာ သမီးကြီးကိုမွေးပြီးလို့ ကလေးက နှစ်နှစ်လောက်ရှိပြီ။ သူ့မှာ ကျမက မွေးတဲ့
သမီးလေးကိုလည်း ချစ်ရတာ။ ကလေးမွေးနေ့ဆို ပေးလိုက်တဲ့ လက်ဆောင်တွေ။ ဒါပေမဲ့
အဲဒီလက်ဆောင်တွေကိုကြည့်ပြီး၊ ကျမ လန့်လာတယ်။ အဝတ်အစားနွမ်းနွမ်းလေးတွေဝတ်ပြီး
သူတို့ပိုက်ဆံလေးတွေပြန်ပေးဖို့ အသနားခံပြီး လာတောင်းတဲ့သူတွေ၊ ဒေါသတကြီး အော်ဟစ်ဆဲကြတဲ့သူတွေ၊
စိတ်ဓါတ်အကြီးအကျယ်ကျပြီး ဘဝပါပျက်သွားတဲ့ မိသားစုတွေ ၊ မကြာခဏမြင်လာရတဲ့အခါ
ကျမ သူ့ကို တဖြည်းဖြည်းကြောက်လာတယ်။
ကျောင်းဆရာမဟောင်း၊ ကျူရှင်ထောင်သူ၊ ပညာရေးပတ်ဝန်းကျင်မှာ ကျင်လည်နေပြီး သိက္ခာတရားနဲ့နေရမဲ့သူက
သိက္ခာတရား တစ်စက်ကလေးမှ မရှိတဲ့အလုပ် တွေလုပ်နေတာဟာ ကျမ အတွက်သူ့ကိုကြည့်ရင်း
ခြောက်ခြားလာတယ်။ သူ ပေးတာ၊ကျွေးတာတွေ စားဖို့ဆိုတာလန့်လာတယ်။
သူက သူ့ဆီ အလုပ်အပ်တဲ့သူလာရင် ကျမ ကိုလာခေါ်ပြီ။
ပြီးရင် ကျမ ကို ပုဏ္ဏားတိုင်ထားပြီး လက်ညှိုးလေးညွှန်ကာ၊ညွှန်ကာနဲ့ ဒါ စာရေးဆရာ ဦးအောင်သင်းသမီးလေ။
မော်မော်သင်း တဲ့။ မယုံရင် မော်မော်သာမေးကြည့်ပါ။ ကျမနဲ့အလုပ်လုပ်ရင်အဆင်ပြေတဲ့သူတွေချည်းပဲ။
ဟုတ်တယ်မဟုတ်လား မော်မော်။ ကျမ မှာခေါင်းလည်းမညှိတ်ရဲ။ ထောက်လည်း မထောက်ခံရဲ။
သူ့ကိုပြောင်ထားပြီးလည်း ဒါဟာ ညာနေတာလို့မပြောရဲ။ (အဲဒီအချိန်တုံးက ငယ်သေးတဲ့အချိန်၊
အားနာတာလည်းပါတယ်။ ဘာကိုကြောက်မှန်းမသိ၊ ကြောက်တာလည်းပါတယ်)။
ဒါ့ကြောင့် ပြတ်ပြတ်သားသားမပြောနိုင်ခဲ့တဲ့ တချိန်ရှိခဲ့ဘူးတယ်။ ဒါ ပေ မယ့် ဒါဟာ ခဏပါပဲ။
လူဆိုတာ ကိုယ့်တစ်ယောက်တည်းအပေါ်ကောင်းရုံမျှနဲ့ လူကောင်းလို့ဆိုနိုင်ပါ့မလား။ အားလုံးအပေါ်ကောင်းမှ
လူကောင်းစစ်စစ်လို့ ခေါ်နိုင်တာမဟုတ်လား။ မဟုတ်တာလုပ်တာကို သပ်သပ်လေးတောင်မကြိုက်တဲ့
ကျမ စဉ်းစားရပြီ။ နောက်တော့ အလုပ်အပ်တဲ့ သူလာလို့ ကျမ ကို သူလာခေါ်တိုင်း၊ ကျမ ဟာ
သူထိုင်တဲ့ ထိုင်ခုံ နောက်မှာပဲနေရာ ယူပါတော့တယ်။ သူ့ရဲ့နောက်ကျော ဖြစ်ပြီး အလုပ်အပ်တဲ့သူနဲ့
ကျမ မျက်နှာချင်းဆိုင်ပေါ့။ သူက ရှေ့က စကားကို လေတစ်လုံး မိုးတစ်လုံး ပြောနေချိန်တိုင်း၊
ကျမ ဟာ သူ့နောက်ကျောကနေ မျက်ရိပ်မျက်ကဲနဲ့ ပြလိုက်၊ ခေါင်းရမ်းပြလိုက်၊ အသံမထွက်ပဲပါးစပ်လှုပ်ရုံနဲ့
မလုပ်နဲ့၊မလုပ်နဲ့ ပြောလိုက်။ လက်နှစ်ဖက်ကို cross လုပ်ပြလိုက်။ သူ့ client တွေဟာ ကျမ ဘာဆိုလိုလဲဆိုတာ အားလုံးသိကြပါတယ်။
စကားကို ကြည့်ကောင်းအောင်ပြောပြီး၊ အလုပ်မအပ်ကြတော့ပါဘူး။ အဲ့တုံးက ကျမ ဟာ
သူ့နောက်ကျောကို ဒါးနဲ့ထိုးတဲ့ အနီးဆုံးလူဖြစ်ခဲ့တာပါပဲ။ စိတ် တကယ်မကောင်းပါဘူး။
ဒါပေမဲ့ ခုထိ နောင်တလည်းမရဖူးဘူး။ သူကတော့ နောင် သိလေလား၊ မသိလေလားမသိဘူး။
သူ့နာမည်ပျက်ကြောင့် နိုင်ငံခြားလူပို့တဲ့လုပ်ငန်း ပျက်သွားပါတော့တယ်။ ဒါပေမဲ့ လိမ်လည်ခြင်းဟာငွေကို
အလွယ်ဆုံးနည်းနဲ့ရတာပဲလို့ သဘောပေါက်သွားတဲ့ ဆရာမဟာ သူ့စားကျက်ကို နောက်တစ်လိုင်း ပြောင်းလိုက်ပြန်ပါတယ်။
*****""*********************
စားပွဲ (၂ )
========
၈၈ အရေးအခင်းပြီးကာစလောက်မှာ သိကြတဲ့အတိုင်း ဒဂုံမြို့သစ်တို့၊ ဝေဘာဂီတို့လိုနေရာတွေမှာ
အကွက်သစ်တွေဖေါ်ပြီး ဆရာ/ ဆရာမတွေ၊ ဝန်ထမ်းတွေကို မြေကွက်တွေ ပေးတဲ့ ခေတ်ရှိခဲ့ဘူးတယ်။
ဟိုးအရင် တော်လှန်ရေးကောင်စီတက်ခါစလောက်က တောင်ဥက္ကလာ၊ မြောက်ဥက္ကလာတို့ကို အကွက်သစ်ဖေါ်ပြီး
အိမ်တွေရွှေ့ခိုင်းတော့ လူတွေမှာ ပစ္စန္တရာဇ် ရောက်ပါပြီဆိုပြီး စိတ်ဆင်းရဲခဲ့ကြဘူးတယ်။ စိတ်ဆင်းရဲနေတဲ့ကြားကပဲ
ရယ်စရာလေးတစ်ခု အဖေ ပြောခဲ့ဘူးတာလေး ပြန်ပြောပြလိုက်ဦးမယ်။
အဖေက အဲ့ဒီအချိန်က ရန်ကုန်တက္ကသိုလ်မှာ တက်နေတဲ့အချိန်။ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေကအစ
ဥက္ကလာတွေကိုရွှေ့ကြရတော့ လူတွေလည် းစိတ်ညစ်ကြ၊ ငိုကြပေါ့။ တစ်နေရာမှာတော့ သွားရင်းလာရင်းတွေ့တာ။
ဘုန်းကြီးကျောင်းပါ ပြောင်းရမဲ့အထဲပါတော့ ဘုန်းကြီးတွေခင်မြာ သင်းပိုင်လေးတွေကို
ခါးထောင်း မြှောင်အောင်ကျိုက်ပြီး မူလကျောင်းအဟောင်းကို ထု ရိုက် ဖျက်ပြီးသယ်ကြရတာပေါ့။
အဲဒီ ကျောင်းဖျက်နေတဲ့ နေရာမှာ အဖေက ဘာတွေ့လည်းဆိုတော့ ကျောက်သင်ပုန်းအကြီးကြီးမှာ
စာလုံးကြီးနဲ့ ရေးပြီး ထောင်ထားတာ။
လာမမေးနှင့်။ စိတ်တိုနေသည်။
ဥက္ကလာပ ပြောင်းရမည်။
ပုံ ကျောင်းထိုင်။ တဲ့။
အခုလည်းအဲဒီလိုပေါ့။ ပညာရေးဝန်ထမ်းတွေ၊တခြားဌာနတွေက လုပ်သက် ၁၅ နှစ်အထက်ဝန်ထမ်းတွေကို
အခုမှ ဖေါ်ခါစ၊ လယ်မြေအကွက်တွေမှာပေးတော့ ဝန်ထမ်းတွေ ခင်မြာလည်း ယူသာယူထားရ၊
အိမ်လည်းမဆောက်နိုင်၊ မြွေပါးကင်းပါးတွေနဲ့ ရွှံတွေ ပလပျစ်နဲ့ သွားလည်းမနေနိုင်။
ဘတ်စ်ကားလိုင်းတော့ လုပ်ပေးပါရဲ့၊ တနာရီတောင်တစ်စီး ဖျစ်ဖျစ်မြည်အောင်လာတဲ့ ဘိုက်ပူ ဘတ်စ်ကားကြီးတွေနဲ့၊
ရုံးမမှီ၊ကျောင်းမမှီဆိုတော့ မြေကွက်သာရထားတယ်။ ဘာအိမ်မှသွားမဆောက်သလို နေလည်းမနေကြဘူး။
ဒါပေမဲ့ အဲဒီလို နေရင်းကပဲ ဘယ်သူကအမိန့်ထုတ်လိုက်တယ်မသိဘူး။ ရ ထား တဲ့မြေကွက်တွေမှာ အိမ်မဆောက်ရင်
မြေကိုပြန်သိမ်းမယ် ဆိုတဲ့အမိန့်ထွက်လာတယ်။ အဲဒီအမိန့်ဟာ အင်မတန်နွမ်းပါးရှာတဲ့ဝန်ထမ်းတွေအတွက်
ငှက်ဆိုးထိုးသံဖြစ်သလောက်၊ ဆရာမအတွက်ကတော့ ကရဝိတ်သံကြိုးကြာသံပေါ့။
တချို့ဌာနဆိုင်ရာတွေနဲ့ ဘယ်လိုပေါင်းပြီး ကြံလိုက်တယ်မသိဘူး။ အခုနက မြေလေးတွေမှာ
တန်ဖိုးသင့်အိမ် ဆောက်ဖို့ ကန်ထရိုက်ရသွားလေရဲ့။ လူက ဥပဓိရုပ်ကလည်းကောင်း၊ အပြောကလည်း
ကျအောင်ပြောတတ်တဲ့အခါ မြေကွက်ရထားတဲ့ ဝန်ထမ်းတွေခင်မြာ သူ့ကိုကယ်တင်ရှင်ကြီးထင်ပြီး၊
ရှိမဲ့ရှိစုလေးတွေ ရောင်းပေါင်ပြီး အိမ်ဆောက်ဖို့ပိုက်ဆံတွေ သူ့လက်ထဲထည့်ကြပြန်ရော။
ဒါပေမဲ့ အချိန်တွေသာကြာသွားတယ်။ တိုင်အရိုးတွေ ထောင်ထားတာကလွဲပြီး ဘာမှဖြစ်မလာပြန်ဘူး။ သူကတော့
ရွှေလက်ကောက်တွေ တတောင်ဆစ်လောက်နဲ့။ ပရိုက်ဗိတ်တက်ဆီ တဝီဝီနဲ့။ အရင်တုံးကခေတ်စားတဲ့
P.S လက်ကိုင်အိတ်ကြီးနဲ့။ ရှိတာလေး အကုန်အောပေးလိုက်ရတဲ့ဝန်ထမ်းတွေခင်မြာ၊
ကြေငြာချက်ကတမျိုး၊ သူလိမ်ထားတဲ့ပိုက်ဆံတွေကတမျိုးနဲ့ စိတ်တွေဆင်းရဲကြတာ။
ရပ်ကွက်ကောင်စီလူကြီးအိမ်မှာ၊ ကောင်စီရုံးမှာတစ်နေ့ တစ်နေ့ လူပြတ်တယ်ကိုမရှိဘူး။ ဒီကြားထဲမှာ ပြောဖို့ကျန်ခဲ့တာ
သူနဲ့ကျမ ဆက်ဆံရေး။ နိုင်ငံခြားပို့တဲ့ကိစ္စမှာ ကျမ စနက်ပါမှန်းရိပ်မိတယ်ထင်ပါရဲ့။ ကျမ ကို သိပ်ဟက်ဟက်ပက်ပက်
မရှိတော့ဘူး။ ကျမကလည်း ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ သူ့ကိုကြည်ညိုလို့မရတော့ဘူး။
ဒါပေမဲ့ သူ့အပေါ်ထားတဲ့ သံယောဇဉ်ကိုဖြတ်မရဘူး။ သူနဲ့တွေ့လို့နှုတ်ဆက်တိုင်း ရင်ထဲမကောင်းခြင်းကသပ်သပ်၊
လှိုက်လှဲခြင်းကသပ်သပ် ဖြစ်နေတုန်း။ သူက ဆွမ်းကပ်ချင်လို့ မော်မော်ရေ၊ လူငါးဆယ်စာလောက်ချက်ပေးပါဦး၊
ပြောရင်လည်း ဈေးသွားတာကအစ၊ ဘုန်းကြီးကပ်တာအထိ ကူပေး၊ချက်ပေးတုံး။ အသက် ၁၅ နှစ်လောက်စ ပြီး
တစ်စားပွဲတည်း ထမင်းအတူတူစားခဲ့တယ်။ ကျမမွေးနေ့တိုင်းလက်ဆောင်တွေပေး၊ မင်္ဂလာဆောင်တော့လည်း
လိုလေသေးမရှိ ကူညီခဲ့သူ။ ကျမ စိတ်ညစ်လို့ရင်ဖွင့်တိုင်း မညည်းမငြူ နားထောင်ပြီး နှစ်သိမ့်တတ်သူ။
အဲဒီလို့ ရင်းနှီးတဲ့သူကို ကျမ သစ္စာဖေါက်မိတယ်။ သူများမျက်ရည်တွေထပ်မကျအောင် ကျမ တားလိုက်နိုင်ပေမဲ့
ကျမ ဟာသူ့အတွက်တော့ မိတ်ဆွေကောင်းမဟုတ်ခဲ့ဘူး။ တကယ်စိတ်မကောင်းဖြစ်မိလို့၊ သူ့ကိုမကြည်ညိုနိုင်၊
မကြိုက်နိုင်တာ ဖြစ်နေတာတောင် သူတောင်းတဲ့အကူအညီကို ကျမ လိုက်လျောမိတုံးပဲ။ လိုက်လျောနေရင်းကပဲ
တစ်နေ့တစ်နေ့ ကောင်စီရုံးက ပြသနာတွေကြားတိုင်း သူ့အစားရှက်တာရော၊ အထင်သေးတာရော ခံစားနေရတုံးပဲ။
သူကတော့ ကျမ နေရာအစားထိုး အမျိုးသမီးနှစ်ယောက်နဲ့။ သူပြောတိုင်း ဝါးတားဖေါလိုး၊ ဖစ်ရှ်ဖေါလိုးလုပ်ပြီး
သူ့အကြိုက်ဆောင်၊ သူလုပ်သမျှမြှောက်ပေးပြီး သူ့ဆီက ရတတ်သလောက် စားနေတဲ့သူတွေပေါ့။
အဲဒီအချိန်မှာ သူ့ခင်ပွန်းသည်ဆရာကတော့ အရက်ကိုတော်တော်စွဲစွဲမြဲမြဲ သောက်နေပြီ။ သူလည်သလောက်၊
သဘောကောင်းပြီး ရိုးတဲ့ ဆရာဟာ နေ့တိုင်းအရှက်ကွဲရတဲ့ဒဏ်ကို မခံစားနိုင်တော့ဘူးထင်ပါရဲ့။
အရက်ဝယ်တဲ့အချိန်ကလွဲလို့ အပြင်မထွက်တော့ပဲ ခေါင်းမထူနိုင်အောင် သောက်တော့တာပဲ။
ဒီတစ်ခါတော့ လည်လွန်းတဲ့ဘီး၊ ချေးသင့်သွားပါပြီ။ အားလုံးသောဝန်ထမ်းတွေ စုပြီး လက်မှတ်ထိုး
တရားစွဲလိုက်ကြတာ၊ သူ ဘယ်လိုမှရှောင်မရတော့ပဲ အချုပ်ထဲရောက်သွားပါတော့တယ်။
အမှုဖြစ်ပြီးအမိန့်ချတော့ ထောင်ကျသွားပါတယ်။ နှစ်အရေအတွက်တော့ သေချာမမှတ်မိဘူး။
သုံး လေး နှစ်လောက်ထင်ပါရဲ့။ ကျမမှာ သူနဲ့ပတ်သက်ပြီး ရှက်တာရော၊
ရင်နာတာရော၊ စိတ်မကောင်းတာရော ၊စိတ်ပျက်တာရော၊ ခံစားချက်တွေစုံလို့။ စိတ်မကောင်း အဖြစ်ဆုံးကတော့
သူ့ကို အမိန့်ချလိုက်တဲ့နေ့မှာ၊ လူကြုံနဲ့ မှာလိုက်တာ။ မော်မော့်ကို ပြောပေးပါ။ ဆရာ့ကိုစောင့်ရှောက်ပေးပါ၊ တဲ့။
++++++++++++++++++++++
စားပွဲ ( ၃ ) ဇာတ်သိမ်း
================
ဆရာမလည်းထောင်ကျ။ ဆရာ့ဘက်က တူမလေးတစ်ယောက်ကတော့ ဆရာမတစ်အိမ်လုံးနဲ့တကွ၊
ဆရာ့ကိုလည်း စောင့်ရှောက်ပါတယ်။ ငွေရေးကြေးရေးကတော့ ဘယ်လိုဖြစ်လဲမသိဘူး။ သူ့အမှုလိုက်ရတာတွေ
ထောင်ဝင်စာတွေနဲ့ အတော်ကုန်တယ်ထင်ပါရဲ့။ လက်ဝတ်လက်စားတွေလည်းမတွေ့တော့ဘူး။ တူမလေး ယူတာတော့
မဟုတ်လောက်ဘူး။ နောက်ပိုင်း စားဖို့သောက်ဖို့တောင်အခက်အခဲဖြစ်လာလို့၊ ဟိုကသည်က ချေးရငှါးရတာတွေ ရှိလာတယ်။
ဆရာမတူမလေးကလည်း ကျမနဲ့မတိမ်း မယိမ်း၊ သဘောကောင်းသူမို့ တစ်ဦးနဲ့တစ်ဦး ခင်မင်ကြပါတယ်။ တစ်ညတော့
အဲဒီတူမလေးရောက်လာတယ်။ မမော်ရေ ၊ဦးကြီးကအခေါ်ခိုင်းလို့။ ဆရာက ခေါ်ခိုင်းတယ်ဆိုလို့
ကျမ မြန်မြန်ပဲလိုက်သွားပါတယ်။ ဟိုရောက်တော့ ဆရာက သိပ်မမူးသေးဘူး။ ကျမ ကိုကြည့်နေတဲ့
မျက်လုံးလေးတွေက သိပ်သနားစရာကောင်းတာပဲ။ အင်္ဂလိပ်စာ အသင်ကောင်းတဲ့ဆရာ၊ ဥပတိရုပ်ခံ့ညားပြီး
သဘောကောင်းလှတဲ့ဆရာ၊ အမြဲတမ်းသပ်သပ်ရပ်ရပ် ဝတ်စားတတ်တဲ့ဆရာဟာ
နှမြောစရာကောင်းလောက်အောင် အိန္ဒြေပျက်ယွင်းသွားလိုက်တာ။
လာ၊သမီး။ ထိုင်။ ဆရာ သမီးကိုရောင်းစရာလေးရှိလို့။ ဟောဟိုက ထမင်းစား စားပွဲလေး သမီးဝယ်ပါ့လား။ တဲ့။
သူတို့ စပြောင်းလာကတည်းက ပါလာတဲ့ ထမင်းစားပွဲလေးကို ကျမ ကို ခေါ်ရောင်းနေတာ။ ဆရာတို့ဝယ်တုံးက
တစ်ရာ့အစိတ်ပေးရတယ်။ သမီးအခု ခုနှစ်ဆယ့်ငါးကျပ်ပဲပေးတော့။ ယူသွား။ တကယ်က သမီးကိုအမွေပေးချင်တာပါ။
ဒါပေမဲ့ ဆရာအခက်အခဲဖြစ်နေလို့။ သမီးဝယ်ပါ။ ကျမ မျက်ရည်ကျမိတယ်။
ဖြစ်ချင်တော့ အရေးအခင်းအတောတွင်း၊ ကျမမှာ ပိုက်ဆံက ၁၀၀ လောက်ပဲရှိတယ်။ အိမ်စရိတ်နဲ့ ။
ဆရာ့ကို သမီး ငါးဆယ်ပေးပါ့မယ်။ စားပွဲလည်းမယူပါဘူး။ ဆရာလိုရင် သမီးပေးပါ့မယ်။ လူဖြောင့်လူရိုးတွေရဲ့
မရှိမာနဟာ အရေးအကြောင်းမှာ ထွက်လာတာပဲ။ သူ့မိန်းမလုပ်သရွေ့ မတားနိုင်ခဲ့တဲ့ဆရာ၊ ရှက်တတ်တဲ့ဆရာ၊
ခုနက ကျမကိုကြည့်တဲ့ သနားစရာမျက်လုံးလေးတွေဟာ ချက်ချင်း
ဆတ်ကနည်းအရောင်ပြောင်းသွားတယ်။ မာနရောင်။
ဟေ့၊ ငါ ကလေးတွေဆီက ဘာတစ်ခုမှ အလကားမလိုချင်ဘူး။ နင့်မှာ ပိုက်ဆံမရှိရင်မဝယ်နဲ့။
ငါဒိပြင်လူကိုရောင်းမယ်။ ပိုက်ဆံတော့အလကားမယူဘူး။ ကျမ စားပွဲကို ၇၅ ကျပ်နဲ့ အိမ်ကိုသယ်ခဲ့ရပါတယ်။
အတိုချုံးပြီးပြောရရင်တော့ ဆရာဟာ ဆရာမ ထောင်ကမထွက်ခင်မှာပဲ အသည်းရောဂါနဲ့ဆုံးသွားရှာပါတယ်။
အစားကိုဘယ်လိုကျွေးကျွေး မစားတော့ဘဲ အရက်ချည်းသောက်နေတော့ လူက ဒဏ်မခံနိုင်တော့သလို၊
ဆေးမကုနိုင်တော့တာလည်း ပါပါတယ်။ ဆရာမ က ကျမကိုစောင့်ရှောက်ဖို့မှာပေမဲ့ တစ်လမှ ၁၈၅ ကျပ်ရတဲ့
မူလတန်းပြဆရာမလေးဟာ ၊ ဆရာ့အတွက် ဟင်းလေးတွေချက်ပို့တာကလွဲလို့ သေချာမစောင့်ရှောက်နိုင်ခဲ့ပါဘူး။
နောက်နှစ်တွေမှာတော့ ဆရာမ လွတ်လာပါတယ်။ သူများဆီက လိမ်တယ်ဆိုပေမဲ့ ပါးစပ်ကနေ စောက် ဆိုတာ
တစ်လုံးမထွက်ခဲ့ဘူးတဲ့ ဆရာမဟာ ထောင်ကထွက်လာပြီးချိန်မှာတော့ တော်တော်လေး ကြမ်းလာပါတယ်။
ကျမ ကအဲဒီအချိန်မှာ အမေတို့အိမ်ကနေ အိမ်ခွဲပြီး အလုံကိုပြောင်းသွားတော့ ဆရာမနဲ့သိပ်မတွေ့ဖြစ်တော့ဘူး။
တွေ့တဲ့အခါကျရင်လည်း တစ်ရာမျိုး၊နှစ်ရာမျိုးချေးတတ်တယ်။ ပြန်ပေးမယ်နော်လို့ ဘယ်လိုပြောပြော၊
ပြန်မရမှန်းသိနေပါတယ်။ ဒါပေမဲ့ သူချေးတိုင်း ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာဆိုပေးလိုက်တာပါပဲ။
အဆုံးသတ်မှာတော့ ဆရာမဟာလည်း သူ့ဘဝတလျှောက်လုံး ဘယ်သူကမှ ယုံကြည်ခြင်းမခံရတော့ဘဲ၊
ချို့ချို့တဲ့တဲ့နဲ့ပဲ ဆုံးသွားရှာပါတယ်။ သူတို့ရဲ့ ထမင်းစားပွဲလေးကတော့ဖြင့် ကျမ ဆီမှာ ခုထိရှိနေတုံးပါပဲ။
ကျမ သမီးလေးတစ်ယောက် ရတဲ့အချိန်က စ လို့ ကလေးတွေ၊မြေးတွေနဲ့ အိမ်ထောင်စုကြီး ဖြစ်လာသည်အထိ
တခြားကောင်းတဲ့စားပွဲ ရှိခဲ့ရင်တောင် အဲဒီစားပွဲလေးကိုပဲ သုံးခဲ့ပါတယ်။
ကျမ ဘဝအတွက် ချစ်နေရင်းက၊ ကြည်ညိုလို့ မရခဲ့တဲ့သူတစ်ယောက်ကို အမြဲအမှတ်ရနေဖို့ အဲဒီစားပွဲတစ်လုံးနဲ့ပဲ
လုံလောက်ပါတယ်။ ပြီးတော့ အဲဒီစားပွဲပေါ်မှာပြင်ထားပြီး စားခဲ့တဲ့ ထမင်းဝိုင်းတိုင်းမှာ သူများမျက်ရည်တွေ မပါဖို့
အင်မတန်သတိထားပြီး စားခဲ့ပါတယ်။ လူတိုင်း၊လူတိုင်း ဟာ နေ့တိုင်း နေ့တိုင်းမှာ အစားဆိုတာတော့
မဖြစ်မနေစားကြရတာပါပဲ။ ကြမ်းပေါ်ပဲချစားစား၊ ထမင်းစားပွဲဝိုင်းလေးနဲ့ပဲ ထိုင်စားစား၊ ပေါ်လစ်ရောင်ပြောင်နေတဲ့
ဆုံလည်စားပွဲကြီးနဲ့ပဲစားစား၊ ကိုယ်စားတဲ့ အစားအသောက်တိုင်းမှာ သူများရဲ့ အသည်းနှလုံးတွေ၊ မျက်ရည်တွေ ပါမနေရင်တော့ အကောင်းဆုံးပေါ့။
ကျမအဖို့တော့ အဲဒီစားပွဲလေးတစ်ခုကပဲ၊ သူများမျက်ရည်နဲ့ ထမင်းမစားသရွေ့ သူများက ကိုယ့်ကိုကြည်ညိုသလို၊
ကိုယ့်ကိုယ်ကိုလည်း ကြည်ညိုအောင် နေတတ်ဖို့ သင်ပေးခဲ့တယ်ထင်ပါရဲ့။
++++++++++++++++++++++++++
ပြီးပါပြီ။
Maw Maw Thin
မော်မော်သင်း
၁၈-၈-၂၂
Subscribe to:
Posts (Atom)
-
အောင်ခြင်းရှစ်ပါး ဂါထာ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။ နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။ ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂ...
-
ပွဲတိုင်းအောင် ဂါထာ(အမှတ်စဉ် ၈) ဒေဝါနံ နန္ဒနော ဒေဝေါ ဒေ၀ ဒေ၀ န နန္ဒိနော။ ဝေဒ ဒိနေန ဝေဒေန ဝေဒိ ဝေဒေန ဝေဒိနော။ ဧတေနသစ္စဝဇ္ဇေန ဟော တုမေ ဇယျ...
-
ကြာနီကန်ဆရာတော် ဦးဇဋိလ ၊ သာမညတောင်ဆရာတော် အမြဲရွတ်ဖတ် ပူဇော်တော်မူသော အောင်ခြင်းရှစ်ပါးဂါထာတော် ပါဠိ နိဿယ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စ...




